သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေပြန်နိုင်ရေး တရားမျှတမှု ဦးစွာဆောင်ရွက်ဖို့ ဗြိတိန်ဝန်ကြီး တိုက်တွန်း


ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt က ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း ဒေသကို သွားရောက်
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt က ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း ဒေသကို သွားရောက်

ရခိုင်မြောက်ပိုင်း ပဋိပက္ခတွင်း ကြမ်းကြုတ်ရက်စက်မှုတွေ အပေါ် တာဝန်ခံမှုနဲ့ တရားမျှတမှုရှိမှ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်မှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း ဒေသကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ရခိုင်အရေးပြသနာ၊ ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေ အရေးတို့ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဆွေးနွေးခဲ့တာပါ။ နိုင်ငံခြားရေး ဝန်ကြီး Hunt က သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ လူမှုကွန်ယက် တွစ်တာကနေ မေးမြန်းခဲ့ကြတာတွေကို ဖြေကြားချက်တွေထဲက တချို့ကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြပါမယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Jeremy Huntက ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဒေသတချို့ကို ကိုယ်တိုင်သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံပါတယ်။ ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ရခိုင်မြောက်ပိုင်း ပဋိပက္ခနောက်ပိုင်း ခရီးစဉ်နဲ့ ပတ်သက်လို့ သူက အခုလို မှတ်ချက်ပေးပါတယ်။

"ဒီမနက်ဘဲ ရခိုင်ပြည်နယ်ကို သွားခဲ့ပါတယ်။ လူတွေနဲ့ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် လူတွေက ထုတ်ဖော် ပြောဆိုရမှာကို ကြောက်နေကြတယ်လို့ဘဲ ကျနော် မှတ်ချက်ပေးချင်ပါတယ်။ အဲဒီမှာ အကြောက်တရားက ကြီးစိုးနေပါတယ်။ ဒါကလည်း ဖြေရှင်းရမယ့် ကိစ္စပါ။"

ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှုရှိရှိ ဌာနေပြန်ရေး လုပ်ငန်းစဉ် အပေါ် ဗြိတိန် အနေနဲ့ အားပေး ထောက်ခံပေမယ့်လည်း ဒီလို ဌာနေပြန်နိုင်ရေး အတွက် ကြမ်းကြုတ်ရက်စက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး တရားစီရင်နိုင်ဖို့ လိုအပ်တယ်လို့ ဝန်ကြီး Hunt က ပြောပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးက သိပ်ပြီး အန္တရာယ်များလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။ ရိုဟင်ဂျာ ပြသနာမှာ စစ်တပ် ဝင်ပါလာတဲ့ ကိစ္စ အပေါ်မှာ စိုးရိမ်တယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt က ပြောပါတယ်။

"မူဆလင် ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေကြား နှစ်ပေါင်းများစွာ ကတည်းက ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းနဲ့ တည်ရှိလာတဲ့ ပြဿနာပါ။ လတ်တလော ကျနော်တို့ စိုးရိမ်ချက်ကတော့ ဒီအငြင်းပွားမှုမှာ စစ်တပ်က ပါဝင် ပတ်သက်လာတဲ့ အချက်ပါ။ ဒါ့အပြင် ရွာတွေကို မီးရှို့၊ ရိုဟင်ဂျာတွေကို နယ်စပ်ကို မောင်းထုတ်ခဲ့ပုံလည်း ရပါတယ်။"

မြန်မာ အစိုးရကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို သဘောတူ ဆောင်ရွက်နေပေမယ်လို့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါ့အပြင် ရိုဟင်ဂျာ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုတွေကို ရှင်းလင်းတိုက်ခိုက်တာသာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ရိုဟင်ဂျာတွေ အပေါ် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေ အပေါ် ရှုတ်ချ ပြောဆိုတာ မရှိဘူးဆိုပြီး ဝေဖန်ခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံဆွေးနွေးခဲ့တာပါ။

"ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံမှာ သိပ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ သူမက သမ္မတလို တာဝန်ယူထားသူပါ။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာဘဲ သူမ အနေနဲ့ စစ်တပ်ကို မထိန်းချုပ်နိုင်ပါဘူး။ ဒီမိုကရေစီ နည်းမကျတဲ့ အခြေခံ ဥပဒေ က ရှိနေတာပါ။ စစ်တပ်က ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ရနေတာပါ။ ကျနော်တို့ အနေနဲ့ ဘေးကျပ် နံကျပ် ဖြစ်နေတဲ့ သူမရဲ့ အနေအထားကို နားလည်ပေးရပါမယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာမှာတော့ ထောင်ချခံရတဲ့ ရိုက်တာ သတင်းထောက်တွေ အရေးလည်း ဆွေးနွေးခဲ့တာပါ။ ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး အရေးဟာ ပြည်တွင်းရေး ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Hunt က ပြောပါတယ်။ ဒါပေမယ့် ဒီသတင်းထောက် နှစ်ယောက်အပေါ် တရားစီရင်မှုမှာ တရားဥပဒေနဲ့ ညီရဲ့လားဆိုတဲ့ အပေါ် စိုးရိမ်မှု၊ နောက် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို အကာအကွယ်ပေးလိုတယ်လို့လည်း ဝန်ကြီး Hunt က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဒီကိစ္စကို စုံစမ်းပါမယ်လို့ ပြောခဲ့ကြောင်းလည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt က တွစ်တာမှာ မေးမြန်းချက်ကို ပြန်ပြီး ဖြေကြားထားတာပါ။

ဒါ့အပြင် ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာ တာဝန်ခံမှုနဲ့ တရားမျှတမှု ရှိမလာဘူးဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC ကို လွှဲပြောင်းရေး အပါအဝင် နည်းလမ်းပေါင်းစုံ ရှာကြရမယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။ ဒါပေမယ့် ICC ကို လွှဲပြောင်းရေးဆိုတာမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ထောက်ခံမှု လိုအပ်တာကြောင့် ရဖို့ မသေချာတဲ့ အခြေအနေကြောင့် တခြား နည်းလမ်းတွေကို ရှာဖို့လည်း လိုအပ်တယ်လို့ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG