သုံးရလွယ်ကူစေသည့် Link များ

ရှစ်လေးလုံး ရည်မှန်းချက်တွေ ပြည့်ဝရေး တက်ကြွလှုပ်ရှားသူတွေ သတိပေး


မြန်မာနိုင်ငံမှာ လက်ရှိအရပ်သားအစိုးရ ဦးဆောင်တဲ့ နိုင်ငံတော် တစ်ရပ်ထူထောင် နိုင်ခဲ့ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ အပြည့်အ၀မရရှိသေးဖူးလို့ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေကပြောပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ကိုတော့ ၂၀၀၈အခြေခံဖွဲ့စည်းပုံဥပဒေပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ကျင်းပတဲ့ ၂၉ကြိမ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အခမ်းအနားမှာ ပြောသွားကြတာပါ။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့က တစ်ပါတီအာဏာရှင်စနစ်ဖြုတ်ချဖို့ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ဒီကနေ့ဆိုရင် (၂၉)နှစ်ပြည့်ပီဖြစ်ပါတယ်။ရှစ်လေးလုံးအရေးတော်ပုံ(၂၉)နှစ်ပြည့်အခမ်းနားကိုတော့ နိုင်ငံအ၀ှမ်းကျင်းပကြပါတယ်။

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားမှာတော့ ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က စစ်မှန်တဲ့ ဒိမိုကရေစီ ရရှိဖို့နဲ့ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းဖို့အတွက် ၂၀၀၈အခြေခံဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ဖို့လိုအပ်တယ်လို့ အဖွင့်မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။

“ရှစ်လေးလုံးကနေပြီးတော့ ချိုးကွေ့လိုက်တဲ့ အချိုးအကွေ့ကနေပြီး ဒီကနေ့မှာရောက်လာတယ်။ ဒီကနေ့အခြေအနေကို ကြည့်လိုက်တော့ ကျနော်တို့ ဒီမိုကရေစီရေးအပြင်ကို တိုင်းရင်းသားတွေနဲ့ ညီညွှတ်ရေးကို အပြည့်ယူရပါဦးမယ်။ အဲဒီအတွက် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ပန်းတိုင်ကိုလည်း ကျနော်တို့ မျက်ခြည်ပြတ်လို့မရဘူး။ တဖက်ကလည်း ဒီမိုကရေစီအရေးကို ချန်ထားလို့မရဘူး။ အဲဒီလိုသွားနေတဲ့အချိန်မှာ ကျနော်တို့ရဲ့ အားလုံးရဲ့အရေးကြီးဆုံး တူညီတဲ့ လုပ်ငန်းတွေက ဘာလဲဆိုတော့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီအခြေခံဥပဒေပြင်ဆင်ရေးလို့ ပြောလိုက်တာနဲ့ ဘာဖြစ်လာမလဲဆိုတော့ ခြိမ်းခြောက်မှုတွေ အတားအဆီးတွေ ကျနော်တို့တွေ့ရတယ်။ အခြေခံ ဥပဒေဘာကြောင့် ပြင်ရမှာလဲဆိုတော့ ဒီမိုကရေစီအပြည့်မရလို့ တိုင်းရင်းသားတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ် ၊ ညီအကိုအချင်းချင်း သွေးထွက်သံယို သတ်ဖြတ်နေကြတဲ့ စစ်ကိုရပ်ချင်လို့ ။ အဲဒီတော့ ပြည်တွင်းစစ်ရပ်ဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာလည်း နောက်ဆုံးမှာ ဖွဲ့စည်းပုံ ပြင်မှကိုရမှာပဲ။”

၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေးကတော့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ အပြည့်အ၀မရရှိသေးဖူးလို့ ထောက်ပြလိုက်ပါတယ်။

“ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်တွေပေါ့ဗျာ။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်တွေ ကျနော်တို့ ဒီကနေ့အချိန်အထိ မရသေးပါဘူး။ မပြည့်ဝသေးပါဘူး။ NLD အစိုးရ လုပ်ရကိုင်က ခက်ခဲတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ သို့သော်လည်း အစိုးရကို ကျနော်တို့တိုက်တွန်းချင်တာက အစိုးရရွေးကောက်ပွဲ campaign ကာလမှာပြောခဲ့တဲ့အချက်တွေ နောက်ပြီးတော့ သမ္မတကြီး ဦးထင်ကျော် ပြောခဲ့တဲ့အခါမှာ ၃ ချက်ရှိပါတယ်။ အဲဒါက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နောက်တရားဥပဒေစိုးမိုးဖို့ ဒီ ၃ ချက်ကိုတော့ ကျနော် အကောင်အထည်ဖော်စေချင်ပါတယ်။ ကျနော်တို့က ဘယ်နေရာ ဘယ်အခန်းကဏ္ဍက ဖြစ်ဖြစ်ပါ ၊ ကျနော်တို့အနေနဲ့က အခုထိ Driving force အဲလိုပဲ ခံယူထားပါတယ်။ မောင်းနှင်အားတခုလို့ ခံယူထားပါတယ်။"

ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDFက ဦးခိုင်မောင်ရည်ကတော့ ဒီမိုကရေစီ တိုက်ပွဲရဲ့၂၉နှစ်တာခရီးကို အခုလို သုံးသပ်လိုက်ပါတယ်။

“ရှစ်လေးလုံး ၂၉ နှစ် ကျနော်တို့ ဒီမိုကရေစီ တိုက်ပွဲကို ဆောင်ရွက်ခဲ့တာ နှစ် ၃၀ နီးပါးရှိပေမယ့် ကျနော်တို့ လိုချင်တဲ့ပုံစံမရောက်သေးပါဘူး။ ဒါပေမယ့် ပြည်သူက ရွေးကောက်တင်မြောက်နိုင်တဲ့ အစိုးရတရပ်ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် ဒီလိုပြည်သူ့ အစိုးရဖြစ်ပြီးတော့မှ တကယ့်ပြည်သူ့အစိုးရ စစ်စစ်အနေနဲ့ မရပ်တည်နိုင်သေး ပါဘူး။ ဒါဟာ ကျနော်တို့ လိုချင်တဲ့ ပုံစံမဟုတ်ပါဘူး။”

၁၉၈၈ခုနှစ်စက်တင်ဘာ၁၈ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်း ဖြိုခွင်းခဲ့တာကြောင့် ရှစ်လေးလုံးကာလအတွင်း ရဟန်းရှင်လူအများအပြားသေဆုံးခဲ့ကြရသလို မြန်မာနိုင်ငံနယ်စပ်တစ်လျောက်ကိုလည်း တောခိုခဲ့ကြသူတွေလည်းရှိပါတယ်။အဲဒီလို ဘ၀ပေါင်းများစွာနဲ့ပေးစပ်လာခဲ့ရတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေပြည့်လာဖို့ကိုတော့ လက်ရှိအရပ်သားအစိုးရ လက်ထက်မှာဖော်ဆောင် သွားနိုင်ဖို့ကိုတော့ ပြည်သူအများက တောင်းဆိုနေကြတာဘဲဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG