သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ စစ်ဖက်ဆက်ဆံရေး အဆုံးသတ်ဖို လူ့အခွင့်ရေးအဖွဲ့တွေတောင်းဆို


Australia နိုင်ငံဟာ မြန်မာနဲ့ စစ်ရေးဆက်ဆံမှုတွေကို ချက်ချင်းအဆုံးသတ် ဖို့အတွက် Australia နိုင်ငံရဲ့ ACID နိုင်ငံတကာဖွံ့ဖြိုးရေးကောင်စီနဲ့ လူ့အခွင့်ရေးအဖွဲ့ကြီး ၃ ဖွဲ့ဖြစ်တဲ့ Amnesty International, Human Rights Law Centre နဲ့ Human Rights Watch တို့က အင်္ဂါနေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို တာဝန်ခံတာဝန်ယူမှု ရှိလာစေဖို့ Australia အစိုးရက မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ကုလလူ့အခွင့်ရေးကောင်စီမှာ အဖွဲ့ဝင်ဖြစ်လာတဲ့ Australia အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွါးတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး တိုးမြှင့်အရေးယူ ဆောင်ရွက်ဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင်တဲ့ လူ့အခွင့်ရေးကောင်စီရဲ့ ၃၉ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးဖို့ ဖေါ်ပြထားတဲ့ သူတို့ရဲ့ အစီရင်ခံစာ ကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။

ကုလ အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ကျူးလွန်သူတွေကို တားဆီးဖို့ ပျက်ကွက်မှုနဲ့ ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိနေနိုင်သူတွေ အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် အကြီးအကဲ ၆ ယောက်ရဲ့ အမည်တွေကိုတင်ပြထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဆိုးဝါးတဲ့ အခြေနေတွေကို ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ စုံစမ်းခွင့်ရအောင် ကုလသမဂ္ဂ လုံခြုံရေကောင်စီကို တင်သွင်းနိုင်ရေးအတွက် Australia နိုင်ငံ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေချိန်မှာ ထောက်ခံမှု ပေးဖို့ လူ့အခွင့်ရေးအဖွဲ့ ၃ ဖွဲ့နဲ့ Australia နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့ တို့က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG