သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်မေတ္တာရဲ့ အမေရိကန်အလှူခံ ခရီး


နိုင်ငံကျော် လူရွှင်တော် မောင်မေတ္တာ (မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း)
နိုင်ငံကျော် လူရွှင်တော် မောင်မေတ္တာ (မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း)
မောင်မေတ္တာရဲ့ အမေရိကန်အလှူခံ ခရီး
please wait

No media source currently available

0:00 0:12:21 0:00
တိုက်ရိုက် လင့်ခ်

နိုင်ငံရပ်ခြားရောက် မြန်မာတွေ နိုင်ငံချစ်တဲ့စိတ်နဲ့ လှူဒါန်းကြတာတွေကို အကျိုးရှိရှိအသုံးပြုနိုင်ဖို့ ကြိုးစားနေပါတယ်လို့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံကျော်လူရွှင်တော် မောင်မေတ္တာက ပြောပါတယ်။ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း အလှူခံအဖွဲ့နဲ့အတူ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မောင်မေတ္တာကို ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားေးရးအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ လုပ်ငန်းေးတွရှိသလို ဒီဘက်မှာ အမေရိကကို ခရီးစဉ်ထွက်လာတယ်။ ဆိုတော့ ဒီဘက်မှာရှိတဲ့ မြန်မာနိုင်ငံသားအသင်းနဲ့ ပေါင်းပြီးတော့ လုပ်ကြကိုင်ကြမယ့် ရည်ရွယ်ချက်လေး ရှိတယ်လို့ ကျနော်တို့ ကြားပါတယ်။ ကိုမေတ္တာတို့ဘက်က ထွက်လာတဲ့ ရည်ရွယ်ချက်က ဘာများပါလဲ ကျနော်တို့ကို ပြောပြပေးပါ။

မောင်မေတ္တာ ။ ။ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မာရေးအသင်း ခေါင်းစဉ်နဲ့လိုက်အောင် မြန်မာနိုင်ငံမှာရှိသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း အရပ်ဒေသအသီးသီးမှာ ပညာရေးဖွံ့ဖြိုးတိုးတးက်ဖို့အတွက် ကျောင်းတွေ ဆောက်ပေးတယ်။ လမ်းပန်းဆက်သွယ်ရေး - သိပ်တန်းဖိုးမများသော၊ သိပ်တန်းဖိုးမကြီးသော၊ မနည်းသော လူကူးတံတားတွေကို ကျနော်တို့ ဆောက်ပေးပါတယ်။ အဲဒါမျိုးတွေမှာ ကူညီဆောင်ရွက်တယ်။ အဲဒီလို ဆောင်ရွက်နေရကာနေ ကျနော်တို့ရဲ့အသင်း နာယကကတော့ ရွှေညဝါဆရာတော်ဘုရားကြီးနဲ့ ပဲခူးတိုင်းက ပန်းပျိုးလက် ဆရာတော်ဘုရာကြီး ဖြစ်ပါတယ်။ ကျနော်တို့အသင်းကို ကျနော်တို့ နာမည်ပေးထားတာ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မာရေးအသင်းလို့ နာမည်ပေးထားပါတယ်။ သို့သော် ကျနော်တို့တိုင်းပြည်မှာ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မာရေးအသင်းဆိုတဲ့ နာမည်နဲ့လိုက်အောင် ကူညီဖို့အတွက် သိပ်ပြီးတော့ မပြည့်စုံပါဘူး။ အဲဒီတော့ ဆရာတော်ဘုရားကြီးက နိုင်ငံတကာလိုက်တောင်း - မင်းတို့က သူတောင်းစားအဖွဲ့တဲ့။ အဲဒါကြောင့် ကျနော်တို့က လာတောင်းတာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုမေတ္တာက ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားတယ်ထင်တယ်။ ဆိုတော့ ဒီအသင်းအနေနဲ့ အမေရိက ရောက်လာပြီး ပြည်နယ်တချို့ကိုလည်း သွားပြီးသွားပြီ။ မြန်မာမိသားစုတွေနဲ့ တွေ့ကြဆုံကြ စကားတွေ ပြောကြတယ်ဆိုတော့ မျှော်လင့်ထားတာနဲ့ ရောက်လာတဲ့ အခြေအနေ၊ တွေ့ရတဲ့ အနေအထားက ဘယ်လောက်ရှိပါလဲ။

မောင်မေတ္တာ ။ ။ ကျနော်တို့ ဒီအသင်းကို ကူညီပံ့ပိုးပေးတာ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ အမေရိကတို့ စသဖြင့် နိုင်ငံအသီးသီးက မြန်မာတိုင်းရင်းသားတွေ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာတွေပါ။ သူတို့ လှူဒါန်းတာတွေကို ကျနော်တို့က ထိထိရောက်ရောက် ကျနော်တို့သွားရောက် ကူညီဆောင်ရွက်ပေးတယ်။ ကျနော်တို့ ဘာတွေလုပ်ပေးခဲ့သလဲဆိုရင် ကျနော်တို့ကိုယ်တိုင် လမ်းပန်းဆက်သွယ်ရေးခက်တဲ့ ရခိုင်၊ ဗန်းဝ စာသင်ကျောင်းလေး သွားဆောက်ပေးတယ်။ ကိုယ်တိုင်သွားတယ်။ အဲဒီအချိန်မှာ ကျောင်းဆောက်ပေးဖို့အတွက် သယ်ယူပို့ဆောင်ရေးက တော်တော်ခက်ပါတယ်။ သယ်ယူပို့ဆောင်ရေး ခက်တယ်ဆိုတော့ ကျောင်းဆောက်တာ လွယ်သလားဆိုတော့ ရေမရှိဘူး။ ရေမရှိတော့ ကျနော့်မိတ်ဆွေတွေကို လှမ်းအကူအညီတောင်းတယ်။ “ကိုမေတ္တာရေ .. ရေရနိုင်တဲ့နည်းတော့ရှိတယ်။ မီးသတ်ကား ငှားရမယ်။ မီးသတ်ကားကို ပိုက်ဆံပေးရမယ်။ ရေထည့်ဖို့အတွက်။ ပြီးရင် ဟိုမှာသွားလောင်းပေးမယ်။” အဲဒါနဲ့ ပလက်စတစ်နဲ့ ကန်တွေလုပ်ပြီး ရေသွားထည့်ကြရတယ်။ အဲဒီအချိန်မှာ ရန်ကုန်ကနေ ကျနော်က ကူညီသလို၊ နေမျိုးဇင်က ဟိုမှာ ရေရရှိရေးအတွက် ညွှန်ကြား၊ ကျနော်ပြောဆိုတဲ့လူတွေဆီက မီးသတ်ကားတွေနဲ့ ရေတွေဘာတွေရယူကြတယ်။ အဲဒီလို အခက်အခဲတွေရှိတယ်။

ထိုနည်းတူစွာ ကျနော်တို့ ချင်းပြည်နယ်သွားတယ်။ ကိုဗေလုဝ ပါတယ်။ ကျနော်နဲ့ ကိုနေမျိုးဇင်တို့ ပါတယ်။ ဆရာတော်ကြီးလည်းပါတယ်။ ကျောင်းသွားဆောက်ပေးတာ။ အဲဒီကလူတွေကြတော့ စာဖတ်ရတာကို ပျော်နေပြီ။ ကျနော်တို့က နေည စာဖတ်လို့ရအောင် ဆိုလာပြားတွေနဲ့ ဆောင်ရွက်ပေးခဲ့တော့ သူတို့ အထူးပျော်ကြတယ်။ ဒါပေမဲ့ ကျနော်တို့က ကျောင်းဆောက်ပေးတဲ့ နေရာတိုင်းကို ကျနော်တို့က အင်္ဂလိပ်လိုပြောရင်တော့ Request တောင်းပန်ခဲ့တာက ဒီကျောင်းကို ကျနော်တို့ ဆောက်ပေးခဲ့ပြီ၊ စနေ၊ တနင်္ဂနွေ ရက်မျိုးတွေမှာ အခုလို နိုင်ငံခြားကနေ ပညာရှင်တွေလာတဲ့အခါ အရပ်ဒေသ ဖွံ့ဖြိုးဖို့အတွက် သင်တန်းတွေကို စနေ၊ တနင်္ဂနွေ လာပေးမယ်။ အဲဒီလို အချိန်မျိုးကြရင် ကျနော်တို့ ဒီကျောင်းကို စနေ၊ တနင်္ဂနွေ ပိတ်ထားတဲ့အတွက် ဒေသဖွံ့ဖြိုးဖို့အတွက် အသုံးပြုခွင့်ပေးပါဆိုတာကို ကျနော်တို့ ပြောခဲ့တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီမှာ ရောက်လာတော့ကော မြန်မာပြည်က ဒီကို ရောက်မလာခင် မျှော်လင့်ထားတာနဲ့ ဒီမှာ တကယ့်တကယ် လက်တွေ့ရောက်လာတော့ ..

မောင်မေတ္တာ ။ ။ ချစ်စရာ သိပ်ကောင်းတယ်။ ကချင်၊ ကယား၊ ရခိုင်၊ မွန်၊ မြန်မာ၊ ရှမ်း တိုင်းရင်းသားအားလုံး ဒီမှာတွေ့တယ်။ တွေ့တဲ့အခါကြတော့ Pledge to Myanmar မှာ ကျနော်တို့ကို ပထမဦးစွာ မော်တော်ကားလှူတဲ့ အလှူရှင် ကိုဂျိမ်းစ်၊ မသင်းသင်းတို့။ ကျနော်တို့က နာမည်ပဲပေးတယ်။ နောက် ကားလှူပြီးတဲ့အခါ ရောက်လာတော့ သိတယ်။ အဲဒီကားနဲ့ ကျနော်တို့က ဆရာ၊ ဆရာမတွေကို ကျောင်းကို ပို့ပေးတဲ့အချိန်မှာ သူတို့ကိုယ်တိုင် ရောက်လာတယ်။ ဆရာ၊ ဆရာမတွေ စီးတာတွေ့တော့ ပီတိဖြစ်ကြတယ်။ ဆရာ၊ ဆရာမတွေကို ဗမာငွေ နှစ်သောင်းဆီ ချီးမြှင့်တယ်။ ဆရာ၊ ဆရာမတွေကလည်း ပျော်လို့။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုယ့်အလှူက ချက်ချင်းအကျိုးရှိတယ်ဆိုတာကို ကိုယ်တိုင်မြင်တွေ့ရတာပေါ့။

မောင်မေတ္တာ ။ ။ အဲဒီ ပီတိပဲ။ အလှူရှင်တွေကိုယ်တိုင် စိတ်ချမ်းသာတယ်။ ရေကြီးတဲ့ကိစ္စ - ခဏလေး ကြီးတာမဟုတ်ဘူး။ ဖားအံဆိုရင် နှစ်ခါ၊ သုံးခါ ကြီးတယ်။ တနင်္သာရီသွားရတာ အခက်အခဲ ဖြစ်တယ်။ ကိုဗေလုဝနဲ့ ကျနော်ဆို ရေမကူးတတ်ဘူး။ ဒီစာသင်ကျောင်းကြီးက စာသင်ခုံတွေ ရေထဲမျောနေတယ်။ အဲဒါတွေကို ကြိုးနဲ့ချည်းပြီးတော့ သစ်ပင်တွေနဲ့ ချည်းထားရတယ်။ အဲဒါမျိုးတွေ ကလေးတွေဘဝ တိုးတက်ဖို့အတွက်၊ ကျနော်တို့က လူတွေကို တိုးတက်စေချင်တယ်။ အသိဉာဏ်တွေ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ အဲဒါကြောင့် ကျောင်းဆောင်ပေးတာ။

ကိုဇော်ဝင်းလှိုင် ။ ။ ကျနော်လည်း ဒီမှာနေလာတာ ကြာပြီဆိုတော့ ဒီကလူတွေရဲ့ သဘောသဘာဝကို ကျနော်လည်း အားလုံးကိုယ်စားမဟုတ်တောင် အားလုံးနီးပါးကိုယ်စား ပြောနိုင်တာက ဗမာပြည်ကိုချစ်တယ်။ ဗမာပြည်ကို တတ်နိုင်သလောက် ကူညီချင်ကြတယ်။ တပိုင်းတနိုင်ပဲဖြစ်ဖြစ်။ မြန်မာပြည်ကို သံယောဇဉ် ရှိကြတယ်။ ဒီမှာနေတယ် - အခြေချနေကြတယ်။ မိသားစုတွေ ရှိနေတယ်ဆိုပေမယ့်လဲ မြန်မာပြည်က ကိုယ့်ရဲ့နိုင်ငံလို့ပဲ ရင်ထဲမှာ လူတိုင်းက ရှိနေကြတုန်းပါ။ ကိုမေတ္တာတို့ ရောက်လာတယ်ဆိုရင်လဲ အားလုံးက ဝိုင်းဝန်းကူညီ လုပ်ကိုင်နေကြတယ်ဆိုတော့ ဗမာပြည်မှာ ကြားထားသိထားတာနဲ့ ကိုယ်တိုင်လက်တွေ့ သိထားတာတွေ ကွာဟချက်တွေ တွေ့ရသလား။ အမေရိကရောက် မြန်မာမိသားစုတွေမှာ။

မောင်မေတ္တာ ။ ။ ကျနော့်စိတ်ထဲမှာ မကောင်းတာလေးတခုတော့ ရှိတယ်။ အဲဒါကတော့ ကျနော်တို့တွေက ဖြေဖျော်ရေး မဟုတ်ဘူး။ သူတောင်းစားအဖွဲ့ လာပြီးတော့ အလှူခံတာ။ သို့သော် လာလှူပေးတဲ့လူတွေကို စိတ်ချမ်းသာအောင်ဆိုပြီး ကျနော်တို့က ပြန်ပြီးတော့ ဟာသလေးတွေ ပြောပြတယ်။ အငြိမ့်လေးတွေ ကပြတယ်။ ဖြေဖျော်ပွဲ မဟုတ်ပါဘူး။ ရုံးဝင်ခယူပြီးတော့ လှူကြတန်ကြတာထက် ကျနော်တို့ကို လှူကြပါ။ အဲဒီလှူတဲ့အပေါ် မူတည်ပြီးတော့ ကျနော်တို့က ဖြေဖျော်ကြတယ်။ တချို့ဒေသတွေမှာ ကျနော်တို့ မဖြေဖျော်ခဲ့ပါဘူး။ သူတို့တောင်းဆိုတဲ့အခါမှာ ရောက်တုန်းရောက်ခိုက် ရယ်စရာလေး လုပ်ပေးပါ ဘာညာဆိုရင် ကျနော်တို့က ပြောကြဆိုကြတာပေါ့။ အဲဒီလိုမျိုးလေးတွေပါ။ အဲဒီတော့ ဒီမှာလှူတဲ့ဒါန်းတဲ့ လူတွေကလဲ အရမ်းချမ်းသာလို့ မဟုတ်ဘူး။ မြန်မာပြည်ကိုချစ်လို့ လှူကြတာကို တွေ့ရတယ်။ ဒီဒေသမှာရှိတဲ့ လူတွေကို ကျနော် လေ့လာကြည့်တဲ့အခါ လူတယောက်ဟာ အနည်းဆုံး ၁၅၀၀ ရမှ သူနေရေးစားရေး အဆင်ပြေမှာ။ အဲဒီလို ၁၅၀၀ ရအောင် *(တစ်လဝင်ငွေ) ကြိုးစားနေတဲ့ လူကိုယ်တိုင် နည်းနည်းပိုပိုလျှံလျှံလေး ရတဲ့အခါမှာ ဒေါ်လာ ၅၀-၁၀၀ သူတို့ လှူဒါန်းကြတယ်။ အဲဒါ မြန်မာပြည်ကို ချစ်လို့ပါဆိုတာကို သက်သေပြလို့ရတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုမေတ္တာတို့ဆိုရင် တချိန်တုန်းကဆိုရင် စစ်အစိုးရလက်ထက်မှာဆိုရင် ကာလအကြာကြီး ပိတ်ပင်ခံခဲ့ရတယ်။ ဘာမှလုပ်ခွင့် ဆိုခွင့် အနုပညာလုပ်ငန်းတွေမှာ လုပ်ခွင့်မရှိခဲ့ဘူး။ အဲဒီလို နေခဲ့ရတဲ့ဘဝကို ဘယ်လိုဖြတ်သန်းခဲ့သလဲ။ လူတယောက်က တော်တော်လေး Depression ဝင်သွားနိုင်တဲ့ အနေအထားရှိတယ်။ ဘဝရပ်တည်ရေးကအစ လုံးဝရိုက်ချိုးခံရသလို ဖြစ်ခဲ့တယ်။ အခုလို ပြန်ပြီးထောင်ထောင် ဖြစ်လာအောင် ဖြတ်သန်းလာတဲ့ကာလဟာ …

မောင်မေတ္တာ ။ ။ စာဖတ်တယ်။ ဗဟုသုတရယ်။ သင်ဆရာမြင်ဆရာ ကြားဆရာတွေရဲ့စကားကို နားထောင်တယ်။ ကျနော်မှာ ယုံကြည်ချက်တခု ရှိတယ်။ ကျနော် ခံယူထားတာက “သူများလွယ်ရင် ကိုယ်ခက်ပါ”တဲ့။ ကျနော့်ဆရာ ကျနော်ကို သင်ထားတယ်။ သူများလွယ်ရင် ကိုယ်ခက်လိုက်ပါ။ သူများခက်ရင် ကိုယ်လွယ်လိမ့်မယ်။ ကျနော့်ကို အဲဒီစကားလေး ပြောတယ်။ နောက်တခါ လောကကြီးမှာ ဘယ်နေရာရောက်ရောက် ကိုယ်ကျင့်တရား အရေးကြီးဆုံးပါ။ ကိုယ်ကျင့်တရား ကောင်းပါ။ နောက်တခါ ကိုယ်ချင်းစာတရား ရှိပါ။ အဲဒါကြောင့် ကျနော်က ကိုယ်ချင်းစာတရားရယ်၊ ကိုယ်ကျင့်တရားတို့ကို ထိန်းတယ်။ နောက် သူများခက်ရင် ကျနော်လွယ်တယ်။ သူများလွယ်ရင် ကျနော် ခက်အောင်နေတယ်။ ကျနော် အပိတ်ခံရတဲ့အချိန်မှာ စားသောက်ဆိုင်သွားတယ်။ သောက်ကြစားကြတယ်။ သူများကျွေးတာပဲ စားလိုက်တယ်။ အဲဒီအချိန်မှာ သီချင်းဆိုပါပြောတော့ ကျနော် မဆိုဘူး။ ကျနော်ကို သီချင်းမဆိုဖို့ ပိတ်ထားတယ်။ ကျနော်တာဝန်ယူတယ်။ သူက ဘယ်က ဘယ်က … သေချာပြီ၊ ခိုင်လုံတယ်။ အဲဒီအခါဆို ကျနော် တက်ဆိုပေးလိုက်တယ်။ ဆိုပေးတဲ့အခါမှာ သူတို့ကျေနပ်သွားကြတယ်။ ကျေနပ်သွားတဲ့အခါ ကျနော်ကို ချီးမြှင့်ရင် ကျနော် ယူလိုက်တယ်။ လုပ်လို့ရသလားဆိုတော့ အမြဲတမ်း လုပ်လို့မရဘူး။ တခါတလေပဲ။ မွန်ပြည်နယ်မှာ ကျနော် အပိတ်ခံရတော့ အဲဒါ ကျနော့်မိဘများဇာတိ။ သီချင်းဆိုတဲ့ပွဲလေးမှာ ကျနော်သွားတော့ ရဲတွေက သေနတ်တွေဘာတွေနဲ့ ချိန်ကြတာ။ နည်းနည်းသောက်သောက်စားစားတွေ - ကျည်ဆန်ထွက်သွားရင် သေသွားလိမ့်မယ်။ သီချင်းဆိုဖို့လာတာ မဟုတ်ဘူး။ မိုက်စမ်းပေးတာ .. အဲဒီလိုလေးတွေ ရှိတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အနိမ့်ဆုံးအချိန်ကို ရောက်ခဲ့သလား။ ဘယ်လောက်အထိ အနိမ့်ဆုံးကို ရောက်သွားသလဲ။ အမှောင်ခေတ်မှာ။

မောင်မေတ္တာ ။ ။ နစ်နာတယ်။ ဒါပေမဲ့ ကျနော်တို့က ကိုယ့်ကိုယ်ကို စိတ်မနိမ့်အောင်နေတယ်။ လူနိမ့်ပေမယ့် စိတ်မနိမ့်ဘူးဆိုတာကို ကျနော် သက်သေပြလို့ရတယ်။ ကျနော့်ကိုယ်ကျနော် လက်မထောင်နေလို့ရတယ်။ ဒါကြောင့်မို့လဲ လူ့ဘဝမှာ အချို့စကားပုံရှိတယ် .. လူသာသေတယ်၊ နာမည်မသေဘူး ဆိုတဲ့ စကားလုံးမျိုးလို့ပေါ့။ ကျနော် ဘဝသေသွားတယ်။ ၁၉၉၈ က စပြီးတော့ ၂၀၀၈ အထိ ကျနော် ဘဝသေသွားတယ်။ ဒါပေမဲ့ ကျနော် ပျော်ပျော်ပဲ - ဆယ်နှစ်ကျော် အေးအေးဆေးဆေးပဲ။ ကျနော် လုပ်ခဲ့တဲ့ အလုပ်တွေကို ပြန်ကြည့်တယ်။ ကျနော် ကောင်းတာလုပ်ခဲ့တယ်။ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်လုပ်တယ်။ ကျနော့်မိန်းမရဲ့ အမ ယူလာတယ်။ ဈေးကွက်စီးပွားရေးစနစ်ဆိုတော့ ကျနော်က အချိန်ဝယ်တယ်။ မရောင်းဘူး - ဒီအစီအစဉ်လေးကို လုပ်ပေးပါလို့ ပြောတယ်။ သူတို့က ဒီအစီအစဉ်ကို သဘောကျပြီးတော့ ကျနော် လုပ်ပေးလိုက်တယ်။ တောက်လျှောက်လုပ်လာတယ်။ ၉၆ က လုပ်လာတယ်။ ၉၈ ရောက်တော့ ဒီစကားလုံးတစ်လုံးကြောင့် အဲဒီအချိန်မှာ မီးတွေအကုန်လုံး ပျက်နေလို့ မီးပျက်တဲ့အကြောင်း ပြောလိုက်တယ်။ အဲဒီလို ကျနော်ကို ရမယ်ရှာတယ်။ အဲဒါကလဲ လူ့ရဲ့ ကံနိမ့်လို့ ယုံကြည်တယ်။ ဗုဒ္ဓဘာသာဆိုတော့ ကံနိမ့်လို့ ဖြစ်တာလို့ ယုံကြည်ပြီး၊ အခုထိ အားလုံးကို ခွင့်လွှတ်တယ်။ အဲဒီမေတ္တာတရားက အခု ပြန်ရတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်ဆုံးတခုလေး ခပ်တိုတိုလေး ဖြေကြားစေချင်တာက အခု ဒီမှာရောက်ပြီးတော့ အမေရိကမှာရှိတဲ့ ပရိသတ်တွေနဲ့ မြန်မာပြည်က ပရိသတ်တွေသိအောင် ကိုမေတ္တာ မြင်ရတဲ့ ပုံစံလေးကို ပြောပြလို့ရမလား - အမေရိကမှာ ဗမာတွေ ဘယ်လိုနေကြတယ်။ ကိုယ့်ရဲ့ခံစားချက် - ဗမာတွေရယ် မဟုတ်ပါဘူး။ အမေရိကန်တနိုင်ငံလုံးဖြစ်ဖြစ် ကိုယ်သွားခဲ့တဲ့ နေရာဒေသတွေ၊ ဒေသန္တရ ဗဟုသုတအရ ဒီမှာရှိတဲ့လူတွေနဲ့ ဟိုမှာရှိတဲ့လူတွေသိအောင် ပြောချင်တဲ့စကားများ ရှိပါလား။

မောင်မေတ္တာ ။ ။ အဓိကတော့ စည်းကမ်းပါ။ ဥပဒေပါပဲ။ ဥပဒေ လိုက်နာဖို့လိုတယ်။ စည်းကမ်းလိုက်နာဖို့လိုတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဥပဒေ လိုက်နာဖို့လိုတယ်။ တိကျသော ဥပဒေလည်းရှိဖို့လိုတယ်။ တိကျသော ဥပဒေ ရှိရမယ်။ တိကျသော ဥပဒေ ရှိသလို၊ တိကျသောစည်းကမ်း ရှိရမယ်။ အဲဒီတော့ စည်းကမ်းသည်၊ ဥပဒေသည် အဖြူအမည်း မခွဲခြားဘဲ၊ ကျောသားရင်သား မခွဲခြားဘဲနဲ့ တရားဥပဒေကို ခိုင်ခိုင်မာမာနဲ့ တိတိကျကျ ဆုံးဖြတ်နိုင်မယ်။ စည်းကမ်းကို တိတိကျကျ ထားနိုင်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ မြန်မာပြည်က လူတွေလည်း စည်းကမ်းရှိပြီး ဥပဒေလိုက်နာမယ်။ ဒီမှာရှိတဲ့လူတွေကလည်း ဒီမှာရှိတဲ့ စည်းကမ်းဥပဒေကို လိုက်နာနေရတယ်။ မလိုက်နာရင် လာထားလေ။ အဲဒီတော့ တကယ်တမ်းကြတော့ တိုင်းပြည်ကို ထူထောင်တဲ့နေရာမှာ တိကျသောဥပဒေ၊ တိကျသောစည်းကမ်း၊ တိကျသော အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက တိုးတက်မယ်ဆိုတာကို ကျနော် လက်ခံပါတယ်။ ကျနော်တို့တိုင်းပြည်ကလူတွေ စည်းကမ်းရှိစေချင်ပါတယ်။ တိကျသောဥပဒေလည်း ရှိစေချင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG