သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို ICC လွှဲပြောင်းရေး ဗြိတိန်အမတ် ၁၀၀ ကျော်တောင်းဆို


မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းပြီး စုံစမ်းစစ်ဆေးသွားဖို့ ဗြိတိန် ပါလီမန်အမတ်တွေက တောင်းဆို လိုက်ပါတယ်။ ဗြိတိန်ပါလီမန် အမတ် ၁၆၀ကျော်က ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကို လက်မှတ်ရေးထိုးတောင်းဆို လိုက်တာဖြစ်ပါတယ်။ အခုလို မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နဲ့ ဗြိတိန်တို့ရဲ့ ထောက်ခံမှုကလည်း သိပ်ကိုအရေးကြီးတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက် ခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပြီး စုံစမ်းစစ်ဆေးသွားဖို့ ဗြိတိန်ပါလီမန်အမတ်တွေက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ပါတီပေါင်းစုံက ပါလီမန်အမတ် ၁၆၀ကျော်က ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ နဲ့ နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt တို့ကို လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဗြိတိန်ပါလီမန်အမတ် Rushanara Ali က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

"မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံးကိုလွှဲပြောင်ပေးဖို့ အတွက် ဗြိတိန်အစိုးရ အနေနဲ့ ကြိုးပမ်းဖို့အတွက် ဗြိတိန်နိုင်ငံမှာရှိတဲ့ ပါလီမန်အမတ် ၁၆၀ ကျော်က ဒီကနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က လူမျိုးတုံး သတ်ဖြတ်မှု နဲ့ လူသားမျိုးနွယ်တွေအပေါ်မှာ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာတွေကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာနိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းလောက် ထွက်ပြေးခဲ့ကြပြီး၊ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည် ၁ သန်းလောက် ရှိနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒါနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိအောင် ကြိုးပမ်းဖို့လိုပါတယ်။အစီရင်ခံစာပါတွေ့ရှိချက်တွေဟာ အလွန်ကို စိုးရိမ်စရာကောင်းပါတယ်။"

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ မကြာခင်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး၊ သူ့ရဲ့ ခရီးစဉ်မတိုင်ခင်မှာ ဗြိတိန်ပါလီမန်အမတ်တွေက အခုလို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဗြိတိန်အမတ်တွေရဲ့ စာထဲမှာတော့ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ရိုဟင်ဂျာ ပဋိပက္ခမှာ လူမျိုးတုံး သတ်ဖြတ်မှု ရည်ရွယ်ချက် ပါတယ်လို့ မှတ်ချက်ပေးထားတာကို ထောက်ပြပြီး ဒါဟာဆိုရင် နိုင်ငံတကာ ဥပဒေတွေကို အဆိုးရွားဆုံး ချိုးဖောက်မှု ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှု ရှိရှိ ဌာနေပြန်နိုင်ရေး အခြေအနေ တရပ်ကို ဖန်တီးပေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်၊ နောက် ကိုဖီအာနန် ကော်မရှင်ရဲ့ ရခိုင်အရေး အကြံပြုချက်တွေကို မြန်မာ အစိုးရဘက်က လစ်လျူရှုထားပြီး သဘောတူညီချက်တွေကိုလည်း လေးစားမှု မရှိဘူးလို့ ဗြိတိန် လွှတ်တော် အမတ်တွေက စွပ်စွဲထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ နဲ့ ဗြိတိန်တို့ရဲ့ ထောက်ခံမှုကို ရဖို့ကအရေးကြီးတယ်လို့ Mark Farmaner ပြောပါတယ်။

"ICC အနေနဲ့ ဒါကို စုံစမ်းစစ်ဆေးနိုင်ဖို့က အလွန်ကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ICC အနေနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတချို့ကို စုံစမ်းစစ်ဆေးနိုင်ပေမယ့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အပြည့်အ၀ စုံစမ်းစစ်ဆေးဖို့ မပေးဘဲနဲ့တော့ မြန်မာစစ်တပ်က တခြားတိုင်းရင်းသားတွေအပေါ်မှာ ကျူးလွန်တဲ့ပြစ်မှုတွေကိုတော့ စုံစမ်းစစ်ဆေးနိုင်မှာမဟုတ်ပါဘူး။ ဒါက မှန်ကန်မှုမရှိပါဘူး။ မြန်မာစစ်တပ်က နိုင်ငံတဝှမ်းက တခြားတိုင်းရင်းသားတွေအပေါ်မှာ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုရင်၊ ဒါကိုစုံစမ်းစစ်ဆေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်အစိုးရ အနေနဲ့ ဒီစုံစမ်းစစ်ဆေးမှု ကိုထောက်ခံပြီး၊ နိုင်ငံတကာရဲ့ ထောက်ခံမှုကို စတင် တည်ဆောက်သွားဖို့က အလွန်ကိုအရေးကြီးပါတယ်။"

မြန်မာနိုင်ငံဟာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို တည်ထောင်ခဲ့တဲ့ ရောမသဘောတူစာချုပ်မှာ သဘောတူလက်မှတ်ရေး ထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံတော့ မဟုတ်ပါဘူး။အခုလို ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် ICC မှာ မြန်မာနိုင်ငံကို အရေးယူဖို့ကိစ္စက ထိရောက်မှုရှိနိုင်ပါ့မလား ဆိုတဲ့အပေါ်မှာတော့ Mark Farmaner က အခုလို ရှင်းပြပါတယ်။

"နိုင်ငံတကာဥပဒေအောက်မှာတော့ နိုင်ငံတိုင်းဟာ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ စုံစမ်းစစ်ဆေးတာကို ခံရနိုင်ပြီး၊ တကယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ဒါကို လွှဲပြောင်းပေးမယ်ဆိုရင် ICC ကနေ တရားစွဲတာကိုလည်းခံရနိုင်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ICC နိုင်ငံတကာရာဇဝတ်တရားရုံးကို လုပ်ပိုင်ခွင့် အာဏာပေးလိုက်ရင် မြန်မာနိုင်ငံအနေနဲ့ ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ထားတဲ့နိုင်ငံမဟုတ်သည့်တိုင်အောင် စုံစမ်းစစ်ဆေး တရားစွဲနိုင်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ကမ္ဘာပေါ်မှာ သြဇာအာဏာအကြီးမားဆုံးအဖွဲ့အစည်းဖြစ်ပြီး ကိစ္စတိုင်းလိုလိုကို ဆုံးဖြတ်နိုင်ပါတယ်။"

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘူးလို့ ယတိပြတ် ပြောဆိုထားတာပါ။ မြန်မာနိုင်ငံဘက်က ထွက်သွားသူတွေတိုင်းကို ပြန်လက်ခံမယ်လို့ဆိုတဲ့ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို မြန်မာဘက်က စတင်ဆောင်ရွက်လာပေမယ့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကတော့ ဒုက္ခသည်တွေ ဌာနေပြန်နိုင်မယ့် အခြေအနေ မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG