သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံး နှစ် ၃၀ ပြည့်အပြီး လက်ရှိအခြေအနေနဲ့ ရှေ့ခရီး


၈ လေးလုံး လူထုလှုပ်ရှားမှုကြီး
၈ လေးလုံး လူထုလှုပ်ရှားမှုကြီး

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်ကို အစွဲပြုပြီး သတ်မှတ်ထားတဲ့ ၈ လေးလုံး လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၃၀ ပြည့်တော့မှာဖြစ်ပေမဲ့လည်း ဒီလှုပ်ရှားမှုကြီးရဲ့ တောင်းဆိုချက်တွေကိုတော့ ခုချိန်ထိ အပြည့်အဝ ခံစားကြရတဲ့အခြေအနေ မရှိ သေးပါဘူး။ ဒီနေ့ကာလမှာ ၈ လေးလုံး လှုပ်ရှားမှုကြီးဖြစ်လာအောင် အဓိကတွန်းအားပေး ဦးဆောင်ခဲ့သူတွေ ဘယ်လို အခြေအနေမျိုးကို ဖြတ်သန်းနေကြရပါသလဲ၊ ရှေ့ဆက်လျှောက်ကြရမယ့် ခရီးလမ်းကရော ဘယ်လိုပုံသဏ္ဌာန် အနေအထားမျိုး ရှိနိုင်ပါသလဲဆိုတာတွေကို အထင်ကရ မြန်မာ့အရေးလေ့လာသူနှစ်ဦးကို ဆက်သွယ်မေးမြန်းပြီး မအင်ကြင်းနိုင်က တင်ပြထား ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲကာလပြီးရင် ၈ လေးလုံး အရေးတော်ပုံဟာ အကြီးမားဆုံး ဒီမိုကရေစီရေး လူထု လှုပ်ရှားမှုသမိုင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ နှစ်ပေါင်း ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီအာဏာရှင်စနစ်ကို ၈ လေးလုံး လှုပ်ရှားမှုကနေ ဖြုတ်ချနိုင်ခဲ့ပေမယ့် စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် လူပေါင်း ထောင်နဲ့ချီ ပစ်သတ်ခံခဲ့ရသလို တိုင်းပြည်ဟာလည်း စစ်အုပ်ချုပ်ရေးအောက် နှစ်ပေါင်း ၂၀ ကျော် ပြန်ရောက်ခဲ့ရပါတယ်။

ဒီမိုကရေစီ စနစ်ထွန်းကားဖို့အချိန်ထိ မရောက်နိုင်ခဲ့တဲ့အခြေအနေကို သမိုင်းပညာရှင် ဦးအောင်ခင် သုံးသပ်တာကတော့

"ဒီ ၈ လေးလုံးက စစ်အာဏာရှင်အဆောက်အအုံကြီး ပြိုကျသွားပေမယ့် သွားပြီးတော့ ဆင်တူတာကတော့ ကျနော်တို့ဒီ ၁၉ ရာစုနှစ်က ပြင်သစ်တော်လှန်ရေးမှာ ရှေးဟောင်းအဆောက်အအုံကြီး ပြိုကျသွားပေမယ့်လည်း နောက်ပိုင်းမှာ Reign of terror ဆိုတဲ့ အကြမ်းဖက်တဲ့ ခေတ်ကြီးပေါ်လာတာပေါ့ မြန်မာပြည်မှာဆိုရင် စစ်အစိုးရခေတ်ပေါ့ ။ ၈ လေးလုံးအရေးတော်ပုံဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရ အနှစ် ၂၀ အကြမ်းဖက် အုပ်ချုပ်တဲ့အတွက် ဒီမိုကရေစီတော်လှန်ရေးမှာ လိုအပ်တဲ့အတွေးအခေါ် တော်လှန်ရေးဆိုတာက မပေါ်ပေါက်ပဲနဲ့ မြေအောက်လျိုးသွားတယ်။"

တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ ပါတီစုံစနစ် ပြောင်းလဲဖို့ တတိုင်းပြည်လုံး လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတဲ့ ၈ လေးလုံး လှုပ်ရှားမှုကြီးကို စစ်တပ်က ပစ်ခတ်ဖြိုခွဲ နှိမ်နင်းခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ခဲ့တာအပါအဝင် အခြားရလဒ်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ NLD အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသလို အဝေးရောက် အမျိုးသားညွန်ပေါင်းအစိုးရမှာလည်း ဝန်ကြီး တဦးအနေနဲ့တာဝန်ယူခဲ့ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်နေတဲ့ ဒေါက်တာတင့်ဆွေရဲ့ သုံးသပ်ချက်ကတော့

" NLDကတော့ အစိုးရဖြစ်လာတယ်။ အာဏာရပါတီဖြစ်လာတယ်။ အလားတူ ကျန်တဲ့တချို့လည်း ပါတီအဖွဲ့အစည်း နာမည်တွေနဲ့ တည်ထောင်ကြတယ်။ တခုကတော့ နိုင်ငံရေးပါတီလိုင်းပေါ့၊ နောက်တခုကတော့ တချို့က အခုအချိန်အထိ activist ဆိုတဲ့ တက်ကြွလှုပ်ရှားသူလိုင်းမှာပဲ ဆက်ရှိနေတယ်။ အဲဒီတော့ ဒီကနေ့ နှစ် ၃၀ ကာလပိုင်းမှာ ဖြစ်လာတာတွေ အားမလိုအားမရတာတွေနဲ့ ၊ မျော်လင့်သလောက်ဖြစ်မလာတာတွေက သဘာဝကျပါတယ်။ သို့သော်လည်း တပြည်လုံးအတိုင်းအတာနဲ့ရှိတဲ့ အင်အားစုတွေကနေပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်လာနိုင်တဲ့ အင်အားစုလည်း ရှိသလို ဆက်ပြီးတော့ လှုပ်ရှားနေတဲ့ အင်အားစုတွေလည်းရှိလာတယ်။"

ဒါ့အပြင် လက်ရှိ မြန်မာ့နိုင်ငံရေးဟာ အဖြူ၊ အမည်း နှစ်ခုထဲမှာပဲ လုံးပမ်းနေတဲ့အတွက် ဦးဆောင်မှုအရည်အချင်းရှိတဲ့ လူငယ်တွေအတွက် နေရာမရနိုင်ဘဲဖြစ်နေသလို ပါတီကြီးဖြစ်တဲ့ NLD အနေနဲ့လည်း လူငယ်တွေရဲ့အင်အားတွေကို အသုံးချနိုင်စွမ်းမရှိဘူးလို့ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

၂၆ နှစ်ကြာခဲ့တဲ့ တပါတီ အာဏာရှင်စနစ်အပြင် အနှစ် ၂၀ ကျော် ကြာခဲ့တဲ့ စစ်အာဏာရှင်စနစ်တွေကြောင့် လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ပျက်စီးယိုယွင်းနေတဲ့ အခြေအနေကို ရင်ဆိုင်နေရ တာဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူနှစ်ဦးလုံးက သုံးသပ်ပါတယ်။

အထူးသဖြင့် ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးမှာ အင်အားအပြည့်နဲ့ပါဝင်မယ့် ၈ လေးလုံး မျိုးဆက်တွေအတွက် စစ်အာဏာသိမ်းခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အချိန်တွေ နစ်နာခဲ့ရသလို တိုင်းပြည်မှာ အတွေးအခေါ်အရလည်း အခုမှ ပြန်ပြီး တည်ဆောက်နေရချိန်ဖြစ်နေတယ်လို့ ဦးအောင်ခင်က ပြောပါတယ်။

"အခုပြန်ပြီးတော့ ဖြစ်တဲ့အချိန်ကာလ အတွေးအခေါ်တော်လှန်ရေးပြန်စနေတာပဲ အဲဒီတော့ ဒီအထဲမှာ မှားတာဖြစ်ဖြစ် မှန်တာဖြစ်ဖြစ် အမျိုးစုံပေါ့လေ ဒီကနေ တဖြေးဖြေး တဖြေးဖြေးနဲ့ evolve ဖြစ်လာမှာပဲ အဲဒီတော့ စာနယ်ဇင်းလင်း ပွင့်ပွင့်လင်းလင်းရှိသင့်သလောက်ရှိလာတဲ့ အနေအထားကျတော့ အတွေးအခေါ်ဆိုတာက နှစ်ပေါင်းကြာမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီသဘောတရားက အခုမှ စလာတာကို ။ ၈ လေးလုံးပြီးတဲ့နောက်ပိုင်းမှာ စတာမှာ စစ်တပ်က ဝင်ပြီးတော့ အာဏာသိမ်းတဲ့အခါကျတော့ အနှစ် ၂၀ လောက်ပျက်ပြီးတော့ အခုမှပြန်စတော့ အတွေးအခေါ်တော်လှန်ရေးက တော်တော်ကြီးကို အချိန်ယူရတယ်။"

ကမ္ဘာ့နိုင်ငံတွေရဲ့ ခေတ်စနစ်ပြောင်းလဲတဲ့ သမိုင်းကြောင်းကိုကြည့်ရင် နှစ်ပေါင်းများစွာကြာခဲ့သလို အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲရေး နှစ်ပေါင်း ၃၀ ကာလရှိခဲ့ပြီးတဲ့နောက် နိုင်ငံရေးအရ ရင့်ကျက်မှုနဲ့ အခြားအတွေးအခေါ် စနစ်တွေက အစ ပြုပြင်ပြောင်းလဲ တည်ဆောက်သွားရမှာဖြစ်တယ်လို့ ဦးအောင်ခင်က မြင်ပါတယ်။ ၈၈ မျိုးဆက်တွေအနေနဲ့ ရှေ့ဆက် လျှောက်ကြရမယ့် ခရီးလမ်းအတွက် အဓိက လိုအပ်ချက်နဲ့ပတ်သက်လို့ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

"တကယ်ပဲ တိုင်းပြည်ကို အကျိုးရှိတဲ့ အင်အားစုဖြစ်လာဖို့ ကြိုးစားကြဖို့ လိုကြလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ တချိန်တည်းမှာ အဲဒီအချိန်ကလည်း ကျောင်းသားလူငယ်အင်အားစုက ဦးဆောင်နေတာကို ၊ အခု ကျောင်းသားလူငယ်အင်အားစုတွေကို မှန်ကန်တဲ့ ပြုစုပြိုးထောင်မှု ရှိမှ တိုင်းပြည်အတွက်ကောင်းမယ်။ အဲတော့ တိုင်းပြည်တခုလုံးနဲ့ ချီတဲ့ လူငယ်မျိုးဆက်သစ်တွေ ပြုစုပျိုးထောင်ပြီး ပညာပေးရေးတွေကို လုပ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။"

နှစ် ၃၀ ပြည့် ထူးခြားချက်အဖြစ် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီး သန္ဓေတည်ခဲ့တဲ့နေရာလို့ ပြောလို့ရတဲ့ ရန်ကုန်တက္ကသိုလ် နယ်မြေထဲမှာ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခွင့်ရလိုက်တာဖြစ်ပါတယ်။ အခမ်းအနားကိုတက်ရောက်ဖို့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်တို့ကို ဦးဆောင်ကျင်းပမယ့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကိုယ်တိုင် သွားရောက်တွေ့ဆုံ ဖိတ်ကြားခဲ့ပါတယ်။ နှစ် ၃၀ ပြည့် ၈ လေးလုံးအထိမ်းအမှတ်ပွဲတွေကိုတော့ သြဂုတ်လ ၆ရက်ကနေ ၈ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG