သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံးသမိုင်းပြတိုက်တည်ဆောက်ရေး လွှတ်တော်တင်ပြထား


 ရှစ်လေးလုံး သမိုင်းပြတိုက်ဖြစ်မြောက်
ရေးအတွက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
အပါအဝင် တာဝန်ရှိသူများ နဲ့ ရှစ်လေးလုံးပြတိုက်
ကော်မတီဝင်များ အလွတ်သဘောတွေ့ဆုံဆွေးနွေး (ဓါတ်ပုံ - မောင်သိန်း (ဒဿနိက)
ရှစ်လေးလုံး သမိုင်းပြတိုက်ဖြစ်မြောက် ရေးအတွက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အပါအဝင် တာဝန်ရှိသူများ နဲ့ ရှစ်လေးလုံးပြတိုက် ကော်မတီဝင်များ အလွတ်သဘောတွေ့ဆုံဆွေးနွေး (ဓါတ်ပုံ - မောင်သိန်း (ဒဿနိက)

မြန်မာတနိုင်ငံလုံးက ဒီမိုကရေစီရေးအုံကြွတောင်းဆိုခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံသမိုင်းပြတိုက် တည်ဆောက်ဖို့အတွက် ကြိုးပမ်းနေကြရာမှာ အခုတော့ ပြည်ထောင်စုအစိုးရအဆင့်နဲ့ ညှိုနှိုင်းဆောင်ရွက်မှုတွေ စတင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် မနက်ဖြန်ကျရောက်မယ့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ကိုလည်း မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်နိုင်ဖို့ တတ်ကြွလှုပ်ရှားသူတွေက တောင်းဆိုလှုပ်ရှားနေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ဒီကနေ့ ကိုဂျင်မီ ဦးဆောင်ပြီးတော့ ၈၈ က ခေါင်းဆောင်တွေပေါ့နော် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို သွားတွေ့တယ်။ အဓိကတော့ ၈၈ ပြတိုက်ကိစ္စပေါ့ အဲဒါဆွေးနွေးတယ်လို့ သိရပါတယ်ခင်ဗျ။ အဲဒီတော့ အခြေအနေလေးနည်းနည်းရှင်းပြပါလား။

ကိုဂျင်မီ။ ။ဟုတ်ပါတယ် ၈ လေးလုံးပြတိုက် ဖြစ်မြောက်ရေးကော်မတီ အနေနဲ့သွားတာပေါ့ ကျနော်တို့ တွေ့ဆုံမှုကလည်း အလွတ်သဘောတွေ့ဆုံမှုပေါ့နော်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျနော်တို့ ကြိုးစားတာရှိတယ်လေ။ မနှစ်ကဆိုရင် ဝန်ကြီးကိုယ်တိုင် ကျနော်တို့ ယာယီပြတိုက်ကိုလာသွားတာပဲ။ အခုလက်ရှိသိရတာကတော့ ဝန်ကြီးရဲ့ ရှင်းပြချက်အရတော့ သူက ပြည်သူ့လွှတ်တော်ကိုတော့ တင်ပြထားပြီးပြီ။ ပြည်သူ့လွှတ်တော်ကို တင်ပြထားပြီးဖြစ်တဲ့အတွက်ပြည်သူ့လွှတ်တော်မှာ ပြတိုက်အဖြစ်ပေါ်ထွန်းရေးကိစ္စကိုဆွေးနွေးအတည်ပြုလိုက်ရင်တော့ အစိုးရအဖွဲ့အနေနဲ့ အကောင်အထည်ဖော်ရမှာ ဖြစ်တဲ့အတွက် ပိုပြီးကောင်းတယ်ပေါ့နော်။ပိုပြီးကောင်းတယ်ဆိုတာက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဆီမှာ ကျနော်တို့ရဲ့ ပြတိုက်အတွက် တင်ပြချက်တွေက ရောက်နေပြီ ဒါကြောင့်မို့လို့ ကျနော်တို့က နောက်တကြိမ်တွေ့ဆုံဖို့အတွက်လုပ်ရမယ်။ ဘာလဲဆိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးအပါအဝင်ပေါ့ ၊ ပြည်ထောင်စုဝန်ကြီးရယ် ကျနော်တို့ ဖြစ်မြောက်ရေး ကော်မတီပေါ့ ကျနော်တို့ နောက်တကြိမ်တွေ့ဆုံဖို့တောင်းရမယ် ။ ဒီပြတိုက်ဖြစ်အောင် ကျနော်တို့ ဝိုင်းပြီးလုပ်ကြမှာပါ။

ကိုသားညွန့်ဦး။ ။ဆိုတော့ ပြတိုက်က ဆိုလိုတာက ဒီကော်မတီအနေနဲ့ လုပ်မှာလား၊ အစိုးရပိုင်းက ဒါမှမဟုတ်၊ လွှတ်တော်ပိုင်းက ဒါမှမဟုတ် အာဏာပိုင်တွေဘက်က လုပ်မှာလား ၊ ပူးပေါင်းဆောင်ရွက်မှာလား ဘယ်လိုသဘောလဲခင်ဗျ။

ကိုဂျင်မီ။ ။လောလောဆည်ကတော့ ကျနော်တို့ကတော့ ဖြစ်မြောက်ရေးကော်မတီဆိုတာကို ဖွဲ့ထားတယ်လေ။ အဲဒီဖြစ်မြောက်ရေးကော်မတီမှာ လိုအပ်လို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း ဒီကော်မတီကို ချဲ့သွားရုံပဲပေါ့ ။ ဒါပေမယ့် သေချာတာ တခုကတော့ ၈လေးလုံး ပြတိုက်က တတိုင်းပြည်လုံးနဲ့ ဆိုင်တာကို တနိုင်ငံလုံးနဲ့ဆိုင်တယ်။ အခုကျနော်တို့လက်ရှိ အစိုးရထဲမှာရော လွှတ်တော်ထဲမှာရော ရောက်နေတဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးနဲ့လည်းဆိုင်တယ်။ လုပ်ရင်းနဲ့ ကျနော်တို့မှာ လိုအပ်ချက်ရှိလို့ ဒီကော်မတီကိုလည်းပြည်ဆင်သွားမယ်။ လိုအပ်သလိုတိုးချဲ့သွားဖို့အတွက် ကျနော်တို့ လုပ်ကြတာပေါ့။

ကိုသားညွန့်ဦး။ ။ကိုဂျင်မီတို့မှာရော စဉ်းစားချက်ဘယ်လိုရှိသလဲ။ ၈ လေးလုံးပြတိုက်ကို ဘယ်နေရာမှာ၊ ဘယ်လိုပုံစံမျိုးနဲ့ ပြတိုက်ကို ဘယ်လိုအခင်းအကျင်းပုံစံမျိုးနဲ့ လုပ်မလဲဆိုတာ စဉ်းစားချက်ရှိပါသလဲ။ အခုကတော့ ယာယီပြတိုက်တော့ ရှိထားပြီပေါ့နော်။ တကယ့်ပြတိုက်ကြီးဖြစ်လာရင် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ လုပ်မယ်လို့ စဉ်းစားထားပါသလဲ။

ကိုဂျင်မီ။ ။ဟုတ်ကဲ့ ဒီကနေ့ ဝန်ကြီးကလည်း တော်တော်တက်တက်ကြွကြွရှိပါတယ်။ ကျနော်တို့လက်ရှိအစိုးရပိုင်းကရော ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့အတွက် တော်တော်တက်တက်ကြွကြွရှိတယ်၊ နောက်ပြီး ဒီပြတိုက်ကို ခမ်းခမ်းနားနားဖြစ်စေချင်တယ်ပေါ့နော် ၊ နောက် ရန်ကုန်မြို့ပေါ်မှာလည်း ဖြစ်စေချင်တယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့ စဉ်းစားချက်တွေမှာတော့ ရန်ကုန်သက္ကသိုလ် အဝန်းအဝိုင်းနဲ့ သိပ်မဝေးတဲ့နေရာ ဆိုပြီးတော့ ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့။ စဉ်းစားချက် တွေထဲက အများကြီးရှိပါတယ် အဲဒီထဲက တခုကိုပြောတာပေါ့နော်။ သို့သော်လည်းသေချာတာ တခုက ရန်ကုန်ထဲမှာပဲ ရှိသင့်တယ် ဆိုတဲ့အယူအဆကတော့ အားလုံးမှာ သဘောထားတူကြတယ်။ ကျနော်တို့ဝန်ကြီးကလည်း အဲဒီသဘောထားရှိတယ်ပေါ့။

ကိုသားညွန့်ဦး။ ။အခုက ၈လေးလုံးကလည်း နှစ်ပတ်လည်ပြီလာပြီ ဆိုတော့ တကယ်တမ်းပြောရရင် အခုလက်ရှိ တက်နေတဲ့ NLD အစိုးရလည်း ၈လေးလုံးကထွက်လာတဲ့ အင်အားစုတွေပါပဲ။ အဲဒီတော့ ဒီ၈လေးလုံးနှစ်ပတ်လည်နေ့ကို နိုင်ငံတော်နေ့အဖြစ်တခုခုလုပ်ဖို့ အစီအစဉ်မရှိကြဘူးလား။

ကိုဂျင်မီ။ ။မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့ဆိုတာကလေ အဲဒါကတော့ ကျနော်တို့ သမိုင်းမှာ ထူးခြားဖြစ်စဉ်လည်းဖြစ်သလို ကျနော်တို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပေါ့လေ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့အတွက် ဒါက အထင်ကရနေ့တနေ့ဖြစ်တယ်။ ဒီဟာက ကျနော်တို့ တရားဝင်ပေါ့လေ မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့ အဲဒီနေ့မှာ ရုံးပိတ်ရက်လိုမျိုးဟာ ၊ ကျောင်းပိတ်ရက်လိုဟာမျိုးသတ်မှတ်ပြီးတော့ ဒီပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ ပုံစံမျိုးတွေအထိ ကျနော်တို့ စီမံထားတာ တော့ရှိပါတယ်။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ ကိုဂျင်မီရေ ကျေးဇူးအများကြီးတင်ပါတယ်။

၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG