သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆုံးဖြတ်ချက်ချဖို့ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း


မြန်မာ့အရေးနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ လူ့အခွင့်ရေးကောင်စီအဖွဲ့ဝင်တွေရဲ့ ကြိုးစားမှုကို ကုလလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအသစ်က ကြိုဆိုကြောင်း တနင်္လာနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ စတင်တဲ့ ကုလသမဂ္ဂလူ့အခွင့်ရေး ကောင်စီ ၃၉ ကြိမ်မြောက်ညီလာခံမှာ ပြောကြားလိုက်သလို၊ ဒီစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံကနေ တင်ပြနိုင်ဖို့ လူ့အခွင့်ရေးကောင်စီကနေ ဆုံးဖြတ်ချက် တရပ်ချမှတ်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ အခုလို လူ့အခွင့်ရေး မဟာမင်းကြီးရဲ့ တိုက်တွန်းချက်ကို Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း ထောက်ခံပြီး တရားမျှတမှုရှိရေး လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ

စက်တင်ဘာလ ၁ ရက်နေ့မှာ ကုလလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးတာဝန်ကို စတင်ယူခဲ့တဲ့ Michelle Bachelet က သူ့ရဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ မြန်မာ့အရေးကို စိုးရိမ်မှုရှိကြောင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေကို မောင်းထုတ်တယ် ဆိုတာနဲ့ တခြားဖြစ်နိုင်ချေရှိတဲ့ ပြစ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာပြစ်မှု ခုံရုံးက စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိတယ်လို့ ကနဦး ဆုံးဖြတ်ချက် ချခဲ့တာအတွက် ကြိုဆိုကြောင်း ပြောကြားခဲ့သလို နိုင်ငံတကာစုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ကုလလူ့အခွင့်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးစားမှုကို ကြိုဆိုကြောင်း အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ လူ့အခွင့်ရေးကောင်စီက အဖွဲ့ဝင်တွေရဲ့ ကြိုးစားနေမှုကို ကြိုဆိုပါတယ်။ ဒါဟာ နိုင်ငံတကာနဲ့ ပြည်တွင်း တရားရုံးတွေမှာ လွတ်လပ်ပြီး တရားမျှတစွာ အမြန်ဆုံး ကြားနာစီရင်နိုင်ဖို့ နိုင်ငံတကာ ပြစ်မှု မြောက်တဲ့အထိ ပြည်တွင်းမှာ အဆိုးဝါးဆုံး ကျူးလွန်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ ပြစ်မှုတွေအတွက် အချက်အလက်တွေ စုဆောင်းဖို့၊ ထိန်းသိမ်းဖို့၊ နောက်အထောက်အထားတွေကို ဆန်းစစ်ဖို့ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရတဲ့အပေါ် နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က စုံစမ်းဖို့ စက်တင်ဘာလ ၆ ရက်နေ့မှာ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ကျူးလွန်မှုတွေအတွက် စုံစမ်းဖို့ လုပ်ဆောင်တာဟာ ICC ရှေ့နေချုပ် ပါတူး ဘန်ဆူဒါရဲ့ ရိုဟင်ဂျာတွေ တဖက်နိုင်ငံကို အဓမ္မပြောင်းရွေ့ခံရတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ပဏာမ စုံစမ်း စစ်ဆေးမှုကို အထောက်ကူပြုရာ ရောက်တဲ့အပြင် အားဖြည့်ပေးရာလည်း ရောက်တာမို့ မြန်မာ့အရေးအတွက် အဆိုပြုချက်တရပ် လူ့အခွင့်ရေးကောင်စီက ချမှတ်ပေးဖို့လည်း တိုက်တွန်း ခဲ့ပါတယ်။

“လူ့အခွင့်ရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တရပ် ချမှတ်ဖို့ တိုက်တွန်းပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထွေထွေညီလာခံကြီးရဲ့ ထောက်ခံမှု ရရှိစေဖို့ လူ့အခွင့်ရေးကောင်စီက တင်သွင်းပေးမှသာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။”

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု ကျူးလွန်တာတွေကို အရေးယူနိုင်ရေးအတွက် ICC နိုင်ငံတကာတရားရုံးကို တင်သွင်းခွင့်ရအောင် လူ့အခွင့်ရေးကောင်စီက အဆိုပြုချက်တရပ်ချမှတ် ပြီး အရေးယူဆောင်ရွက်ဖို့ လိုအပ်သလို ဆီးရီးယား အရေးဆောင်ရွက်သလို သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စုံစမ်းဖို့လည်း လိုအပ်တယ်လို့ နယူးရောက်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးက တနင်္လာနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

လူ့အခွင့်ရေးကောင်စီအနေနဲ့ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရဲ့တိုက်တွန်းချက်အတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ပေးမယ်လို့ မျှော်လင့်ထားကြောင်း နယူးရောက်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးက Brad Adams ကပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သိပ်ကို ဆိုးဝါးနေပြီး တရားမျှတမှုနဲ့ တာဝန်ခံ တာဝန်ယူမှု ရှိဖို့ အထူးလိုအပ်နေတယ်ဆိုတာကို လူ့အခွင့်ရေး မဟာမင်းကြီး ဘာရှလေ ကိုယ်တိုင် လက်ခံကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ က တင်သွင်းခဲ့တဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို သူထောက်ခံကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီက အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ပေးလိမ့်မယ်လို့ HRW လူ့အခွင့်ရေး အဖွဲ့ကြီးက မျှော်လင့်ထားပါတယ်။ ကုလသမဂ္ဂ အချက်လက်ရှာဖွေရေးအဖွဲ့က တောင်းဆိုထားတဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိဖို့နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးကျူးလွန်ခဲ့သူတွေကို တရားရုံးမှာ သေသေချာချာ အရေးယူနိုင်တဲ့ အချက်အလက်တွေ ရယူခွင့်ရှိတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ရေးတွေ လုပ်ဖို့အတွက် အတည်ပြုနိုင်ဖို့ လူ့အခွင့်ရေးကောင်စီက ဆုံးဖြတ်ချက် တရပ်ချမှတ်ပေးဖို့ပါ။”

မြန်မာနိုင်ငံထဲက ရိုဟင်ဂျာမူဆလင်တွေ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်သွားအောင် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ICCနိုင်ငံတကာပြစ်မှုခုံရုံးအနေနဲ့ တရားစီရင် ပိုင်ခွင့်ရှိတယ်လို့ အမှုမစစ်မီကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့ရဲ့အဖွဲ့ဝင်အများစုက ဆုံးဖြတ်လိုက်ကြောင်း စက်တင်ဘာလ ၆ရက်တုန်းက ကြေညာ ချက်ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ ICC အဖွဲ့ဖြစ်မြောက်ရေးသဘောတူညီချက်၊ Rome Statue စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် ICC အဖွဲ့က မြန်မာနိုင်ငံ ကိုတရားစီရင်ပိုင်ခွင့်မရှိဘူးလို့ အစိုးရပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုထားသလို ICC ရှေ့နေချုပ်ဟာ တဘက်တည်းကရတဲ့ ဘက်လိုက်ပြောဆိုတဲ့သတင်းတွေပေါ်မှာ အခြေခံပြီးလုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ မြန်မာအစိုးရက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလည်း မြန်မာ အစိုးရက အသိအမှတ်မပြုပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ မကြာခင်က ထုတ်တဲ့ အစီရင်ခံစာမှာတော့ရခိုင်၊ ကချင်နဲ့ ရှမ်း ပြည်နယ်တို့က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် တာဝန်ရှိသူ တချို့ကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးဖို့ ကုလ အချက်အလက်ရှာ အဖွဲ့က တိုက်တွန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG