သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရန်ကုန်တက္ကသိုလ်ထဲမှာ ပထမဆုံး ကျင်းပမယ့် ရှစ်လေးလုံး နှစ် (၃၀) ပြည့်နဲ့ နိုင်ငံတကာ အခမ်းအနားများ


ရှစ်လေးလုံး နှစ် (၃၀) ပြည့်အခမ်းအနားအတွက် ပြင်ဆင်မှု

လွန်ခဲ့တဲ့ နှစ် ၃၀-၁၉၈၈ခုနှစ်က နိုင်ငံတဝှမ်းက ရဟန်းရှင်လူကျောင်းသားပြည်သူအများ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဒီမိုကရေစီစနစ်ကို တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတဲ လူထုလှုပ်ရှားမှုကြီး နှစ် (၃၀) ပြည့်မြောက်တော့မှာ ဖြစ်ပေမဲ့လို့ အခုချိန်အထိ ပြည်သူလူထု လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ စံနှုန်းနဲ့ညီတဲ့ အခြေခံ လူ့အခွင့်အရေးတွေ မရသေးဘူးလို့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုလိုက်ကြပါတယ်။ အဓိကကတော့ ၂၀၀၈ အခြေခံဥပဒေကြောင့်ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အပါအဝင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ အဓိက ဘုံရည်မှန်းချက်ဖြစ်တဲ့ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ရရှိအောင် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေ ဆက်လက် ကြိုးပမ်း သွားကြဖို့လည်း တိုက်တွန်းကြပါတယ်။ ရှစ်လေးလုံး နှစ် (၃၀)ပြည့် အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာပြည်တွင်းက အခြေအနေ၊ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပပြီးစီးသွားတဲ့ ရှစ်လေးလုံး အခမ်းအနားတွေအကြောင်း မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၁၉၈၈ခုနှစ် မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်း လမ်းတွေပေါ်ထွက် စစ်အာဏာရှင်ကို ဆန့်ကျင် တိုင်းပြည်အတွက်စစ်မှန်တဲ့ ဒီမိုကရေစီရေး တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ ဟာဆိုရင် လာမယ့် သြဂုတ်လ ၈ရက်နေ့မှာ နှစ်ပေါင်း (၃၀) တိတိ ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေးအရ ပြောင်းလဲမှုကို ဖြစ်ပေါ်ခဲ့တဲ့ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း (၃၀) ကြာ ကာလတာအတွင်း မြန်မာနိုင်ငံမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရတရပ် အုပ်ချုပ်တဲ့အထိ အုပ်ချုပ်ရေးအာဏာ ရယူနိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ မတွေ့ရပဲ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ ပြည်သူအများ လိုလားတောင့်တခဲ့ကြတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ညီတဲ့ အခြေခံ လူ့အခွင့်အရေးတွေ အပြည့်အ၀ရဖို့ကတော့ စိန်ခေါ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတုန်းပဲလို့ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေက ထောက်ပြပါတယ်။

၈လေးလုံး နှစ်(၃၀)ပြည့် အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်း ကျင်းပဖို့ပြင်ဆင်နေကြပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း မှိုင်းကွန်ရက် အနေနဲ့လည်း ရှစ်လေးလုံး အရေးတော်ပုံကြီးအတွက် ငြိမ်းချမ်းရေး လိုလားသူတွေရဲ့သဘောထားကို ထုတ်ပြန်ကြမှာဖြစ်ပြီး အဓိကကတော့ ရှစ်လေးလုံးအရေးတော်ပုံက လူထုတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီစနစ်ကို ရရှိဖို့ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ ဖြစ်နိုင်မယ်လို့ သခင်ကိုယ်တော်မှိုင်းကွန်ရက်က ဦးထွန်းဝင်းငြိမ်းက အခုလို သုံးသပ်ပါတယ်။

"ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံပြီးခဲ့တာ အနှစ် ၃၀ ရှိပြီပေါ့။ လောလောဆယ် ကတော့ ၈၈ တုန်းက ပြည်သူလူထုတောင်းဆိုခဲ့တဲ့ အခြေအနေတွေ ကျနော်တို့ ပြည့်ပြည့်၀၀ မရသေးဘူးလို့ မြင်ပါတယ်။ အဲဒီတုန်းက ကျနော်တို့က အစိုးရဖွဲ့စည်းခဲ့တဲ့ ပါတီစုံစနစ်ကိုတောင်းဆိုခဲ့တယ်။ ဒီမိုကရေစီရရှိရေး ဆိုတာကလည်း ပြောခဲ့ကြတာပေါ့နော် ဒီမိုကရေစီအခြေခံအခွင့်အရေးတွေကလည်း အခုအချိန်မှာ လွတ်လပ်စွာရေးသားခွင့်တွေ ၊ လွတ်လပ်စွာပြောဆိုခွင့်တွေ လွတ်လပ်စွာစည်းရုံးခွင့်တွေက တားဆီးတာတွေရှိနေတယ်။ ဒီနေ့အချိန်မှာ ကျနော်တို့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတဲ့အတွက်လေ။"

ရှစ်လေးလုံး အရေးတော်ပုံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် နိုင်ငံအ၀ှမ်း ထောင်နဲ့ချီ သေဆုံးခဲ့ရတာပါ။ အဲ့ဒီ့တုန်းက သေဆုံး-ပျောက်ဆုံးခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူပြည်သူတွေရဲ့ စာရင်းအတိအကျသိနိုင်ရေးအတွက်ကိုလည်း ၈၈မျိုးဆက်တွေက မှတ်တမ်းပြုစုနေကြပါတယ်။

မနက်ဖြန် သြဂုတ်လ ၆ရက်နေ့က သြဂုတ်လ (၈)နေ့အထိ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ ၈၈မျိုးဆက်ကျောင်းသားတွေ စုပေါင်းပြီး ရှစ်လေးလုံးနှစ် (၃၀)ပြည့် အခမ်းအနားကို ကျင်းပဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အဓိကကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အထိမ်းအမှတ် သမိုင်းဆိုင်ရာ အထောက်အထား မှတ်တမ်းတွေ ကျောင်းသား လှုပ်ရှားမှုတွေရဲ့ သမိုင်း မှတ်တမ်းတွေကို တင်ဆက်ထားတဲ့ ရှစ်လေးလုံး သမိုင်းပြတိုက်ကို ဖွင့်လှစ်ပြသမှာဖြစ်ပြီး မြန်မာပြည် ဒီမိုကရေစီရေး နှစ်(၃၀)ခရီး အပါအဝင် တိုင်းရင်းသား တန်းတူညီမျှရေး၊ ဖက်ဒရယ် ပြည်ထောင်စုနဲ့ မြန်မာ့နိုင်ငံရေး၊ စစ်အာဏာရှင်စနစ်စတဲ့ ခေါင်းစဉ်တွေနဲ့ ရှစ်လေးလုံးမျိုးဆက်တွေ ဒီမိုကရေစီ အင်အားစုတွေက ဦးဆောင် ဆွေးနွေးကြမှာဖြစ်တယ်လို့ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးသက်ထွန်းက အခုလို ရှင်းပြပါတယ်။

"၆ ရက်နေ့မနက် ၈ နာရီခွဲကနေစမယ်၊ ၈ ရက်နေ့ နေ့လည် ၁၂ နာရီမှာ တရားဝင် အခမ်းအနားအကုန်လုံးပြီးမယ်။ မနက်ဖြန်လုပ်မှာက မနက် ၈ နာရီခွဲမှာ အခမ်းအနား ဖွင့်မယ်။ အခမ်းအနားဖွင့်မယ့်ဟာကတော့ RCမှာပဲ အခမ်းအနားဖွင့်ပွဲကိုလုပ်လိုက်မယ် ။ RCမှာက အဓိက ပြခန်းတွေ ရှိတယ်။ ရှစ်လေးလုံးနဲ့ ပတ်သက်တဲ့ သမိုင်းပြခန်းတွေရှိမယ်။ နောက်တခါ နိုင်ငံရေးအကျဉ်းသားတွေပတ်သက်တဲ့ AAPP ပြခန်းရှိမယ် နောက်တခါ AB ရဲဘော်တွေပတ်သက်တဲ့ AB ပြခန်းတွေရှိမယ်။ မနက်ဖြန်ပထမဦးဆုံးဆွေးနွေးမှာက မြန်မာ့ဒီမိုကရေစီ နှစ် ၃၀ ခရီး၊ ဒုတိယပိုင်းဆွေးနွေးမှာက တိုင်းရင်းသားများ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ၆ ရက်နေ့အစီအစဉ်။ ၇ ရက်နေ့ မနက် ၉ နာရီကနေစတင်ဆွေးနွေးမယ် မြန်မာ့နိုင်ငံရေးနဲ့ စစ်အာဏာရှင်စနစ် ၊ ဆွေးနွေးပွဲ ခေါင်းစဉ် ၃ ခုနဲ့ အပိုင်း၃ ပိုင်းဆွေးနွေးမယ်။ ၈ ရက်နေ့ တော့ လောလောဆည် ၁၀ နာရီလောက်ကို ယာထားတယ်။ ၁၀ နာရီလောက်ကနေပြီးတော့ ၁၂ လောက်ကို အခမ်းအနားကို ယာထားတယ်။ အဲဒါကိုတော့ RC ထဲမှာပဲ အခမ်းအနားကို အပြည့်အစုံကျင်းပမယ်။ တခြားအခမ်းအနားအစီအစဉ် အလေးပြုတာရှိမယ် ၊ နှုတ်ခွန်းဆက်တာရှိမယ် နောက်ဆွေးနွေးပွဲ ရလဒ်တွေ အချက်အလက်တွေကို ထုတ်ပြန်တဲ့ ထုတ်ပြန်ကြေညာချက်လို့ပြောမလား၊ သဘောထားကြေညာချက်လို့ပြောမလားတော့မသိဘူး ၊ ဒီနိုင်ငံရေးဆွေးနွေးချက်ပေါ့ ဆွေးနွေးပွဲက ရလဒ်တွေကို အားလုံးကိုတင်ပြတဲ့ သဘောပေါ့နော် အဲဒါမတိုင်ခင် သဝဏ်လွှာတွေ ပေးပို့တဲ့ အထဲက တချို့ သဝဏ်လွှာတွေ ကို ဖတ်ပြမယ်၊ ရောက်တဲ့ သဝဏ်လွှာတွေ အားလုံးကို ဖတ်ပြဖို့တော့ အချိန်ခက်ခဲတယ် ဒါတော့မဖြစ်နိုင်ဘူး ။ ပြီးတဲ့အခါကျတော့ နောက်ဆုံးကျေးဇူးတင် ကြောင်းနဲ့ အခမ်းအနားပိတ်ကြောင်းပေါ့။"

ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ ၈၈၈၈ နှစ်(၃၀)ပြည့် အခမ်းအနား
ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ ၈၈၈၈ နှစ်(၃၀)ပြည့် အခမ်းအနား

အခုလိုမြန်မာနိုင်ငံမှာ ရှစ်လေးလုံး နှစ်(၃၀)ပြည့် အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေကြချိန်မှာပဲ နိုင်ငံတကာရောက် ဒီမိုကရေစီ အင်အားစုတွေကလည်း ရှစ်လေးလုံး အခမ်းအနားတွေကို စုပေါင်း ကျင်းပနေကြပါတယ်။ သြဂုတ်လ (၄)ရက်နေ့ ကနေဒါနိုင်ငံ Toronto မြို့မှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံး နှစ်(၃၀)ပြည့် အခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ နိုင်ငံတကာက ဒီမိုကရေစီ အင်အားစုတွေ တက်ရောက်ခဲ့ကြတဲ့ အကြောင်း အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်တဲ့ ၈၈မျိုးဆက် ဒီမိုကရေစီလှုပ်ရှားသူ ဦးညွန့်လှက ပြောပြပါတယ်။

"ကျနော်တို့ ကနေဒါမှာက ၈ လေးလုံးအခမ်းအနားကို မနေ့က အစီအစဉ် ၂ ပိုင်းခွဲပြီးတော့ လုပ်ပါတယ်။ ၈ လေးလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ ကဗျာရွတ်ဆိုပွဲတွေ ၊ ရှစ်လေးလုံးအကြောင်း ဟောပြောတာတွေ နောက်ပြီး ဧည့်သည်တော်တွေအဖြစ် ၀န်ကြီးချုပ်ဟောင်း ဦးစိန်ဝင်းကလည်း တက်ရောက်အမှာစကားပြောကြားတာတွေ ရှိသလို နောက်ပြီးတော့ ၈၈ နိုင်ငံတကာမှာရှိနေတဲ့ ရောက်နေတဲ့အုပ်စုတွေ ၊ အထူးသဖြင့် အမေရိကန်နဲ့ ကနေဒါမှာရှိနေကြတဲ့ ရပ်ဝေးက ၈၈ ရဲဘော်ဟောင်းတွေကလည်း ဦးထွန်းအောင်ကျော်တို့အပါအ၀င်ပေါ့နော် လာရောက်ပြီးတော့ စကားပြောတယ်။ လူအားဖြင့်တော့ အနည်းဆုံး ၂၀၀ ကျော်လောက် တက်ရောက်တဲ့အတွက် အခမ်းအနားက တော်တော်လေး စည်စည်ကားကား ရှိတာကိုတွေ့ရတယ်။ နောက် ဒုတိယပိုင်းအစီအစဉ်မှာတော့ ၈ လေးလုံး သီချင်းများကို သီဆိုတဲ့ အဆိုတော် ကိုမွန်းအောင်ကနေ ကျရောက်လာတဲ့ လူတွေကို သူ့တိုက်ပွဲဝင် ဒီမိုကရေစီသီချင်းများနဲ့ ဖြေဖျော်တာကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ် အပြီးချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးဆိုတဲ့ ကိစ္စတွေကို အလေးပေးဆွေးနွေးပြီးတော့ မဖြစ်မနေ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက် ကျနော်တို့အားလုံး ကူညီပံ့ပိုးပြီးတော့ နိုင်ငံတကာ၊ ပြည်တွင်းပြည်ပနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတာတွေကို ဆွေးနွေးပြောကြပါတယ်။"

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျင်းပတဲ့ ၈၈၈၈လေးလုံးအခမ်းအနား
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျင်းပတဲ့ ၈၈၈၈လေးလုံးအခမ်းအနား

သြဂုတ်လ ၄ရက်နေ့ မှာပဲ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Chapel Hill မှာလည်း ရှစ်လေးလုံး နှစ်(၃၀)ပြည့် အခမ်းအနားကို ဓမ္မိကာရာမ သာသနာ့ရိပ်သာ ကျောင်းတိုက်မှာကျင်းပပြီး အမေရိကန်ပြည်ထောင်စု တဝှမ်းက ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ကြပါတယ်။ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီရေးနဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေကို သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ မြောက်ကယ်ရိုလိုင်းနားက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ကိုအောင်သန်းက အခုလို ပြောပါတယ်။

"ကျနော်တို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျနော်တို့ နှစ်(၃၀)ပြည့် ရှစ်လေးလုံးအခမ်းအနားကို ကျင်းပတယ်ပေါနော့်။ အဓိကတော့ ၈၈ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဘုန်းကြီးဆွမ်းကပ်တယ်ပေါ့နော် ။ ဒုတိယအနေနဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး နှစ်(၃၀)ပြည့် ကျင်းပတဲ့ ရည်ရွယ်ချက်တွေကတော့ အဓိကတော့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ပြောင်းလဲမှုမရှိသေးဘူး။ စစ်တပ်အောက်မှာပဲ သွားပြီးတော့ အစိုးရတရပ်က ရှိနေတယ်ဆိုတာကိုလည်း ကျနော်တို့ ပြောင်းလဲဖို့ဆိုတာမျိုးတွေ၊ တိုင်းရင်းသားအင်အားစုတွေကလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုလိုအပ်တယ်ဆိုတာမျိုးကို ကျနော်တို့ တိုင်းရင်းသားအင်အားစုတွေကလည်းပြောတာရှိပါတယ်။ ကျနော်တို့ရဲ့ တောင်းဆိုမှုတွေက မပြည့်စုံသေးဘူး ရှစ်လေးလုံးအဓိက ရည်မှန်းချက်ပန်းတိုင်တွေက မပြည့်စုံသေးဘူးဖြစ်နေတယ်။"

မြန်မာနိုင်ငံမှာ အကြီးမားဆုံး လူထုအုံကြွမူကြီးဖြစ်တဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး နှစ်(၃၀) တင်းတင်းပြည့်တဲ့နေ့ လာမယ့် သြဂုတ်လ ၈ရက်နေ့ ကျရောက်ချိန်မှာလည်း ရန်ကုန်-မန္တလေး အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ရှစ်လေးလုံးမှာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားတွေ၊ လူငယ်မျိုးဆက်သစ်တွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ရှစ်လေးလုံး အထိမ်းအမှတ်ပွဲတွေ ကျင်းပပြီး ၈လေးလုံး အရေးတော်ပုံအတွင်း အသက်ပေးခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် ဆွမ်းသွပ် အမျှဝေတဲ့ အလှူအတန်းတွေ ကျင်းပကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG