သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ပွဲတွေ ငြိမ်နေပေမယ့် တပ်အပြောင်းအရွှေ့များရှိနေ


စစ်ကားများကိုတွေ့ရစဉ် (မတ်လ ၂၀၁၃)
စစ်ကားများကိုတွေ့ရစဉ် (မတ်လ ၂၀၁၃)

ကချင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေငြိမ်သက်ပြီး အစိုးရတပ်ရင်းတပ်ဖွဲ့တွေ ပြန်လည် ရုတ်သိမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီပြန်လည်ရုတ်သိမ်းတဲ့တပ်တွေဟာ ကချင်လွတ်လပ်ရေး အဖွဲ့ KIOဌာနချုပ်လိုင်ဇာနဲ့ မိုင်ဂျာယန်ဘက်ကို ရွှေ့ပြောင်းချထားလာနေတယ်လို့ KIO ပြောခွင့်ရသူက ပြောပါ တယ်။ လောလောဆည်မှာ စစ်ရှောင်ဒုက္ခသည်တွေဟာ သူ့တို့ဒေသမှာ လုံခြုံရေး အာမခံချက်မရှိသေးတာ ကြောင့် နေရပ်မပြန်နိုင်ဘဲ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကချင်ပြည်နယ် တနိုင်း၊ ဖားကန့်နဲ့ အင်ဂျန်းယန်ဒေသဖက်တွေမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အဲဒီနေရာတွေက ဒေသခံတွေဟာ စစ်ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်ခဲ့ရပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တိုက်ပွဲတွေ ငြိမ်သက်သွားသလို အစိုးရတပ်မတော်စစ်ကြောင်းတွေလည်း ပြန်လည်ရုတ်သိမ်းတာတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက ဒီလိုရုတ်သိမ်းတဲ့တပ်ဖွဲ့တွေကို တရုတ်မြန်မာနယ်စပ်က KIO ဌာနချုပ်ဖက်ကို ရွှေ့ပြောင်းလာနေကြောင်း ပြောပါတယ်။

“ အခုလောလောဆည် ဒီတပတ်အတောအတွင်းမှာကတော့ တိုက်ပွဲတွေ မရှိပါဘူး။ တပ်မတော်ဘက်ကလည်း သူတို့ တပ်တွေ အပြောင်းအလဲရှိတယ်လို့ ကြားသိရပါတယ်။ KIA တပ်မဟာ ၂ဖက်က ထိုးထားတဲ့ စစ်ကြောင်း ရယ်။ တပ်မဟာ ၁ တပ်ရင်း ၄ဘက်မှာ ထိုးထားတဲ့စစ်ကြောင်းတွေရယ် ။ တခြား တော်တော်များများ စစ်ကြောင်းတွေက အကုန်လုံးဒီ KIO ဌာနချုပ်ဖြစ်နေတဲ့ လိုင်ဇာဝန်းကျင်ပေ့ါ။ မိုင်ဂျာယန်ပတ်ဝန်းကျင်ဒေသမှာ သူတို့က တပ်တွေအစားထိုးနေတယ်ဆိုတဲ့ သတင်းတွေကြားပါတယ်။”

KIA တပ်မဟာ ၂ဟာ တနိုင်းနဲ့ ဖားကန့်ဒေသဖက်မှာ အခြေစိုက်လှုပ်ရှားပြီး တပ်မဟာ၁ကတော့ ချီဗွေနဲ့ အင်ဂျန်းယန်ဒေသဖက်တွေမှာ အခြေစိုက်လှုပ်ရှားနေတာဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေအပေါ်မှာ ဗိုလ်မှုးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“ မြေပြင်အခြေအနေအရပြောမယ်ဆို အရင်က အောက်ပိုင်းကနေ ထိုးဝင်လာတဲ့စစ်ကြောင်းတွေကလည်း ကချင်ပြည်နယ်ရဲ့ အပြင်ဘက်မှာ မရောက်သေးတဲ့အခါကျတော့ တပ်မတော်ဘက်ကနေ စစ်ဆင်ရေးကတော့ ဆက်ရှိနေသေးတယ်ဆိုတဲ့အနေအထားတော့ တွေ့ပါတယ်။”

အင်ဂျန်းယန်မြို့နယ်ကနေ မြစ်ကြီးနားမြို့နယ် တန်ဖဲရွာကို တိမ်းရှောင်လာသူတွေကတော့ သူတို့နေထိုင်ရာ ကျေးရွာကို ပြန်သွားကြည့်တဲ့အခါ အစိုးရတပ်မတော်က စစ်သားတွေ ကျန်ရှိနေသေးတာကို တွေ့ရကြောင်း ပြောပါတယ်။

လက်ရှိအခြေအနေအရ သူတို့လုံခြုံရေးကို စိတ်မချရသေးတာကြောင့် နေရပ်ကို မပြန်နိုင်သေးကြောင်း အင်ဂျန်းယန်က တိမ်းရှောင်လာသူတဦးက ပြောပါတယ်။

“နှစ်ဘက်စလုံးကရော၊ ပြီးတော့ လွှတ်တော်ကရော ပြန်လာပါဆိုပြီးပြောတယ်။ ဒါပေမဲ့ သူတို့လည်း သိပ်ပြီးတော့ တာဝန်မခံရဲဘူးဗျာ။ အဲဒါကြောင့် ကျနော်တို့က ပြန်လာဖို့လည်း စကောစကဖြစ်နေတာကိုး။ အားလုံးက တာဝန်ခံပေးတာလည်း မရှိဘူးဆိုတော့။ ဗမာစစ်သားတွေ သူတို့လည်း အဲလို တကွဲတပြားနဲ့ ဟိုမှာ ၅၀၊၆၀။ ၃-၄၀ အဲလို ဟိုတနေရာ၊ ဟိုတနေရာနဲ့ အဲလို ရှိနေတာကို ကျနော်တို့ သိရတာပေါ့။ သူတို့က အဲလို ရှိနေတော့ တနေ့နေ့တော့ KIA ကလည်း တောလည်ပြီးမှ ရှာနေကြရင်တော့ ဖြစ်တော့ ဖြစ်မှာပေါ့။ အဲဒါကို ကျနော်တို့က စိုးရိမ်တာပေါ့။ အဲဒါကြောင့် ကျနော်တို့က မပြန်ရဲတာ။ ”

အင်ဂျန်းယန်မြို့နယ်က စစ်ရှောင်ပြည်သူ ၁၃၀၀လောက်ဟာ တန်ဖဲရွာမှာ ဆက်လက်နေထိုင်နေကြဆဲ ရှိနေပါတယ်။

ဒီလပိုင်းတွေအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် လုံခြုံရေးအာမခံချက် လိုအပ်နေကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးအင်ရှန်ဆန်အောင် က ပြောပါတယ်။

“ စစ်ရေးလှုပ်ရှားမှု မရှိတာဘဲ ရှိပါတယ်။ ဒါပေမဲ့ ထိုးစစ်ကနေ ပြန်ရုတ်သွားတဲ့ အနေအထားမျိုးတော့ မတွေ့သေးဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ရဖို့ကတော့ တော်တော်လေး ခက်ပါသေးတယ်။ သူတို့ရဲ့ လုံခြုံမှု တော်တော်ရှိပြီဆိုမှပဲ သူတို့က ပြန်လို့ အဆင်ပြေမယ်လို့ ကျနေ်ာက မြင်တာပေါ့လေ။”

ကချင်ပြည်နယ် ဖားကန့်ဒေသ ဧပြီလ ၆ရက်နေ့က တံတားညီနောင်က အစိုးရတပ်စခန်းကို KIAက တိုက်ခိုက်ခဲ့တဲ့နောက် ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ အနည်းဆုံး ဒုက္ခသည် ၇ထောင်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG