သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးညှင်းဒေသ စစ်ရေးပြင်ဆင်မှုတွေရှိနေ


ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်က စစ်အင်အား တိုးချလာတာကြောင့် လာမယ့် မိုးရာသီကာလမှာ ထိုးစစ်တွေ ရှိလာ နိုင်တယ်လို့ KIA တပ် စစ်ခေါင်းဆောင်တချို့က သုံးသပ်ပါတယ်။ KIA ကချင်တပ်မဟာ(၈) တပ်ရင်း(၅)နယ်မြေဖြစ်တဲ့ မိုးညှင်းမြို့ဘက်မှာ အစိုးရတပ်က စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာကိုကြည့်ရင် လာ့မယ်ကာလအတွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ပြီး စိုးရိမ်နေကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်ဖြစ်တဲ့ မိုးညှင်းမြို့ဘက်မှာ အစိုးရတပ်က KIA တပ်ရင်း(၅)နယ်မြေထဲကို မေလ(၁၆)ရက် ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်မဟာ(၆) တပ်မဟာမှူး ဗိုလ်မှူးကြီးဇော်ဂွန်းက VOA ကိုပြောပါတယ်။

“ ဒီနေ့ ကျနော်တို့ တပ်ရင်း(၅)နယ်မြေဘက်မှာ လေယာဉ်ပျံနဲ့ ဗုံးသွားကြဲတယ် .. အစိုးရတပ်ကပေါ့။ (၅)က မိုးညှင်းမြို့နယ် ဖြစ်မယ်။ အခုက ရာသီဥတု အခြေအနေ ကောင်းနေတယ်။”

မြန်မာ့တပ်မတော်က အခုလိုဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မေးမြန်းဖို့ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်ပေမယ့် အဆက်သွယ် မရခဲ့ ပါဘူး။ ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်က စစ်ရေးအင်အား အပြောင်းအရွှေ့ လုပ်နေသလို၊ မိုးညှင်းမြို့မှာ ဒီကနေ့ စစ်အင်အား တိုးချလာတာ တွေ့ရကြောင်း ဒေသခံ ကိုဗညား ပြောပါတယ်။

“ ဒီ မြစ်ကြီးနားကနေပြီး လိုင်ဇာဘက်ကို သူတို့ တင့်ကား(၄)စီးနဲ့ စစ်ကား(၂)စီးပေါ့နော် အင်အားတိုးချဲ့ ချတာရှိတယ်။ ကျနော်တို့ မိုးညှင်းမြို့မှာလည်း ဒီကနေ့ ညနေ(၄)နာရီခွဲလောက် (နမခ)တပ်က အင်အား(၁၀၀)လောက် ဘူတာကနေဆင်းပြီးတော့ မိုးညှင်းမှာ အင်အား တိုးတာရှိတယ်။ အဲဒီ မိုးညှင်းမှာတိုးတဲ့ အင်အားကတော့ မိုးညှင်းမှာရှိမလား သို့မဟုတ် တနိုင်းဘက် ဆက်သွားမလား ဆိုတာကတော့ ကျနော်တို့ မသိရသေးဘူး။ သေချာတာကတော့ တပ်အင်အားက နေ့စဉ်နီးနီး တိုးနေတာ မြင်နေရတယ်ပေါ့။”

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)မှာ မကြာသေးခင်က တိုင်းမှူးအပြောင်းအလဲဖြစ်ခဲ့ပြီး တိုင်းမှူးအသစ်ဖြစ်လာတဲ့ ဗိုလ်မှူးချုပ် တေဇကျော်ရဲ့ သတင်းစာရှင်းလင်းပွဲ မိန့်ခွန်းအရ လာမယ့် မိုးရာသီကာလမှာ ကချင်ဒေသအတွင်း အစိုးရတပ်ရဲ့ ထိုးစစ်တွေ တိုးလာနိုင်တယ်လို့ KIA တပ်မဟာမှူး ဗိုလ်မှူးကြီးဇော်ဂွန်းက သုံးသပ်ပါတယ်။

“ ဟိုတနေ့က မပခ-တိုင်းမှူးရဲ့ သတင်းစာရှင်းလင်းပွဲကလည်း အားလုံး ကြားမိမယ်ထင်တယ်၊ မပခတိုင်းမှူးအသစ် ပြောတဲ့ စကားအရ ဆိုရင်တော့- မိုးရာသီပဲဖြစ်ဖြစ် နွေရာသီပဲဖြစ်ဖြစ် သူတို့က အပြတ်ရှင်းမယ်ဆိုတဲ့သဘော သက်ရောက်တယ်လို့ ကျနော်က အဲလိုပဲ နားလည်တယ်လေ။ ကျနော်တို့ကတော့ ကျနော်တို့တပ်စခန်း ချထားတဲ့နေရာမှာ ရန်သူတွေ ဝင်လာရင်တော့ ခုခံဖို့အတွက်တော့ အဆင်သင့်ပေါ့။ အဲလိုတော့ ရှိထားတယ်။”

တကယ်တော့ ကချင်ဒေသတွင်း ဖြစ်နေရတဲ့ လက်ရှိစစ်ပွဲတွေဟာ သဘာဝသယံဇာတအပေါ် အခြေခံနေတဲ့ စစ်ပွဲတွေဖြစ်တာကြောင့် တရားဥပဒေစိုးမိုးမှု ကျဆင်းလာသလို၊ ဒေသခံတွေ စိုးရိမ်စိတ်ပိုတိုးလာနေရတယ်လို့ ကိုဗညား ပြောပါတယ်။

“ ပွင့်ပွင့်လင်းလင်း ပြောရရင် မိုးညှင်းရဲ့အရှေ့တောင်မှာလည်း သစ်တောတွေရှိတယ်။ သစ်သယံဇာတတွေ ရှိတယ်။ မိုးညှင်း အနောက်ဘက်မှာ ဆိုလည်းဗျာ အင်းတော်ကြီးနယ်၊ ရွှေထွက်တယ် ကျောက်ထွက်တယ်။ အဲသလိုပဲ နမ္မချီနယ်ရှိတယ်ဗျ ၊ အဲဒီမှာလည်း ကျောက်စိမ်းထွက်တယ်။ သူတို့ တင်းမာမယ့်နေရာတွေ မှန်သမျှ သယံဇာတနေရာတွေမှာပဲ တိုက်ပွဲတွေ ဖြစ်တတ်တယ်။ ဆိုတော့ ဖြစ်ကြမှာပဲဗျ။ ကျနော်ထင်ပါတယ် .. အခု (မပခ)တိုင်းမှူး အပြောင်းအလဲရယ်၊ လက်ရှိစစ်အင်အား အလွန်အကျွံ ဖြည့်တာနဲ့ဆိုတော့ တိုက်ပွဲကတော့ ရှောင်လို့ရမယ် မထင်ဘူး ဖြစ်လိမ့်မယ်။ မြို့ပေါ်ရိုက်ခတ်မှု ရှိမရှိပဲပေါ့။ သေချာတာတော့ နယ် ရွာကလေးတွေကတော့ နည်းနည်း စိုးရိမ်ရတယ်ဗျ .. တိုက်ပွဲ ပြင်းထန်လာနိုင်တယ်။ ဆိုတော့ အခုတိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာ ကျောက်ဈေးကွက် ပျက်သွားတာကြောင့် ဒီမှာတော့ ခိုးဆိုးလုယက်တဲ့ ပြဿနာလေးတွေ တော်တော်တိုးလာတယ်။ အဓိကတော့ ဥပဒေစိုးမိုးမှု မရှိဘူးပေါ့ဗျာ။”

မေလ(၁၅)ရက်နေ့ မနက်ခင်းပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးဒေသမှာ အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ဲပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း KIA နဲ့ TNLA တပ်တွေက မူဆယ်မြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သလို တနင်္လာနေ့ကလည်း မူဆယ်နဲ့ နမ့်ဖတ်ကာကြားမှာ အစိုးရတပ်နဲ့ TNLA တပ်တွေကြား တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမှုအရှိန် မြင့်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG