သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းကွဲမှုကြောင့် မြစ်ကြီးနား-မန္တလေးရထား အသွားအလာ ရပ်ဆိုင်း


ကချင်ပြည်နယ်၊ မြစ်ကြီးနား- မန္တလေးမီးရထား လမ်းပိုင်းမှာ အင်္ဂါနေ့ည သန်းခေါင်ယံအချိန်လောက်မှာ မိုင်းပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီမိုင်ပေါက်ကွဲမှုဖြစ်စဉ်၃ခုဟာ မိုးကောင်းမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့ပြီး လူအထိအခိုက်အသေအပျောက်မရှိပေမဲ့ သံလမ်းတွေ ပျက်ဆီးသွားတာကြောင့် ရထားအသွားအလာတွေ ရပ်ဆိုင်းနေပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ မြစ်ကြီးနား - မန္တလေး ရထားလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ဒီမိုင်းပေါက်ကွဲမှုဟာ အင်္ဂါနေ့ည ၁၁နာရီ ၂၀မိနစ်နဲ့ ၁၁နာရီ ၂၅မိနစ်အချိန်မှာ ဖြစ်ပွားပြီး ဒီဖြစ်စဉ်ကို မြစ်ကြီးနား ဘူတာရုံပိုင်ချုပ် ဦးခင်ဇော်က အခုလို ပြောပါတယ်။

“ မနေ့က ကျနော်တို့ မြစ်ကြီးနား- မန္တလေး လမ်းပိုင်းထဲမှာ မိုင်းကွဲတာ ၂နေရာကွဲပါတယ်ဗျ။ တနေရာက မရမ်းနဲ့ နမ္မတီးအကြား မိုင်တိုင်၆၉၅/ ၂၄နဲ့ ၆၉၆/၁ကြားမှာရှိတဲ့ တံတားနံပါတ် ၆၈၁ပေါ်မှာ ကျနော်တို့ မိုင်းရှင်းရထား တိုက်ကင်းရထားဖြတ်နေတုံးမှာ မိုင်းကွဲပါတယ်။ အချိန်ကတော့ ၂၃နာရီ ၂၅ပါခင်ဗျ။ နောက်တခုကတော့ မိုးကောင်းနဲ့ထိုပူးဘူတာအကြား ၁၀ပေ တံတားတခုလည်း ၂၃နာရီ ၂၀မှာ ဘာရထားမှ မရှိဘဲ တံတားက မိုင်းကွဲပါတယ်ဗျ။ ဟုတ်ကဲ့။ အဲဒီဖြစ်စဉ် ၂ခုဖြစ်တာပါဗျ။”

မိုးကောင်းနဲ့ ထိုပူးဘူတာအကြားဖြစ်စဉ်ဟာ မိုင်တိုင်အမှတ် ၆၈၂/ ၁နဲ့ ၂အကြားတံတားအမှတ် ၆၆၂မှာ ရထားသံလမ်းတွန့်ခေါက်နေပြီး တံတားအုတ်ခုံကွဲနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားပါတယ်။

ဒီမိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေမှာ လူအထိအခိုက်မရှိကြောင်းလည်း ပြောပါတယ်။

“ ကျနော်တို့ မိုင်းရှင်းရထားပေါ်မှာ ပါတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေရော၊ ကျနော်တို့ လုံခြုံရေးလိုက်ပါထမ်းဆောင်တဲ့ တပ်မတော်ကရော၊ ရဲတပ်ဖွဲ့ကရော ဘာမှ အထိအခိုက်အကျအဆုံး ဒဏ်ရာရရှိ မရှိပါဘူးဗျ။ လမ်းတွေ တံတားတွေ ပျက်ဆီးကုန်ပါတယ်။ ရထားလည်း တွဲတွေပျက်ဆီးပါတယ်ဗျ။”

ပြန်ကြားရေးဝန်ကြီးဌာနက ၂နေရာမှာပေါက်ကွဲကြောင်း ကနဦးသတင်းဖော်ပြပါတယ်။ မိုင်းကောင်းဘူတာက ရုံပိုင်ကြီးက ဒီကနေ့ နေ့ခင်းမှာ ထိုပူးနဲ့ မိုးကောင်းကြားမှာ မိုင်းကွဲထားတဲ့တနေရာထပ်မံတွေ့ရှိကြောင်း၊ ဒီပေါက်ကွဲမှုဟာ မနေ့ကပေါက်ကွဲတာဖြစ်နိုင်ကြောင်း ပြောပါတယ်။

“ အခုနေ့လည်က ပစ္စည်း ဟိုဖက်ထိုပူးတံတားကွဲတဲ့ဟာကို ပစ္စည်းသွားပို့တော့လေ အဲဒီကျမှတွေ့တာ။ တံတားသံပေါင်တွေဘာတွေ လဲဖို့လို့ သံပေါင်တို့၊ ဇလီဖားတို့၊ သံလမ်းတို့ယူသွားတဲ့ ရထားဖြတ်တော့မှ ကွဲထားတာတွေ့ရတော့မှ အဲဒါကြောင့် သိရတာ။ ဖြစ်တာတော့ မနေ့ညတည်းက နေမှာ။ နေ့ခင်းပိုင်းကွဲတာမရှိပါဘူး။အားလုံး ၃နေရာပါ။ မိုးကောင်းနဲ့ထိုပူးကြားက ၂နေရာ။ တံတားနံပတ် ၆၆၂နဲ့ ၆၆၅နဲ့။ နောက် မရမ်း- နမ္မတီးကြားက တံတားနံပတ် ၆၈၁အဲဒါတော့ ရထားလမ်းချော်သွားတယ်။ လုံခြုံရေးရထား။”

လမ်းအမြန်ဆုံးပြန်ပွင့်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ် ဦးခင်ဇော်က ပြောပါတယ်။

“ လမ်းပိုင်းတွေပိတ်သွားပြီးတော့မှ ရထားတွေအားလုံးရပ်ထားရပါတယ်ခင်ဗျ။ မြစ်ကြီးနားဆို ဒီကနေ့ မနက် မြစ်ကြီးနားက ထွက်မယ့်ရထားတွေအားလုံး မနက် ၄နာရီ ၄၅ကနေပြီးတော့ ညနေ ၄နာရီအထိ ထွက်မယ့် ရထားတွေ အားလုံးယာယီ ရပ်ဆိုင်းလိုက်ပါတယ် ခင်ဗျ။ မန္တလေးဖက်ကလာတဲ့ရထားတွေကတော့ ဟိုပင်မှာ ၂စင်းရပ်ထားပါတယ်။ မိုးညှင်းမှာ တစင်းရပ်ထားပါတယ်။ အဲဒီရထားပေါ်မှာပါလာတဲ့ ခရီးသည်တွေကိုတော့ သူတို့သွားချင်တဲ့ ခရီးဆုံးပေါ့နော် မိုးကောင်း၊ နမ္မတီး၊ မြစ်ကြီးနား သွားမယ့် ခရီးသည်တွေအတွက်ကိုတော့ ကျနော်တို့ မြန်မာ့မီးရထားကနေ ကားတွေ စီစဉ်ပြီး လုပ်နေကြပါတယ်။ လမ်းပိုင်းပွင့်မယ်အခြေအနေကတော့ ရောက်သွားပြီဆိုကတည်းက အမြန်ဆုံးလမ်းပွင့်နိုင်ရေးအတွက်ကတော့ ကျနော်တို့ ကြိုးစားပြီးဆောင်ရွက်နေကြပါတယ်ခင်ဗျ။ အဲဒီမှာ အင်နဲ့အားနဲ့ ။ ”

လောလောဆည်ဖျက်သိမ်းရတဲ့ ခရီးစဉ်အတွက် ရထားလက်မှတ်ဝယ်ယူထားသူတွေကို မြစ်ကြီးနားနဲ့ မန္တလေူ ဘူတာတွေမှာ ငွေပြန်အမ်းပေးတာတွေ ရှိနေပါတယ်။

မန္တလေးဘူတာကြီးက တာဝန်ကျဝန်ထမ်းတဦးကတော့ ရထားခရီးစဉ်တွေကို တရက်သာရပ်နားထားတယ်လို့ အခုလိုပြောပါတယ်။

“ ဒီနေ့ တရက်ပဲ မပြေးတာပါ။ ဒီနေ့တရက်တည်း ဖျက်သိမ်းတာပါ။ မနက်ဖန်ပုံမှန်ပါပဲ။ ဒီကနေ့ကတော့ ၃စီးဖျက်သိမ်းတာပေါ့နော်။ သူတို့ကတော့ ပိုက်ဆံပြန်အမ်းပေးပါတယ်။”

ဒီရထားလမ်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပေမဲ့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ ဖော်ပြတာမရှိသေးပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA ရဲ့ ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂၀၁၂-၂၀၁၃ခုနှစ်အတွင်း ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေပြင်းထန်စဉ်ကလည်း မြစ်ကြီးနား- မန္တလေး ရထားလမ်းပိုင်းမှာ သံလမ်းနဲ့ တံတားတွေကို ဖောက်ခွဲဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်က ပေါက်ကွဲမှုတွေကိုတော့ အစိုးရပိုင်သတင်းစာတွေက KIA ရဲ့ လက်ချက်အဖြစ် ဖော်ပြတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG