သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်ပြည်တဝန်း မြို့ကြီးတွေမှာ ၈ လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်ပွဲတွေ ဆင်နွှဲ


 ၈ လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်ပွဲ ရန်ကုန် (ဓါတ်ပုံ- The 88 Generation Peace and Open Society)
၈ လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်ပွဲ ရန်ကုန် (ဓါတ်ပုံ- The 88 Generation Peace and Open Society)

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရရှိပြီးတဲ့နောက်မှာ အကြီးမားဆုံးလူထုအုံကြွမူ အရေးတော်ပုံကြီးဖြစ်တဲ့ ၈လေးလုံးအရေးတော်ပုံကြီး ၂၈နှစ်ပြည့်တဲ့အခါမှ တိုင်းနဲ့ ပြည်နယ်အန့ှံမှာ လူထုလူတန်းစားပေါင်းစုံနဲ့ ၈လေလုံးမှာပါဝင်ခဲ့သူတွေ မျိုးဆက်သစ်တွေတက်ကြွလှုပ်ရှားသူတွေက အထိမ်းအမှတ်ပွဲတွေ ကိုကျင်းပခဲ့ကြပါတယ်။ မြန်မာ့သမိုင်းဖြစ်စဉ်အားလုံးဟာ ၈လေးလုံးအရေးတော်ပုံနဲ့ ဆက်စပ်ပေါ်ပေါက်လာတာဖြစ်လို့ သာမန် နေထူးနေမြတ်လို့မျိုးဆက်သစ်တွေ သိရုံလုပ်တာမျိုးနဲ့ မလုံလောက်ပဲ မြန်မာနိုင်ငံမှာအုပ်ချုပ်သူအစိုးရတွေက အသိမှတ်ပြုနိုင်ဖို့ လိုအပ်တယ်လို့ တက်ကြွလုှပ်ရှားသူတွေက ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

လွန်ခဲ့တဲ့ ၂၈နှစ်က မြန်မာနိုင်ငံမှာ လူထုအင်အားအကြီးမားဆုံးပါဝင်ခဲ့တဲ့ ၈လေးလုံးအရေးတော်ပုံကြီး ဖြစ်ခဲ့တာကြောင့် အရပ်သားအစိုးရလို့ ခေါ်တဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ နိုင်ငံတဝှမ်းလုံး အထိမ်းအမှတ်ပွဲတွေကိုကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် မန္တလေးမြို့မှာတော့ ၈လေးလုံးနေကို ကျင်းပခဲ့ကြပုံကို ၈လေးလုံး ငွေရတု ဆုံးဖြတ်ချက်အကောင်ထည်ဖော်ရေး ကော်မတီဝင် ၈၈ကျောင်းသားဟောင်း ကိုညီညီကျော်က အခုလိုပြောပြပါတယ်။

“၈လေးလုံးကတော့ နှစ်စဉ်ကျနော်တို့ ကျင်းပပြုလုပ်ရမယ့် ပွဲတခုလို့ ကျနော်တို့မြင်ပါတယ်။ ကျနော်တို့ မန္တလေးအနေနဲ့ဆိုရင် မြန်မာနိုင်ငံဒီမိုကရေစီနေ့လို့ သတ်မှတ်ပေါ်ပေါက်ဖို့တောင်မှ ကြိုးစားနေကြတာပါ။ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲနေမူအပေါ်မှာ ကျနော်တို့ ၈လေးလုံး ငွေရတုဆုံးဖြတ်ချက်တွေ ဘယ်လိုထက်ပြီးတော့တောင်မှ ပံ့ပိုးအကောာင်အထည်ဖော်နိုင်မလဲဆိုတဲ့ နိုင်ငံရေးဆွေးနွေး စကားဝိုင်းနဲ့အတူကျင်းပတာပါ။”

ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း အခမ်းအနားပွဲကို သပိတ်စခန်းဖွင်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းမှာလုပ်ခဲ့သလို ခရစ်ယာန်အာစီ ဘုရားရှစ်ခိုးကျောင်း မှာလည်း ဝတ်ပြုတောင်းတာတွေလုပ်ခဲ့ကြတာပါ။ ကရင်နီပြည်လူငယ်များသမဂ္ဂအတိုင်ပင်ခံ ကိုကျော်ထင်အောင်ကတော့ လွိုင်ကော်မှာ ၈လေးလုံးအရေးတော်ပုံပွဲကိုဘာကြောင့် ကျင်းပရသလဲဆိုတာ အခုလိုပြောပြပါတယ်။

“ပွင့်လင်းလာတဲ့ ကာလအနေအထား ၁ ရပ်အရကော ပြည်သူရွေးချယ်တဲ့အစိုးရတက်လာတဲ့အချိန်မှာ ဒီလိုအခင်းအကျင်း ၁ ရပ်ဖြစ်ပေါ်ဖို့အတွက်ကို ၈ လေးလုံးကာလမှာ အသက်ပေး၊ ချွေးပေးဆပ်ခဲ့ကြတဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့ကြသူတွေကို အသိအမှတ်ပြုအောက်မေ့မူတွေ၊ သူတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီနိုင်ငံတရပ်ပေါ်ထွန်းဖို့အရေးမှာ အခုလိုအပ်နေသေးတဲ့အချက်အလက်တွေ အပြည့်အ၀ ခံစားနိုင်ဖို့နဲ့ ဆက်လက်ကြိုးပမ်းရမယ့်အနေအထားနဲ့ လက်ရှိလုပ်ကောင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် နောက်မျိုးဆက်လူငယ်တွေလည်း ဒီအပေါ်မှာလည်း သိရှိပြီးတော့ အကုန်ကျေးဇူးတွေကို အသိအမှတ်ပြုဖို့ရော လက်ဆင့်ကမ်း သမိုင်းပေးတာဝန်ကို ဆက်ပြီးတော့ ထမ်းဆောင်နိုင်ဖို့အတွက်ကို ဒါ အသိအမှတ်ပြုလုပ်ကိုင်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျ။”

အလားတူ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် တွေမှာ နေရာအတော်များများလူထုလူတန်းစားပေါင်းစုံက ၈လေးလုံးအရေးတော်ပုံ အောက်မေ့ခြင်းအထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ကြပါတယ်။ ပြီးခဲတဲ့ အာဇာနည်နေ့တုန်းကတော့ လက်ရှိအစိုးရနဲ့ အတူ တိုင်းနဲ့ ပြည်နယ်အန့ှံမှာလူထုလူတန်းစားပေါင်းစုံက အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ပေမယ့် လူထုလူတန်းစားပေါင်းစုံပါဝင်ပြီး အသက်ဆုံးရှုံးမူတွေဖြစ်ခဲ့ရတဲ့ ၈လေလုံးအရေးတော်ပုံ အထိမ်းအမှတ်ပွဲကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲဝင်တွေက ဒီပွဲကိုပူပေါင်းပြီး တက်ရောက်တာတွေရှိပေမယ့် အစိုးရအနေနဲ့ ဦးစီးကျင်းပတာမျုးိတွေ လုပ်တာသိပ်မရှိပါဘူး ။

၈လေးလုံးလူထုအရေးတော်ပုံကြီးဖြစ်ပေါ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရေးမှာ သမိုင်းဆိုင်ရာအထောက်အထားတွေ ပြောင်းလဲမူတွေဖြစ်ပေါ်ခဲ့ရသလို လက်ရှိ မြန်မာနိုင်ငံရေးဖြစ်စဉ်တွေ တိုင်းရင်းသားရေးရာတွေနဲ့ လည်း ဆက်စပ်နေတာကြောင့် သာမန် နေ့ထူး နေ့မြတ်ရက် တရက်မဟုတ်သလို နောင်မျိုးဆက်သိနားလည်ရုံ အထိမ်းအမှတ် လုပ်တာနဲ့တောင်မလုံလောက်ဘူးလို့၈၈ကျောင်းသားဟောင်း ကိုညီညီကျော် ကဆိုပါတယ်။

“၈လေးလုံးဟာ သာမန်အထိမ်းအမှတ်နေ့ ၁ ခု မဟုတ်ပါဘူး။ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ ၊ တိုးတက်မူတွေ နိုင်ငံရေးမှာ ဖြစ်ပေါ်လာမယ့် ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံ ၊ နောက် ပြည်တွင်းစစ်ရပ်စဲရေး ၊ အမျိုးသားရင်ကြားစေ့ရေး ဒါတွေအားလုံးဟာ တကယ်တော့ ၈လေးလုံး အရေးတော်ပုံကြီးကနေ ပေါ်ပေါက်လာတာပါ။ ပြောရရင်အရပ်သားအစိုးရ လူထုခေါင်းဆောင်ဟာလည်း ဒီ ၈လေးလုံးအရေးတော်ပုံကြီးကနေ ပေါ်ပေါက်လာတာပဲဖြစ်တယ်။ အဲဒီတော့ နောင်လာနောက်သားသိဖို့ဆိုတာထက် ကျနော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်မှာ လူထုပါဝင်မှုအခန်း ကဏ္ဍမှာ အမြင့်ဆုံးလို့ပြောလို့ရမယ့် ဒီ ၈လေးလုံးအရေးတော်ပုံကြီးကတော့ အင်မတန် အသိအမှတ်ပြုထိုက်တဲ့ အနေအထားတခုလို့မြင်ပါတယ်။ သာမန်ရက် ၁ ရက်မဟုတ်သလို ၊ နောင်လာနောက်သား သိဖို့ဆိုတဲ့အနေအထားနဲ့ မလုံလောက် ဘူးလို့မြင်ပါတယ်။”

တကယ်တော့ ၈လေးလုံးအရေးတော်ပုံကြီးဟာ ၂၈ နှစ်တာရှိသွားပေမယ့် ဒီအရေးတော်ပုံကြီးမှာ အသက်ပေးသွားခဲ့သူတွေ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်လို့မှတ်တမ်းမှတ်ရာတွေကို ဘယ်အစိုးရလက်ထက်မှာမှ တရားဝင်ထုတ်ပြန်တာတွေ မရှိသေးသလို သမိုင်းဆိုင်ရာအထောက်အထားအချက်အလက်တွေကိုတိတိကျကျ စုဆောင်းတာမျိုးတွေ မရှိသေးပါဘူး ။ ဒီ့အတွက် သေဆုံးပျောက်ဆုံး စာရင်းတွေလည်းအတိအကျထွက်ပေါ်လာတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၁၀စုနှစ် ၂ခုကျော် ကတော့ ၈လေးလုံးအရေးတော်ပုံပွဲတွေကိုတိတ်ဆိတ် ငြိမ်သက်စွာနဲ့ လျိုဝှက်ကျင်းပခဲ့ကြရပြိး ဒီအထိမ်းအမှတ်ပွဲတွေလုပ်တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ တွေဟာလည်း နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူထောင်ချတာခံခဲ့ရသလို အလုပ်ဖြုတ်ခံရတာတွေ လည်းရှိခဲ့ပါတယ်။

အခု မကြာခင်ကမှ တက်လာတဲ့ဒီမိုကရေစီအစိုးရလက်ထက်မှာ ၈လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် လွတ်လပ်ပွင့်လင်းစွာကျင်းပခဲ့ကြတာဖြစ်ပါတယ် ။ ၈လေးလုံးအရေးတော်ပုံဟာမြန်မာသမိုင်းမှာ ထူးခြားတဲ့ လူထုလူတန်းစား ပေါင်းစုံပါဝင်တဲ့အရေးတော်ပုံဖြစ်ခဲ့ပြီး လက်ရှိအစိုးရသစ်ဟာလည်း ဒီအရေးတော်ပုံနဲ့ ဆက်စပ်ပြီး ပေါ်ပေါက်လာတဲ့အစိုးရဖြစ်တယ်ဆိုပြီး နိုင်ငံတကာက အသိမှတ်ပြုခဲ့သလို့ တက်ကြွလှုပ်ရှားသူတွေ ကလည်း ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG