သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈လေးလုံးအရေးတော်ပုံ သမိုင်းပြတိုက် အစိုးရ ကူညီမည်


သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကို ၈၈၈၈ သမိုင်းပြတိုက် ဖြစ်မြှောက်ရေး ကော်မတီ တို့နှင့်တွေ့ဆုံ (Photo-ANT BWE KYAW)
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကို ၈၈၈၈ သမိုင်းပြတိုက် ဖြစ်မြှောက်ရေး ကော်မတီ တို့နှင့်တွေ့ဆုံ (Photo-ANT BWE KYAW)

၈၈၈၈ သမိုင်းပြတိုက် ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရသစ်အနေနဲ့ အတူလက်တွဲ လုပ်ဆောင်သွားမှာဖြစ်ပြီးလက်ရှိဖွင့်လှစ်ထားတဲ့ သမိုင်းပြတိုက် ယာယီကိုလည်းအသိအမှတ်ပြုတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကိုကပြောပါတယ်။

လက်ရှိအချိန်မှာလူထုအခြေခံ သမိုင်းပြတိုက်တွေနဲ့ ဆိုင်တဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းဖို့ စီစဉ်နေပြီးအဲဒီ့ ဥပဒေအတည်ပြုမှသာ ၈၈၈၈ ပြတိုက်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ထဲထဲဝင်ဝင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၈၈၈၈ သမိုင်းပြတိုက် ဖြစ်မြှောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုထက်အောင်ကတင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ၈လပိုင်း ၈ ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ ၈၈၈၈ သမိုင်းပြတိုက် ယာယီကို ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကိုဒီကနေ့ မနက်ပိုင်းကလာရောက်ခဲ့ပြီးဒီပြတိုက် ဖြစ်မြှောက်ရေး ကော်မတီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဟာ၈၈၈၈ သမိုင်း ပြတိုက် တရားဝင် ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရသစ်ကအတူလက်တွဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒီကနေ့မှာပြောဆိုခဲ့တယ်လို့ ၈၈၈၈ သမိုင်းပြတိုက် ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုရဲနိုင်အောင်ကဗွီအိုအေကိုပြောပါတယ်။

“ သဘောအရတော့ နံပတ် ၁ အချက်ကတော့ ကျနော်တို့ဒီ ၈၈၈၈ သမိုင်းပြတိုက်ယာယီကို သူတို့အစိုးရအနေနဲ့ အသိအမှတ်ပြုမယ့်အပိုင်း။ လူထုအခြေခံ ပြတိုက်တခုအနေနဲ့ သိမှတ်ပြီးလက်ခံထားတယ်။ ကျနော်တို့ ပုံမှန်အတိုင်းလုပ်လို့ရတယ် ဘာပြဿနာမှာမရှိသေးဘူး။ လိုအပ်တဲ့အကူအညီရှိတယ်ဆိုရင် သူတို့ဝန်ကြီးဌာန အောက်မှာရှိတဲ့ သက်ဆိုင်ရာပြတိုက်နဲ့ဆိုင်တဲ့ အဖွဲ့အစည်းကတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့လိုအပ်ချက်ကို ကူညီပေးမယ်။ နံပတ် ၂ အချက်ကတော့ သူက လူထုအခြေခံ ပြတိုက်တွေဖွဲ့စည်းခွင့်ပြုရေးဆိုတဲ့ ဥပဒေပေါ့ အဲဒါနဲ့ နိုင်ငံတော်ရှေ့နေချုပ်ရုံးမှာရောက်နေတဲ့ ဥပဒေအမြန်ဆုံးအတည်ပြုရေးကို ဝန်ကြီးဌာန ဘောင်အတွင်းကနေပြီးတော့ တက်နိုင်သမျှဆောင်ရွက်သွားပေးမယ်။ နံပတ်၁ ကတော့ အပြည့်အ၀ ထောက်ခံတယ်၊ လိုအပ်တာ အစွမ်းကုန်ကူညီမယ်ဆိုတဲ့သဘောမျိုး ကိုပဲ ဝန်ကြီးကအဓိကထားဆွေးနွေးသွားပါတယ်။”

လက်ရှိအချိန်မှာ ပြည်သူလူထုအခြေခံ ပြတိုက်နဲ့ဆိုင်တဲ့ ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ဖို့ စီစဉ်နေပြီးအဲဒီ့ ဥပဒေအတည်ပြုပြီးမှသာ ထဲထဲဝင်ဝင် ကူညီလုပ်ဆောင်နိုင်မှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ၈၈၈၈ သမိုင်း ပြတိုက် တရားဝင် ဖြစ်မြှောက်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကိုထံ အဆိုပုံစံ ပေးပို့သွားမှာဖြစ်သလို အဲဒီကနေ တစ်ဆင့် လွတ်တော်ကို တင်သွင်းဖို့အစီအစဉ်ရှိတယ်လို့လည်း ပြတိုက် ဖြစ်မြှောက်ရေး ကော်မတီဝင်တွေက ပြောပါတယ်။ ၁၉၈၈ ခုနှစ် ကျောင်းသားလုပ်ရှားမှုကြီးအစပြုခဲ့တဲ့ ဖြစ်ရပ်တွေ ကိုအောက်မေ့တသနိုင်အောင်အတွက် ၈၈၈၈ သမိုင်းပြတိုက်ကို အမြန်ဆုံးဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမယ်လို့ ကိုရဲနိုင်အောင်ကဆိုပါတယ်။

“ကျနော်တို့က တက်နိုင်သမျှ အမြန်ဆုံးဖွင့်မယ်ဆိုတဲ့ ရည်မှန်းချက်တော့ရှိတယ်။ အခက်အခဲကတော့ ၂ပိုင်း ပေါ့ ။ တပိုင်းကတော့ ကျနော်တို့ ၈၈ ကာလမှာ သမိုင်းမှတ်တမ်းတွေပေါ့ ၊ သက်ဆိုင်ရာအထောက်အထားတွေ အလံလိုဟာမျိုးတွေ ။ ဒီဟာတွေအားလုံးစုဖို့ကတော့ လူထုအနေနဲ့ လှူဒန်းချင်တဲ့ဆန္ဒမျိုးတွေရှိတယ်။ လူထုဆီက လှူဒန်းတာရရင် ဘယ်လိုထိန်းသိမ်းမလဲ ဒါလေးတွေ ဖြစ်နိုင်ခြေလေးတွေကို သုံးသပ်စဲပဲ ရှိပါတယ် ဘာမှ ဆုံးဖြတ်တာမရှိသေးပါဘူး။ ဒါကတပိုင်းပေါ့။ နောက်တခုက စနစ်တကျလုပ်မယ်ဆိုရင် အဆောက်အအုံဒီဇိုင်းကအစ ကူညီမယ့်လူတွေရှိပေမယ့် ကျနော်တို့ အခုအချိန်အထိ အတည်မပြုရသေးဘူး။ နောက်တပိုင်းကတော့ ဘဏ္ဍာရေးပေ့ါ။ အဲလည်း ကျနော်တို့ ဆွေးနွေးစဲ ရှိတဲ့အခါကျတော့ ဘယ်ကာလ အတွင်းပေါ်လာနိုင်မလဲဆိုတာက ပြောနိုင်တဲ့အနေအထားမျိုးမရှိသေးပါဘူး။ သိပ်တော့ အချိန်ကာလမကြာဘူးလို့ပဲ ကျနော်ပြောနိုင်ပါတယ်။ လောလောဆယ်အချိန်အတိအကျပြောဖို့ကတော့ စောသေးတယ်လို့ပဲ ပြောရမှာပေါ့နော်။”

ပြီးခဲ့တဲ့ နှစ်ထဲဖွင့်လှစ်ခဲ့တဲ့ ၈၈၈၈ သမိုင်းပြတိုက် ယာယီမှာတော့ ကျောင်းသားလုပ်ရှားမှုမှာ ဖြတ်သန်းခဲ့ကြတဲ့ ဓာတ်ပုံတွေ၊ ဒီမိုကရေစီ လှုပ်ရှားမှု အတွင်း အကြမ်းဖက်နှိပ်နင်းခံခဲ့ရတဲ့ မှတ်တမ်းတွေ၊ ကျောင်းသားသမဂ္ဂအလံတွေနဲ့ တံဆိပ်တစ်ချို့ကို ပြသထားပါတယ်။ မကြာမှီမှာဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ၈၈၈၈ သမိုင်းပြတိုက်မှာတော့ ဒီ့ထက်ပိုကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှာဖြစ်ပြီးလွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလက ဒီမိုကရေစီ ရရှိရေးအတွက် လူထုတစ်ရပ်လုံး တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ဖြစ်ရပ်တွေ အောက်မေ့တသအောင်နဲ့ သင်ခန်းစာအဖြစ် ကျန်ရှိနေစေဖို့ ၈၈၈၈ သမိုင်းပြတိုက် တရားဝင် ရှိဖို့ လိုအပ်တယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီက သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံသမိုင်းမှာ ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီအရေးတော်ပုံကြီးဟာ လူထူလှုပ်ရှားမူ ကြီးတရပ်ဖြစ်တယ်လေ။ နောက်ပြီးတော့ ဒီကနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအထိ ကျနော်တို့ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့အခြေအနေပေါ့နော် ၊ ပေးဆပ်ခဲ့ရတဲ့ သွေးတွေချွေးတွေပေါ့နော် ဒါတွေကိုပြန်ပြီးတော့ စုစည်းလိုက်မယ်ဆိုရင် အဲဒါဟာ တကယ့် သမိုင်းဝင်ပြတိုက်ကြီးရဲ့ ဝိညာဉ်ဖြစ်သွားမှာပဲ။ အဲဒီတော့ မရှိမဖြစ် လိုကိုလို အပ်ပါတယ်။ ဆောက်လည်းဆောက်ရမှာပါ လုပ်လည်းလုပ်ရမှာပါ။ ပြီးတော့ ကျနော်တို့က နောင်လာနောက်သားတွေ အတွက်လည်း သမိုင်းဝင်ပြတိုက်ကြီးဟာ သင်ခန်းစာယူစရာ၊ လေ့လာစရာတွေ၊ အမှတ်ရစရာတွေ ကျနော်တို့ ချန်ကိုချန်ထားခဲ့ရ ပါလိမ့်မယ်။ ဆိုတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ၊ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုဆိုတာ လွယ်လွယ်ကူကူနဲ့ ရခဲ့တာ တခုမှ မရှိပါဘူး။ အဲဒါတွေကို ကျနော်တို့က သင်ခန်းစာယူနိုင်ဖို့အတွက် အရေးကြီးပါတယ်။”

ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီအရေးတော်ပုံနေ့မှာ သမိုင်း ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့နဲ့ တရားမျှတမှု၊ အမှန်တရား ဖော်ထုတ်နိုင်ဖို့အရေး အဓိကရည်ရွယ်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ဖြတ်သန်းတိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေ စုပေါင်း လုပ်ဆောင် ထားတဲ့ ရှစ်လေးလုံးအထိမ်းအမှတ် သမိုင်းပြတိုက်ကို ပြီးခဲ့တဲ့ နှစ် ၂၀၁၅ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG