သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အတိုင်ပင်ခံနဲ့တွေ့ဆုံ


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တွေ့ရှိခဲ့တာတွေနဲ့ မြန်မာအစိုးရဘက်က လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အစိုးရထိပ်တန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ အဖွဲ့တာဝန်ရှိသူတချို့နဲ့ နေပြည်တော်မှာ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ရခိုင်ခရီးစဉ်နဲ့ မြန်မာအစိုးရဘက်က ဆောက်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"အကြောင်းအရာကတော့ ဒီလိုပါပဲ ကျနော်တို့ဒီမှာ ဆောင်ရွက်တဲ့ကိစ္စတွေပြောကြတာပါပဲ။ ခဏလေးပါပဲ တွေ့တာ ဒီနေ့က ရွာတွေကိုသွားတယ်၊ သွားပြီးပြန်လာ ညနေခင်းရောက်တယ် ။ ညနေခင်းမှာ တွေ့တယ် ဒါပါပဲ ။ သီးခြားဆွေးနွေးကြတာတွေရှိတယ်ခင်ဗျ ကျနော်တို့မပါဘူး ။ ကျနော််တို့ ပါတာကတော့ ဆောင်ရွက်နေတဲ့ကိစ္စတွေပြောတာပါပဲ။ သီးခြားတော့ သပ်သပ်တွေ့ပါတယ်။ သီးခြားတွေ့တယ်ဆိုတာ ဒီလိုပဲ ပေါ့ ကျနော်တို့အနေနဲ့ စုံစမ်းစစ်ဆေးရေး၊ National Initiative လုပ်ထားတဲ့ နိုင်ငံခြားသား ၂ ယောက်ပါတဲ့ စုံစမ်းစစ်ဆေးရေး inquiry ကော်မရှင်ကို ဖွဲ့ထားတယ်။ အဲဒါတွေက ဆောင်ရွက်နေတယ် အဲဒီ Report တွေ မရသေးဘူး သူတို့ လုပ်တုန်းရှိသေးတယ်။ အဓိကက အဲဒီအကြောင်းတွေပဲ ပြောတာ။"

မြန်မာနိုင်ငံကို မနေ့က စတင်ရောက်ရှိလာခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဒီကနေ့မနက်ပိုင်းကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ သွားရောက်ပြီး၊ အဲဒီကနေတဆင့် မောင်တောမြို့ကို သွားရောက်ပြီး ရွှေဇားနဲ့ ပန်းတော်ပြင်ရွာက အစ္စလာမ်ဘာသာဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာအစိုးရဲ့ လက်ခံကြိုဆိုရေးစခန်းတခု ဖြစ်တဲ့ တောင်ပြိုလက်ဝဲစခန်းကို သွားရောက်လေ့လာခဲ့တယ်လို့ ပြောပါတယ်။ အဲဒီစခန်းတွေကို သွားရောက်ခဲ့စဉ်အတွင်း ဒုက္ခသည်တွေ ပြန်ရောက်လာတွေ မတွေ့ရတာနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဘက်က ထောက်ပြခဲ့တယ်လို့ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်က ပြောပါတယ်။

"ဒါကတော့ သူတို့ရောက်ခဲ့တယ် ရောက်ခဲ့တဲ့အခါကျတော့ လက်ခံရေးစခန်းတွေမှာတော့ လူမတွေ့ရသေးဘူးပေါ့နော် ဒါလည်းမှန်တယ်လေ လက်ခံရေးစခန်းတွေမှာ ပုံမှန်ဝင်လာဖို့ အတွက် ကျနော်တို့ ဆောင်ရွက်နေတယ် ကျနော်တို့ဘက်က အဆင်သင့်ဖြစ်နေတယ်။ ဒါကတော့ သူသိသွားမှာပေါ့။ လူတွေကတော့ မရောက်သေးဘူးလေ အဲဒါတော့သူတို့ပြောပါတယ်။ တွေ့ခဲ့တယ်ပေါ့နော် လူတွေကိုတော့ မတွေ့ခဲ့ဘူးပေါ့နော်။ ဒါကတော့ ဘယ်တွေ့ဦးမလဲ လာမှ မလာသေးတာ။"

ဒုက္ခသည်တွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးထား ပေမယ့် ၊ အခုချိန်ထိဒုက္ခသည်တွေ ပြန်လာနိုင်ခြင်းမရှိသေးတဲ့အပေါ်မှာ နိုင်ငံတကာက မြန်မာအစိုးရဘက်ကို ပြစ်တင်ဝေဖန်နေကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ ကြိုဆိုရေးစခန်းတွေ ဖွင့်လှစ်ပြီး ဒုက္ခသည်တွေ လက်ခံတာတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပေမယ့်၊ ဒုက္ခသည်တွေ ပြန်လွှတ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ မကြာသေးခင်ကပဲ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးပြီး၊ မြန်မာစစ်တပ်ကိုလည်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပေးဖို့အတွက် တောင်းဆိုနေကြချိန်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအခုလို မြန်မာနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ မကြာသေးခင်ကလည်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာရာဇ၀တ်ခုံရုံး ICC ကို လွှဲပြောင်းပြီး စုံစမ်းစစ်ဆေးသွားဖို့ ဗြိတိန် ပါလီမန်အမတ်တွေက ဗြိတိန်အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG