သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အမုန်းတရားပြန့်ပွားမှု တားဆီးရေး Facebook စတင် လုပ်ဆောင်


မြန်မာနိုင်ငံအတွင်း အမုန်းတရား ပြန့်ပွားမှုတွေနဲ့ သတင်းမှားတွေ ဖြန့်ချိနေတာကို ဟန့်တားမယ့် အစီအစဉ်ကို Facebook လူမှုကွန်ယက် ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ Facebook ကတဆင့် အမုန်းတရားတွေ ပြန့်ပွားအောင် လုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးသွားစေခဲ့တယ်လို့ အမေရိကန်အခြေစိုက် Bloomberg သတင်းမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို ပိုပြီး သိရှိနိုင်အောင် Facebook က ဝန်ထမ်းတွေ မြန်မာနိုင်ငံကို သွားရောက် လေ့လာခဲ့တယ်လို့ ကုမ္ပဏီရဲ့ Blog post မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် Facebook ပေါ်တင်တဲ့ အကြောင်းအရာတွေကို ပြန်လည် ဆန်းစစ်နိုင်ရေးအတွက် မြန်မာစကား ကျွမ်းကျင်သူ ဝန်ထမ်း ၆၀ ကို ခန့်ထားပြီး ဖြစ်ကြောင်းနဲ့ နှစ်ကုန်ပိုင်းမှာ ၁၀၀ အထိ တိုးချဲ့ ခန့်သွားဖို့ စီစဉ်ထားကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေမှာ Facebook က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုပြီး အမေရိကန် လွှတ်တော်အမတ်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ကုလသမဂ္ဂတို့ကပါ ဝေဖန် ပြောဆိုနေတာပါ။ Facebook က မြန်မာကိစ္စမှာ အခုလို ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်လာတာဟာ Facebook ကတဆင့် ငြင်းပွားဖွယ်ရာ၊ သတင်းမှားတွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြန့်ချိနေခြင်းကို ခုခံ ကာကွယ်ဖို့ ကြိုးစား လုပ်ဆောင်ခြင်းရဲ့ တစိတ် တဒေသလည်း ဖြစ်ပါတယ်။

အမုန်းတရား ပြန့်ပွားစေတဲ့ ပြောဆိုမှုတွေကို သုံးသပ် စစ်ဆေးနိုင်ရေးအတွက် ဝန်ထမ်းတွေ တိုးချဲ့ ခန့်သွားမယ့်အကြောင်းလည်း Facebook ကို စတင် တည်ထောင်သူလည်းဖြစ်၊ လက်ရှိမှာကုမ္ပဏီ အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်တဲ့ Mark Zuckerberg က ကတိ ပြုထားပါတယ်။

မြန်မာနိုင်ငံအတွင်း အမုန်းတရား ပြန့်ပွားတဲ့ ရေးသားမှုတွေကို လူတွေက သတင်းမပို့ခင် Artificial Intelligence – AI နည်းပညာကို အသုံးပြုပြီး ၅၂% ကို ကြိုတင် ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ Facebook က ပြောပါတယ်။ ဒါပေမယ့် ဒီ နည်းပညာဟာ ပိုပြီး ကောင်းမွန်ဖို့ အများကြီး ပြင်ဆင် စရာတွေ ရှိနေသေးပြီး သိမ်မွေ့ နက်နဲတဲ့ ကွဲပြားမှုတွေကို သိနိုင်ရေးအတွက် ၁၀ နှစ်လောက် အချိန်ယူရဦးမယ်လို့ Facebook အကြီးအကဲ Mark Zuckerberg က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG