သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နှစ် ၃၀ ပြည့် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲ စတင်ကျင်းပ


ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု နှစ် ၃၀ ပြည့်အထိမ်းအမှတ်အတွက် အကြို နိုင်ငံရေးဆွေးနွေးပွဲတွေ ရန်ကုန်တက္ကသိုလ်အတွင်းမှာ စတင် ကျင်းပနေပါတယ်။ နှစ်သုံးဆယ်ပြည့်မှာ ဒီမိုကရေစီအခွင့်အရေးတချို့ ရလာခဲ့တာကို တိုးတက်မှုတခုအဖြစ် ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက သုံးသပ်ပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်အခြေအနေဟာ လမ်းခုလတ်မှာပဲ ရှိနေသေးပြီး လွန်ခဲ့တဲ့ နှစ် ၃၀ က ရည်မှန်းချက်တွေ ပြည့်မှီဖို့ဆိုရင် လုပ်ဆောင်စရာတွေ အများကြီးရှိနေသေးတယ်လို့ ပြောဆိုပါတယ်။ ကိုစည်သူက သတင်းပေးပို့ပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေး လှုပ်ရှားမှု နှစ် ၃၀ ပြည့် အခမ်းအနားကို ဒီကနေ့ ရန်ကုန် တက္ကသိုလ်ထဲမှာ ကျင်းပခွင့်ရတဲ့အတွက် ဒီနှစ်ဟာ ထူးခြားတဲ့ နှစ်အဖြစ် ကျောင်းသားဟောင်းတွေက သတ်မှတ်ထားကြတာပါ။ ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့က စပြီးတော့ ပြပွဲတွေ၊ ဖျော်ဖြေပွဲတွေအပြင် ၈၈ အရေးအခင်းကာလကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေလည်း စတင်ကျင်းပနေပါတယ်။ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းကတော့ နှစ် ၃၀ ပြည့်ခဲ့ပေမယ့် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်စရာတွေ အများကြီးရှိနေတယ်လို့ အခုလို ပြောပါတယ်။

“ဒီ ရှစ်လေးလုံး အခမ်းအနားမှာ တောင်းဆိုချင်တာက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ကျနော်တို့ ပါတီစုံ ဒီမိုကရေစီ ထွန်းကားရေးပေါ့။ ဒါတွေကို ဒီနေရာမှာ ပြီးပြည့်စုံပြီလား၊ ပြီးမြောက်ပြီလား ပြောဖို့ဆိုရင်တော့ မပြီးမြောက်သေးပါဘူး။ အဲဒါအတွက် ဒါကို မပြီးမြောက်သေးဘူးဆိုတော့ အခုချိန်မှာ ပြောမယ်ဆိုရင်တော့ ပါတီစုံ ဒီမိုကရေစီစနစ်တော့ ဖော်ဆောင်နေပါပြီတဲ့။ နောက်ပြီးတော့ ဒီမိုကရေစီအခွင့်အရေးတွေ။ ဒီအခွင့်အရေးတွေတော့ ထိုက်သင့်တဲ့အခြေအနေတွေအထိတော့ ရရှိနေပါပြီ။ ဒါပေမယ့် ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်း ဒီ ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေးတော့ မရရှိသေးပါဘူး။ ဒါတွေကို ဘယ်လို ရှေ့ဆက်ဖော်ဆောင်ဖို့ လိုအပ်သလဲဆိုရင်တော့ အားလုံးသိတဲ့အတိုင်းပဲ။ ဒီနှစ်ကာလမှာ ဒီတိုင်းပြည်မှာ ရှိတဲ့ နိုင်ငံရေးပြဿနာတွေကို ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့မှ အဖြေရှာနိုင်ဖို့ ကြိုးစားနေတဲ့ကာလ ဖြစ်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်အောင် ကျနော်တို့ ကြိုးပမ်းနေတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာလည်းပဲ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အင်အားစုတွေ အားလုံး ပါဝင်ပြီးတော့မှ ကျနော်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာလိုတယ်။ အဓိက အရေးကြီးတာကတော့ ဒီတိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးပြဿနာ အဓိက ၂ ရပ်ပေါ့ - ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို အာမခံမယ်။ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးပေါ့။ အဲဒီလို နိုင်ငံရေး လုပ်ငန်းစဉ် ၂ရပ်ကိုတော့ ဒီနှစ်ကာလမှာတော့ ဒီက ဦးတည်ပြီးတော့ ကြိုးပမ်းသွားဖို့ လိုတယ်။ ဒီလို ကြိုးပမ်းတဲ့နေရာမှာတော့ ကျနော်တို့ အားလုံး ညီညီညွတ်ညွတ်နဲ့ စုစုစည်းစည်းနဲ့ ပါဝင်ဆောင်ရွက်လိုပါတယ်။”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌဟောင်းအဖြစ် တာဝန်ယူခဲ့ဖူးသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ကိုသက်ထွန်းကတော့ နှစ် ၃၀ အတွင်း သင်ခန်းစာယူစရာတွေရှိတယ်လို့ ပြောပါတယ်။

"အရင်ဆုံး သင်ခန်းစာလို့ ပြောမယ်ဆိုရင်တော့ ညီညွတ်မှုပဲ။ ညီညွတ်မှုမရှိခဲ့တဲ့အတွက် ရှစ် လေးလုံးတုန်းကလည်း ပြည်သူလူထုမျှော်မှန်းချက်တွေကို အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ အခုအချိန်အထိ ဆက်ကြာလာတာကလည်း ညီညွတ်မှုမရှိလို့ပဲ။ ပြည်သူလူထုနဲ့ တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ စစ်တပ်တွေ တိုင်းရင်းသားတွေအားလုံးက ညီညွတ်မှုပြိုကွဲတဲ့အတွက်ကြောင့် တိုင်းပြည်ကအခုအချိန်အထိ ဒီလိုမတည်မငြိမ်နဲ့ နိမ့်ကျတဲ့အဆင့်ကိုရောက်နေတာ အဲဒီတော့ အခုအချိန်အထိ ညီညွတ်ပြီလားဆိုတော့ တိုင်းပြည်မှာ ညီညွတ်မှုမရှိဘူး။ အဲဒီတော့တိုင်းပြည်မှာ ညီညွတ်ဖို့ဆိုတာတွေက ငါ အစွဲတွေတော့ ဖြုတ်ဖို့လိုတယ်။ ကိုယ်ကျိုးအတ္တတွေ ၊ ကိုယ့်စီးပွားတွေ ဒါတွေကို ရှေ့တန်းမတင်ပဲ လူထုနဲ့ တိုင်းပြည်အကျိုးစီးပွားသာ အဓိကဆိုတဲ့ ရည်ရွယ်ချက်မျိုး သဘောထားမျိုး ထားနိုင်မယ်ဆိုရင်တော့ တိုင်းပြည်က တော်တော်လေး အဆင်ပြေချောမွေ့လာနိုင်ပါတယ်။"

ဒီမိုကရေစီလှုပ်ရှားမှုအဆုံးမသတ်သေးပဲ အားမရစရာ အနေအထားတွေလည်းရှိနေသေးတယ်ဆိုတာကို AAPP-B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကိုတိတ်နိုင်က အခုလိုသုံးသပ်ပါတယ်။

"ပြောရရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ ပထမဦးဆုံးတက်လာတဲ့အချိန်ကြွေးကျော်သံပေါ့လေ " ပြောင်းလဲချိန်တန်ပြီ" ။ ဆိုတော့ ပြောင်းလဲချိန်တန်ပြီ ဒီ ၂ နှစ်ခွဲကာလမှာ နိုင်ငံရေးအရ ပြောင်းလဲလာတဲ့ အခြေအနေမျိုးတွေ အများကြီးရှိပါတယ်။ သို့ပေမယ့်လည်း ဘယ်လောက်အထိ အပေါင်းလက္ခဏာဆောင်ပြီးတော့ ပြောင်းလဲလာသလဲ ဆိုတာကတော့ သေချာစမ်းစစ်ဖို့လိုမှာဖြစ်ပါတယ်။ နောက်တခုက 'ပြည်သူနဲ့အတူ ' ပေါ့လေ။ သို့ပေမယ့် ပြည်သူတွေအသံကို ဘယ်လောက်အထိများ နားထဲရောက်လဲ။ တကယ့် ပကတိ ပြည်သူတွေရဲ့ တကယ့် ရှိနေတဲ့ အခြေအနေတွေကို ဘယ်လောက်အထိ လေ့လာစမ်းစစ်ပြီးတော့ ဖြည့်ဆည်းပေးနေသလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်တယ်။ ပြောချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖက်ဖက်ကနေပြီးတော့ကြိုးစားအားထုတ်မှုတွေ လုပ်နေတယ်။ သို့ပေမယ့် ကျနော်တို့အမြင်ကတော့ လက်ရှိအစိုးရဆီမှာတော့ စိန်ခေါ်မှုတွေ အကြီးကြီးရှိနေတယ်လို့မြင်တယ် ။ ဒါကြောင့်မို့လို ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကိုတော့ တော်တော်လေးကို မှုန်ပြပြလေးတောင်မှ မမြင်ရသေးဘူးလို့ မြင်ပါတယ်။"

ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနေပြီးတော့ ဒီမိုကရေစီရေးနှစ် ၃၀ခရီး၊ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု စတဲ့ ခေါင်းစဉ်တွေကိုလည်း ဆွေးနွေးကြပါတယ်။ လာမယ့် သြဂုတ်လ ၈ ရက် နေ့မှာတော့ ရန်ကုန်သက္ကသိုလ်အပန်းဖြေရိပ်သာမှာ အခမ်းအနားတွေကျင်းပမှာဖြစ်ပါတယ်။ ဒီအခမ်းအနားတွေမှာ လက်ရှိ နိုင်ငံတော်အကြီးအကဲ တာဝန်ယူထားသူတွေနဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေကိုလည်း ဖိတ်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG