သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းရှုးမြို့နယ်တွင်း SSPP နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်


 မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSA တပ်သားတဦး
 မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSA တပ်သားတဦး

NCAအပစ်ရပ်စာချုပ်လက်မှတ်မထိုးနိုင်သေးတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSAရဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်ကတပ်စခမ်းတခုကို တပ်မတော်ကနေဝင်ရောက်လာတို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွါးခဲ့တယ်လို့ SSPPတာဝန်ရှိသူတွေကပြောပါတယ်။ တပ်မတော်အနေနဲ့ အဲဒီဒေသအတွင်း နယ်မြေစိုးမိုးမှု လုပ်ဆောင်ချက်ကြောင့်တိုက်ပွဲဖြစ်နေတယ်လို့လဲရှမ်းပြည်နယ်အရေးအကဲခတ်သူတွေကဆိုပါတယ်။ အပြည့် အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွမ်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSA တို့အကြား ဒီမနက်မှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ SSPPတွဲဖက်အတွင်းရေးမှူးစိုင်းခမ်းသီကပြောပါတယ်။

"ဒီမနက်ပိုင်းမှာ မိုင်းရှူးဘက်မှာလို့ကြားတယ်။ လမ်းမှာတိုးတယ်လို့ပြောတယ်။ မိုင်းရှူးကနေတောင်ပေါ်တက်တဲ့ လမ်းလေ။ ပါခီးလမ်းလို့ပြောတယ်။ ပါခီးဘက်က။ တိုက်ပွဲဖြစ်တယ်လို့ပြောတယ်။"

တိုက်ပွဲအတွင်းထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးဘူးလို့သူကပြောပါတယ်။

ဒီမနက် မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSAရဲ့တပ်စခမ်းကို တပ်မတော်ဘက်ကနေ တိုက်ခိုက်တဲ့ အခြေ အနေကိုတော့ ရှမ်းသံတော်ဆင့်သတင်းအယ်ဒီတာချုပ်စိုင်းမိန်းကအခုလိုပြောပါတယ်။

"အဲဒီဒေသမှာတိုက်ပွဲဖြစ်မယ်ဆိုတဲ့ဟာက လူထုကစိုးရိမ်မှုရှိနေတာ(၁၀)ရက်လောက်ရှိပြီး စကခ(၁၇)အဲဒီ လက် အောက်ခံတပ်ရင်းတခုဖြစ်တဲ့ ခမရ(၅၂၅)က အင်အား(၁၀၀)ဝန်းကျင်လောက်ရှိတယ်။ အဲဒီဒေသဘက်ကိုလှည့်ပတ် နေတယ်ဆိုတော့ လူထုကတော့စိုးရိမ်မှုရှိတယ်။ ဒီမနက်ကတော့(၉)နာရီထိုးခါနီးမှာ အင်အား(၈၀)ကျော်လောက် ရှိတဲ့စစ်ကြောင်းက တက်ကတိုက်တာပေါ့။ ပါခီးရွာရဲ့တောင်ဖက်ပေါ့။ မိုင်းရှူးမြို့ရဲ့အရှေ့မြောက်ဖက်(၇)မိုင် အကွာ လောက်မှာရှိမယ်။ အဲဒီမှာနမ့်တောင်ဆိုတဲ့ကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်တယ်။ တနာရီကျော်ကျော်တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲထိစပ်မှုအခြေအနေကတော့ SSPPဘက်က ကျွန်တော်တို့ဆက်သွယ်မေးမြန်းသိရှိချက်အရကတော့ တပ်မတော်စစ်ကြောင်းကနေပြီးတော့မှ ပတ္တမြားတောင်တပ်စခမ်းကိုလာတိုက်တယ်လို့ပြောတယ်။ ရွာနဲ့နဲနဲဝေး တော့လူထုတွေ ကျေးရွာအတွင်းလက်နက်ကြီးကျတာတွေ မရှိခဲ့ဘူး။"

မိုင်းရှူးမြို့နယ်အတွင်း မြောက်ပိုင်းရှမ်းပြည်တပ်မတော်တပ်စခမ်းကို မြန်မာ့တပ်မတော်ဘက်ကနေ တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကို ရှမ်းသံတော်ဆင့်သတင်းအယ်ဒီတာချုပ်စိုင်းမိန်းကအခုလိုသုံးသပ်ထားပါတယ်။

"ဘာဖြစ်လို့တိုက်ပွဲဖြစ်ပွါးနေရလဲအကြောင်းအရင်းကတော့ တပ်မတော်က အဲဒီလမ်းကြောင်းဖက်ကို လမ်းဖေါက် မယ်ဆိုတဲ့စီမံချက်ကိုချတော့ SSPPဘက်ကလက်မခံဘူး။ တပ်တွေဖယ်ပေးဖို့တပ်မတော်ကညွှန်ကြားတယ်။ ဒါပေမဲ့SSPPဘက်ကမဖယ်ဘူး။ အဲဒီလိုနဲ့ဘဲ ဟိုတုန်းကလဲတိုက်ပွဲဖြစ်ခဲ့တယ်။ အခုကတော့ အဲဒီဒေသက မိုင်းရှူးမြို့ ရဲ့ပတ္တမြားတောင်ပေါ့နော်။ ဒီပတ္တမြားထွက်တဲ့နေရာနဲ့လဲနီးတယ်။ အဲဒီဂွင်ထဲကျတယ်ဆိုတော့ နယ်မြေစိုးမိုးမှုအ ပေါ်မှာလဲမူတည်တယ်လို့ ထင်မိပါတယ်ခင်ဗျား။ ဒီတိုက်ပွဲဖြစ်တာကတော့။"

ပြီးခဲ့တဲ့(၂၀၁၅)ခုနှစ်တုန်းကလဲ မြောက်ပိုင်းရှမ်းပြည်တပ်မတော်အဖွဲ့တွေအနေနဲ့ မိုင်းရှူး မိုင်းနောင် ကားလမ်း မြောက်ဘက်ခြမ်းကိုဆုတ်ခွါပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်ကတောင်းဆိုခဲ့ပေမဲ့ SSPPဘက်က လက်မ ခံခဲ့တာကြောင့် တိုက်ပွဲတွေဖြစ်ပွါးခဲ့ပါတယ်။

SSPPဟာ မြန်မာအစိုးရနဲ့NCAအပစ်ရပ်လက်မှတ်မထိုးနိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ(၁)ရက်နေ့တုန်းက ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဌဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ဝမ့်ဟိုင်းဌာနချုပ်ကိုလာရောက်ပြီးတော့SSPP/SSAခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ် တွေကိုဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာဘဲ တပ်မတော်ကနေ SSPPကျောက်မဲမြို့နယ်က လွယ်ရင်တပ်စခမ်း တိုက်ခိုက်ခဲ့ပါတယ်။

တပ်မတော်ရဲ့ စစ်ရေးအရဖိအားပေးနေတဲ့လုပ်ဆောင်ချက်တွေဟာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကွဲလွှဲမှုရှိနေ တယ်လို့ စိုင်းမိန်းကအမြင်ရှိနေပါတယ်။

"ငြိမ်းချမ်းရေးလုပ်နေတဲ့လမ်းကြောင်းနဲ့ တပ်မတော်သွားနေတဲ့လမ်းကြောင်း နဲနဲလေးကွဲနေတယ်လို့ ကျွန်တော် တို့မြင်မိတယ်။ တဖက်ကလဲငြိမ်းချမ်းရေးသွားနေတယ်။ တဖက်ကလဲ စစ်အင်အားအပြိုင်တိုးချဲ့ပြီးတော့မှ နယ်မြေစိုးမိုးမှုအပြိုင်လုပ်နေပြီးတော့မှ တိုက်ပွဲတွေဖြစ်နေတယ်လို့ဘဲမြင်မိတယ်။ တိုက်ပွဲကြောင့်ငြိမ်းချမ်းရေး မှာဖိအားတစုံတရာ သက်ရောက်မလားဆိုတဲ့ အချက်လဲပါရင်ပါမှာပေါ့ဗျာ။"

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး NCAအပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးနိုင်ရေးကြိုးပမ်းနေတာ လက်ရှိ(၁၀)ဖွဲ့လောက်NCAလက်မှတ်ရေးထိုးနိုင်ပြီးဖြစ်ပေမဲ့ ကျန်ရှိတဲ့လက်နက်ကိုင် အဖွဲ့တွေနဲ့လက်မှတ်မရေးထိုးနိုင်သေးပါဘူး။

မြောက်ပိုင်းရှမ်းပြည်တပ်မတော်အဖွဲ့ဟာ ဝတပ်ဖွဲ့ UWSAဦးဆောင်တဲ့ FPNCC မြောက်ပိုင်းမဟာအဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် NCAလမ်းကြောင်းကိုလက်မခံဘဲ ပါဝင်သင့် ပါဝင် ထိုက်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးစကားဝိုင်းတိုက်ရိုက်သွားတဲ့နည်းလမ်းကို လိုလားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

လက်ရှိမှာ NCAအပစ်ရပ် ကရင်အမျိုးသားအစည်းအရုံးKNUနဲ့ တပ်မတော်တို့အကြားစစ်ရေးတင်းမာနေသလို ကချင်ပြည်နယ်မှာလည်း KIA နဲ့ စစ်ရေး တင်းမာနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG