သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေး ဖိအားပေးနိုင်ဖို့မျှော်လင့်


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ။

မြန်မာနိုင်ငံမှာရောက်နေတဲ့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ ပိုပြီးခိုင်မာတဲ့၊ ပိုပြီး ဝေဖန်ထောက်ပြတဲ့ နည်းလမ်းမျိုးနဲ့ ပြောဆိုမယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ခန့်မှန်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှအစိုးရရဲ့ မူဝါဒမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ တကယ်ပဲဖြစ်လာမလားဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်သွားရမယ်လို့ ဆိုပါတယ်။ ကိုကျော်ကျော်သိန်း က အပြည့်အစုံ တင်ပြထားပါတယ်။

ဗြိတိသျှအစိုးရက မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်ပြီး ဆန်းစစ် သုံးသပ်နေချိန်မှာပဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်တာပါ။ ခရီးစဉ်အတွင်း ရိုဟင်ဂျာတွေ ခံစားနေရတဲ့ လူသားစာနာမှုဆိုင်ရာ ဘေးဒုက္ခတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာမှာဖြစ်ပြီး မြန်မာ စစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ ဝန်ကြီး Jeremy Hunt က သူ့ရဲ့ Twitter စာမျက်နှာမှာတင်ထားတဲ့ ဗွီဒီယိုထဲမှာပြောထားပါတယ်။

ဝန်ကြီး Hunt ရဲ့ခရီးစဉ်ဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ပြောဆိုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထွက်ပြီးချိန်၊ မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်း စစ်ဆေးဖို့ ဗြိတိသျှပါလီမန်အမတ် ၁၆၀ က တောင်းဆိုချက်တွေ ထွက်ထားပြီးချိန်နဲ့လည်း တိုက်ဆိုင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကိုပြောင်းလဲဖို့ ဗြိတိသျှအစိုးရကိုယ်တိုင် အပြင်းအထန် ဖိအားပေးခံနေရချိန်မှာ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်တာဖြစ်တဲ့အတွက် ဒီမူူဝါဒအပြောင်းအလဲနဲ့ပတ်သက်လို့ ပြောဆိုမှာဖြစ်သလို အခြေအနေတွေအပေါ် ပိုပြီး ဝေဖန် ပြောဆိုဖွယ်ရှိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ခန့်မှန်းပါတယ်။

“မြန်မာနိုင်ငံတွင်း ဘယ်လိုကိစ္စတွေမှာ တိုးတက်မှု မြင်တွေ့လိုတယ်ဆိုတာကို အရင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ တခြားဝန်ကြီးတွေ မကြာသေးခင်ကာလတွေအတွင်း ပြောဆိုထားဖူးတာတွေထက် ပိုပြီးခိုင်မာတဲ့၊ ပိုပြီးထောက်ပြဝေဖန်တဲ့ နည်းမျိုးနဲ့ Jeremy Hunt က ပြောဆိုမယ်လို့ ကျနော်ယူဆပါတယ်။ သူ့ရဲ့ ပြောဆိုတဲ့လေသံ ပြောင်းလဲလာတာကို ကျနော်တို့ တွေ့ထားပါတယ်။ ဒါပေမဲ့ မူဝါဒရေးရာပိုင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ကျနော်တို့ မတွေ့ရသေးတာကြောင့် ဆက်ပြီး စောင့်ကြည့်သွားရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပဧည့်သည်တွေကို ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိသူပါ။ အပြင်း အထန်ပြောမယ်ဆိုပြီး သွားတဲ့လူတွေ အပြန်ကျတော့ လေပျော့သွားတာတွေ ရှိဖူးပါတယ်။ ဆိုတော့ Jeremy Hunt ပြောဆိုမှာ တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောင်းပစ်လိုက်နိုင်ခြေကတော့ ရှိနေဆဲပါ။”

ဝန်ကြီး Jeremy Hunt ဟာ ကြာသပတေးနေ့မှာ စစ်တပ်ရဟတ်ယာဉ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားဖို့ရှိပြီး အပြန်မှာတော့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ကတော့ ခရီးရောက်ရောက်မဆိုက်ဘဲ နိုင်ငံရေးအကျဉ်းသားများ ကူူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ရန်ကုန်မြို့ကရုံးခန်းကို သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုပြသထားတဲ့ ပြတိုက်ကိုကြည့်ရှုပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေအရေး ဆွေးနွေးပါတယ်။ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ချလိုက်တဲ့ကိစ္စကိုလည်း မေးမြန်းတယ်လို့ AAPP တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ဗွီအိုအေကို ပြောထားပါတယ်။

အရင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပဲဖြစ်ဖြစ်၊ တခြားအငယ်တန်းဝန်ကြီးတွေပဲဖြစ်ဖြစ် အခုလိုသွားရောက်တွေ့ဆုံတာမျိုး မရှိခဲ့ဖူးဘဲ ဗြိတိသျှအစိုးရဟာ နိုင်ငံရေးအကျဉ်းသားကိစ္စကို ပြောဆိုတာမျိုး မရှိသေးတာကြောင့် ဒါကိုကထူးခြားတယ်လို့ Mark Farmaner က မြင်ပါတယ်။

“ဒါက အပြောင်းအလဲကြီးတခုပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်တုန်းကရထားသလိုမျိုး ဗြိတိသျှအစိုးရရဲ့ ထောက်ခံအား ပေးမှုကို ရနေဦးမယ်ဆိုပြီး ဆက်ပြီးယုံကြည်ထားလို့ မရနိုင်တော့ဘူးလို့ ကျနော်ယူဆပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ထောက်ခံပံ့ပိုးချင်ပါတယ်။ ဒါပေမဲ့လည်း သူတို့အနေနဲ့ အသားလွတ် ကြီး ဆက်ပြီးထောက်ခံနေဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မျှော်လင့်ရတာကတော့ သူတို့အနေနဲ့ ပိုပြီးတော့ ဝေဖန်ထောက်ပြပြီး တကယ့်လုပ်ဆောင်ချက်တွေကို တွေ့ရရင်တွေ့ရ၊ အဲဒီလိုမဟုတ်ရင်တော့ ဆက်ဆံရေးမှာ အကျိုးဆက်တွေ ရှိလာမယ်ဆိုတာမျိုး ပြောမယ်လို့ ကျနော်ယူဆပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် စကားအရ ဖိအားပေးတာတွေ အပြင်းအထန်ရှိနေပေမဲ့လည်း လက်တွေ့မှာတော့ ဗြိတိန်နဲ့တခြားအစိုးရတွေဟာ ငွေကြေးအပါအဝင် တခြားနည်းလမ်းတွေနဲ့ရော၊ နိုင်ငံရေးအရပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရကို ဆက်ပြီး ထောက်ခံပံ့ပိုးနေဆဲပဲလို့ Mark Farmaner ကပြောပါတယ်။ စစ်တပ်နဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခက်ခဲတဲ့အနေအထားမှာရှိတယ်၊ သူလုပ်နိုင်တာတွေမှာ အကန့်အသတ်တွေရှိနေတယ်ဆိုပြီး ဗြိတိသျှအစိုးရက ပြောလာ ပေမဲ့ အခုတော့ သူတို့ကိုယ်တိုင် စိတ်မရှည်နိုင် ဖြစ်လာပုံရတယ်လို့ Mark Farmaner က ယူဆပါတယ်။

“ဘာကြောင့်လဲဆိုတော့ ရိုက်တာသတင်းထောက်တွေကိစ္စ၊ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးကိစ္စ စတာတွေ နဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွတ်လပ်တဲ့ လုပ်ပိုင်ခွင့်ရှိပေမဲ့ အဲဒီလုပ်ပိုင်ခွင့်ကို သူက အသုံးမပြုပါဘူး။ ဒါကြောင့် အခြေအနေအပေါ် စိတ်ရှည်သည်းခံမှု တဖြည်းဖြည်းလျော့လာပြီး ဒါဟာ ဗြိတိသျှအစိုးရရဲ့ ချဉ်းကပ်နည်းမှာ အပြောင်း အလဲဖြစ်ဖွယ်ရှိပါတယ်။ ICC ကိုလွှဲပြောင်းစစ်ဆေးဖို့ သူတို့ထောက်ခံမှာလားဆိုတာ ကျနော်တို့ မသိသေးပါဘူး။ ဒါပေမဲ့ အခု ဆိုရင် နှစ်နှစ်ကျော်လာပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာနဲ့ တခြားကဏ္ဍတချို့ မှာ အပြောင်းအလဲလုပ်ဖို့ လွတ်လပ်တဲ့ လုပ်ပိုင်ခွင့်ရထားပေမဲ့ အဲဒီလိုလုပ်တာ မရှိသေးဘူး၊ ဒါကြောင့် ဖိအားပိုပေးဖို့ အချိန်တန်ပြီ လို့ စဉ်းစားသူတွေ ဗြိတိသျှအစိုးရထဲမှာရှိလာနေပြီလို့ ကျနော်ယူဆပါတယ်။”

အရင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Boris Johnson နုတ်ထွက်သွားပြီးတဲ့နောက် ပြီးခဲ့တဲ့ဇူလိုင်လမှာ Jeremy Hunt နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာပြီး အခု နှစ်ရက်ကြာခရီးစဉ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်ပါ။

ခရီးစဉ် ပထမနေ့မှာတော့ ရခိုင်ပြည်နယ်မှာ မြန်မာတပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းအဓမ္မပြုကျင့်ခံရသူ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ စပ်လျဉ်းပြီး အထောက်အထား ရယူစုဆောင်းရေး ဗြိတိန်က နောက်ထပ် ပံ့ပိုးကူညီသွားမယ်ဆိုတာ ဝန်ကြီး Hunt က ကြေညာ တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ စက်တင်ဘာလ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်အပါအဝင် နိုင်ငံတကာက သုံးနှုန်းပြောဆိုတဲ့ ရိုဟင်ဂျာဆိုတာကို မြန်မာအစိုးရကတော့ အသိအမှတ်မပြုပါဘူး။ ဒီခရီးစဉ်မစခင် ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဗြိတိန်နိုင်ငံ၊ Bradford အရပ်မှာနေထိုင်တဲ့ ရိုဟင်ဂျာလူမှုအဝန်းအဝိုင်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ သူတို့ကြုံတွေ့ရင်ဆိုင်ခဲ့ရတာတွေကို ဝန်ကြီး Jeremy Hunt က မေးမြန်း နားထောင်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG