သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းတွေဆောက် ပညာရေးအဓိကထောက်ပံ့မယ့်အဖွဲ့


မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း အတွင်းရေးမှူး ဦးနေမျိုးဇင်
မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း အတွင်းရေးမှူး ဦးနေမျိုးဇင်
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ နိုင်ငံဖွံ့ဖြိုးရေး လိုအပ်ချက်ဖြစ်တဲ့ ပညာရေးကို အဓိကဖြည့်ဆည်းပေးသွားမယ်လို့ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းက ပြောပါတယ်။ ဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာမြို့တွေမှာ စာသင်ကျောင်းတွေနဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်လှူဒါန်းပါတယ်။ အပြည့်အစုံသိရှိဖို့ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း အတွင်းရေးမှူး ဦးနေမျိုးဇင်ကို ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ပထမဦးဆုံး သိချင်တာက ကိုနေမျိုးဇင်တို့ လုပ်ကိုင်နေတဲ့ ပရဟိတအဖွဲ့ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းကို ဘယ်လိုပုံစံနဲ့ စဖွဲ့ဖြစ်သွားတာလဲဆိုတာလေးကို ပြောပြပေးပါ။

ဦးနေမျိုးဇင် ။ ။ ကျနော် ပထမအကြိမ် ထောင်ကလွတ်တဲ့ ၂၀၁၁ မှာ ကျနော် ပြည်သူ့အကျိုးပြု တာဝန်ထမ်းဆောင်မယ်။ ပြီးတော့ ကျနော်ကိုယ်တိုင်က ၂၀၀၅ ခုနှစ်ကတည်းက ရည်မှန်းထားတဲ့ ရည်မှန်းချက် ရင်ထဲမှာရှိတယ်။ ညီညွှတ်ရေး၊ တိုးတက်ရေး၊ ငြိမ်းချမ်းရေး ဒီ (၃) ခုကို ဦးတည်ပြီးတော့ လုပ်ကြမယ်။ အဲဒီအထဲမှာ အခရာကျတဲ့ တိုးတက်ရေး လုပ်ဖို့ကြတော့ ကျနော်တို့ မြန်မာ့လူနေမှုဘဝတွေ တိုးတက်မြင့်မားလာမှ - မြင့်မားလာအောင် လုပ်ဖို့ဆိုတာ ညီညွှတ်အောင်လုပ်မှ။ ညီညွှတ်မယ်၊ တိုးတက်မယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးကို အလိုလို ရလာမယ်။ အဲဒီရည်ရွယ်ချက်နဲ့ ပထမအကြိမ် ထောင်ကလွတ်တဲ့ ၂၀၁၁ မှာ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေး ကွန်ရက် ဆိုပြီးတော့ စပြီးတော့ စုဖွဲ့လှုပ်ရှားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ စပြီးတော့ ဒီအဖွဲ့ကိုဖွဲ့ဖို့ စိတ်ကူးတဲ့အခါကြတော့ ဘာတွေကို ငါ ဦးစားပေး လုပ်မယ်ဆိုရင်တော့ အဆင်ပြေမယ်။ မြန်မာပြည်က လိုအပ်နေတာတော့ ဘက်စုံလိုအပ်နေတာ - အဘက်ဘက်က ချွတ်ခြုံကျနေတယ်ဆိုတော့ ကိုနေမျိုးဇင် စိတ်ထဲမှာ ဦးစားပေး လုပ်ဆောင်ရမယ့်ကဏ္ဍဆိုတာ ရှိသလား။

ဦးနေမျိုးဇင် ။ ။ ဦးစားပေးကတော့ ပညာရေး ဖြစ်ပါတယ်။ ဒုတိယကတော့ ကျနော်တို့ တတ်စွမ်းသမျှ လက်လှမ်းမီသမျှ ကျန်းမာရေးအထောက်အကူ။ ပညာရေးကတော့ လူတိုင်း လက်လှမ်းမီတယ် - စာအုပ်လေးပဲလှူလှူ၊ ဘောပင်လေးပဲပေးပေး၊ ကွန်ပြူတာပဲ သွားသင်သွားသင်၊ ကျောင်းပဲဆောက်ဆောက် - ပညာရေးက ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်တယ်။ ပညာရေးကောင်းမှလဲ ပညာရေးကြောင့် ဆက်လက်ပြီး ထိန်းသိမ်းသွားနိုင်မယ့် ကျန်းမာရေးအပါအဝင် လူနေမှုဘဝတွေ၊ နိုင်ငံရေး၊ စီးပွားရေတို့ အားလုံးဆက်ပြီးတော့ ကောင်းသွားနိုင်မှာပါ။ အဲဒီတော့ ကျနော်တို့ လူနေမှုဘဝ တိုးတက်မြင့်မားရေးအသင်းရဲ့ အဓိက ပြည်သူ့အကျိုးပြု လုပ်ငန်းတွေမှာ ပညာရေးကို ဇောက်ချပြီး လိုက်ကူညီပေးနေတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျောင်း (၁၆) ကျောင်းအထိ ကျနော်တို့ညီအကိုတွေ လိုက်ဆောက်ပြီးပါပြီ။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုနေမျိုးဇင်တို့ လုပ်နေတဲ့ လုပ်ငန်းက ကြီးကျယ်တယ်။ လုပ်ငန်းတွေလည်းများတယ်။ အဲဒီတော့ အရင်းအမြစ်ကရော - လူတွေက လှူတာတော့ ဟုတ်တာပေါ့။ အလှူတွေကြီးပဲ လက်ခံထားရင် ပြန်ဖြန့်ဖြူးဖို့ လိုသေးတယ်။ လူအင်အား၊ ငွေအင်အားတွေ လိုအပ်တယ်။ အဲဒါတွေကို ဘယ်လိုလုပ်ကြသလဲ။

ဦးနေမျိုးဇင် ။ ။ ကျနော်တို့မှာ လစဉ်အလှူရှင်တွေ ရှိတယ်။ အဲဒါကတော့ Overseas ကို အကြောင်းအမျိုးမျိုး ရောက်ရှိနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေပါ။ များသောအားဖြင့် စင်္ကာပူ တစ်ဒေါ်လာ - နေ့စဉ်စုတဲ့အဖွဲ့တွေ ရှိပါတယ်။ တနေ့ တစ်ဒေါ်လာစုတဲ့ အဖွဲ့ဝင်တွေ ရှိတယ်။ ဂျပန်ဆိုရင် ယန်း တစ်ရာ၊ အဲဒီလို စုကြတဲ့အဖွဲ့တွေ ရှိပါတယ်။ အခုဆို ရှစ်ဆယ်၊ ကိုးဆယ်လောက် အဖွဲ့ဝင် ဖြစ်လာပြီးတော့ ထိုင်းမှာဆို တစ်ဘတ် နေ့စဉ်စုကြတယ်။ အခုဆိုရင် သူတို့မှာ အယောက် (၄၅၀၀-၅၀၀၀) လောက် ရှိပါပြီ။ မလေးရှားဆိုရင်လည်း တစ်ရင်းဂစ် နေ့စဉ်စုကြတယ်။ အဲဒီလို စုကြပြီးတော့ ကျနော်တို့အသင်းကို ယုံကြည်စွာနဲ့ လစဉ်ပေးပို့လာတာတွေနဲ့ ကျနော်ကစုလိုက်တယ်။ အဖွဲ့ (၅) ဖွဲ့ ပို့လိုက်ရင် တစ်ဖွဲ့ကို သိန်း (၂၀) (၃၀) - သုံးလေးဖွဲ့ စုလိုက်တဲ့အခါမှာ မြောင်းလှဆိုရင် ကျောင်းတကျောင်း ဖြစ်တယ်။ အဲဒီလို ပုံစံလေးနဲ့သွားကြတယ်။ တခါတရံတော့ တဦးချင်း အလှူရှင်တွေ ရှိပါတယ်။ မိသားစုအလိုက် လှူတာရှိတယ်။ ယုံကြည်စွာနဲ့ ကိုနေမျိုးဇင် လိုတာသုံးဆိုပြီးတော့ ပေးပို့လာတဲ့ အလှူရှင်တွေရှိတယ်။ အဲဒီဟာတွေနဲ့ စောစောကပြောတဲ့ ရခိုင်ကိစ္စအပါအဝင်၊ ရခိုင်မှာ တပ်စခန်းတွေမှာ CCTV တွေ မရှိလို့ မီဒီယာတွေမှာ ထိခိုက်နစ်နာမှုတွေရှိရင် ကျနော်တို့ (၁၃) ဇုန်အတွင်းကို သွားပြေးတတ်တယ်။ ကူညီပေးအလုပ်တွေလည်း လုပ်တယ်. ဘွဲ့မရတဲ့ အလုပ်တွေပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ အရင် စစ်အစိုးရလက်ထက်၊ ဦးသိန်းစိန်အစိုးရနဲ့ အခု NLD ဒီမိုကရေစီအစိုးရ လက်ထဲရောက်လာပြီပေါ့။ ဆိုတော့ စစ်အစိုးရလက်ထက်ကတည်းက အမျိုးမျိုး အခက်အခဲတွေ ကြုံတွေ့ခဲ့တယ်။ ထောင်ကျခဲ့တယ်။ လုပ်ရကိုင်ရတာတွေက ကျနော်တို့က အပြင်မှာနေတဲ့လူတွေ၊ သတင်းမီဒီယာသမားတွေက နှိုင်းယှဉ်ကြတာကို။ စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်လက်ထက်ကို နှိုင်းယှဉ်ရင် ဘယ်လိုနေသလဲ။ လုပ်ရကိုင်ရတာ လွပ်လပ်လား။ ဦးသိန်းစိန်အစိုးရနဲ့ NLD – လုပ်ရကိုင်ရတာ ပိုကောင်းမွန်လာလား၊ ဆိုတော့ မီဒီယာဘက်က ကြည့်မယ်ဆိုရင် မီဒီယာသမားတွေ ပိုအဖမ်းခံရတယ် ဒီအစိုးရလက်ထက်မှာဆိုပြီး ပြောကြဆိုကြတာ ရှိပါတယ်။ လူမှုရေးလုပ်နေတဲ့ အသင်းတွေ ရှိတယ်။ ဘယ်လိုကွာဟချက်တွေ ရှိလဲ။ အရင်အစိုးရနဲ့ အခု NLD အစိုးရလက်ထက်မှာ။

ဦးနေမျိုးဇင် ။ ။ ကျနော်တို့ကတော့ ထိရောက်ကျယ်ပြန့်စွာ လုပ်လာခွင့်ရတယ်လို့ ကျနော်တို့ ယူဆတယ်။ အခုဆိုရင် အမေရိကားမှာ ဖွဲ့စည်းထားတဲ့ Pledge to Myanmar ကျနော်တို့နဲ့ တရားဝင်ချိတ်ပြီးတော့…အရင်အစိုးရခေတ်ကဆို ဆက်သွယ်ခွင့်ရမှာ မဟုတ်ဘူး။ အခု ကျနော်တို့ ချိတ်ဆွဲခွင့်ရတယ်။ တရားဝင် ငွေပေးငွေယူ လွှဲပေးလုပ်တာတွေ ဆောင်ရွက်ခွင့်ရတယ်။ ပြည်ထောင်စုအစိုးရကိုယ်တိုင်က လူမှုရေးအသင်းတွေရဲ့ ငွေစာရင်းရှင်းတမ်းတွေ၊ နှစ်ချုပ်စာရင်းရှင်းတမ်းတွေ တောင်းတယ်။ ကျနော်တို့ ပေးပို့ရတယ်။ တရားဝင်လည်း မှတ်ပုံတင် ချပေးတယ်။ လိုအပ်ရင် အစိုးရအစီအစဉ်နဲ့ လူကယ်တန်းအစီအစဉ်နဲ့ အစည်းအဝေးတွေ ညှိနှိုင်းဆောင်ရွက်တာတွေ ရှိလာတယ်။ ဒါကတော့ တိုးတက်လာတအသီးအပွင့်။ ဒီတိုးတက်လာတဲ့ အသီးအပွင့်၊ လွတ်လပ်စွာဆောင်ရွက်ခွင့် ရလာတဲ့အပေါ်မှာ ကျနော်တို့ မြန်မာပြည်ရဲ့ စာရိတ္တနဲ့ ရိုးသားဖြောင့်မတ်မှု စံချိန်စံညွှန်တွေက တချို့ကတော့ အရေခြုံတဲ့ပုံစံမျိုးတွေ ရှိကြတယ်။ အဲဒီလိုအဖွဲ့တွေကို တင်းကြပ်ဖို့၊ လွတ်လပ်ခွင့်ကို လွဲမှားစွာ အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားရှာစားတဲ့ အစုအဖွဲ့တွေကို ဥပဒေနဲ့အညီ တားမြစ်ဖို့၊ ဆောင်ရွက်လာတဲ့ ကာလမှာတော့ တချို့တချို့သော မူမမှန်တဲ့ သဏ္ဍာန်မတည်တဲ့ အဖွဲ့အစည်းတွေတော့ ကျပ်တာပေါ့။

ကျနော်တို့ကတော့ ဖြောင့်ဖြောင့်တည်တည်၊ တရားဝင်သွားပြီးတော့ ပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်းပဲ ဆောင်ရွက်တော့ ကျနော်တို့အတွက်ကတော့ အများကြီးအားသာချက် ရှိပါတယ်။ ပိုပြီးတော့ ကြီးမားကျယ်ပြန်တဲ့ - တချို့က ကျနော်တို့က ပရဟိတ လို့ ပြောကြတယ်။ ကျနော်တို့အသင်းက ပရဟိတအသင်း မဟုတ်ဘူး။ လူမှုရေးကို အခြေခံတဲ့ နိုင်ငံပြုအသင်း။ နိုင်ငံကို ပြုစုမယ်၊ ပြုပြင်မယ်။ လူမှုရေးကို အခြေခံပါတယ်။ နိုင်ငံရေးပါတီတွေက လွှတ်တော်ထဲမှာ နိုင်ငံအတွက်။ ကျနော်တို့က လူထုကြားထဲသွား လူထုလိုအပ်ချက်ကို ဖြည့်ဆည်းပြီးတော့ လူထုတွေအတွက်နဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် ပြုစုပြုပြင်တဲ့အလုပ်ကိုသွားတော့ ကျနော်တို့က ဖြောင့်ဖြောင့်ရဲရဲတင်းတင်း သွားတဲ့အတွက်ကြောင့် ကျနော်တို့အတွက်တော့ ပိုပြီးအားသာချက်တွေ ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ NLD အစိုးရလက်ထက်မှာ သိသာတာကတော့ အခုလို လူမှုရေးလုပ်တဲ့အသင်းတွေ၊ ပရဟိတအသင်းတွေ တော်တော်လေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရလာတာ သိသာတယ်။ ဒါပေမဲ့ ကိုနေမျိုးဇင်လည်း ခဏခဏ တွေ့ရတာပဲ နယ်တွေသွားတဲ့အခါမှာ အစိုးရအုပ်ချုပ်မှုဘောင်ကျော်ပြီးတော့ စစ်တပ်က ဝင်ပြီးတော့နေရာယူတဲ့ နေရာတွေ ရောက်လို့ရှိရင် ထိပ်တိုက်တိုးရတာတွေ ရှိတယ်။ ဆိုတော့ တပ်မတော်နဲ့ ထိပ်တိုက်တွေ့ရတာမျိုး။ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ရတာမျိုး - အဲဒါမျိုးတွေ ရှိသလား။

ဦးနေမျိုးဇင် ။ ။ အခုခေတ်မှာတော့ သိပ်တော့မရှိသလောက်ပါပဲ။ ယခင်ကာလအထိ ဒေါ်အောင်ဆန်းစုကြည် တက်လာတဲ့ တနှစ်အတွင်းမှာ ကျနော်တို့ သွားလေရာကို နောက်ကလိုက် Shadow ပါသေးတယ်။ အခုနောက်ပိုင်းတော့ သိပ်တော့မရှိတော့ဘူး။ ရှိလည်းပဲ ကျနော်တို့က ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ သူတို့ သံသယရှိလို့ဖြစ်စေ၊ ကျနော်တို့လုပ်ရပ်ကို မှတ်တမ်းတင်ဖို့ဖြစ်စေ၊ လိုက်ပါကူညီတယ်လို့ပဲ သဘောထားပြီး ကျနော်တို့ ပူးပေါင်းဆောင်ရွက်ပါတယ်။ လိုက်ပြီးတော့ သတင်းယူဖို့ တာဝန်ပေးအပ်ခံရတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်လည်း နားလည်ပါတယ်။ ကျနော်တို့ကို အထက်ခိုင်းလို့သာ လာကြည့်ရတာ၊ ကျနော်တို့ ဖြောင့်ဖြောင့်ဖြူဖြူ လုပ်နေတယ်ဆိုတာသိတော့ တဘက်ကလဲ စည်းရုံးရေးရတာပေါ့။ အဲဒီတော့ ဝန်းထမ်းယန္တရားရေးကို ကျနော်တို့ လူမှုအသင်းတွေ ထိတွေ့မှုအားဖြင့် သူတို့စိတ်ထဲမှာ တင်းကြပ်ခံစားနေရတာတွေကိုသိသာသလို၊ ကျနော်တို့ကို အသွင်ကူးပြောင်းရေးအတွက် သူတို့အင်အားကို ဘယ်လို ဆွဲဆောင်ခေါ်ယူသွားရမလဲဆိုတဲ့ လက်တွေ့ကျတဲ့ ထိဆက်မှုတွေလည်း ကျနော်တို့ရတယ်။ စစ်တပ်တို့၊ ရဲတို့ဆိုတာ ယခင်ကာလတုန်းက ကျနော်တို့နဲ့ အထူးသဖြင့် ကျနော်နဲ့ အတိုက်အခံတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဦသိန်းစိန်လည်း ထက်ထက်အထိ။ အခုနောက်ပိုင်းတော့ မရှိသလောက်ပါပဲ။ ပူးပေါင်းဆောင်ရွက်တာတွေ တပ်ထဲကဆိုရင်လဲ သူငယ်ချင်းဟောင်းတွေ ပြန်ဆုံ အဆက်အသွယ် အကုန်ပြန်ရတယ်။ ကျနော့်ဖုန်းက အမြဲတမ်းကြားဖြတ်နားထောင်နေတော့ ကျနော်ဖုန်းဆက်လိုက်တာနဲ့ သူတို့ကို နယ်ရွှေ့တာတို့၊ ရာထူးချတာ၊ ခေါ်စစ်တာတို့ ဖြစ်တဲ့အထိဖြစ်တော့ သူတို့ မဆက်ရဲကြဘူး။ အခုကြတော့ ဆက်ကြပါတယ်။ နည်းနည်းလေး ပွင့်လင်းလွတ်လပ်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါလဲ ကမ္ဘာ့ဖိအားတွေနဲ့ နိုင်ငံတကာကနေ လတ်တလောဖြစ်နေတဲ့ တပ်မတော်ပေါ် Target ထားပြီးတော့ အောက်ခြေက နည်းနည်းလူးလူးလွန် ဖြစ်လာမယ်လို့ ကျနော်ထင်တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုလို မေးခွင့်ရတယ်ဆိုတော့ မမေးဘဲ မနေနိုင်တာ ဘာလဲဆိုတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍ။ ဗမာပြည်မှာ မနေ့က ကာကွယ်ရေးဦးစီးချုပ်က ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ - လုံးဝတပ်မတော်အနေနဲ့ ဒီအတိုင်းပဲ ရပ်တည်သွားမယ်ဆိုတဲ့ပုံစံမျိး ပြောသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့ နောက်ဆုံးမိန့်ခွန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ခရီးရောက်မယ်ပေါ့။ တယောက်နဲ့တယောက်က နှစ်ဘက်က အခု စကားအရ စစ်ထိုးလာကြပြီ။ ကာကွယ်ရေးဦးစီးချုပ်က ရှမ်းပြည်မှာထွက်ပြောတယ်။ ဆိုတော့ တပ်မတော်ရဲ သွားနေတဲ့လမ်းကြောင်းကို ကိုနေမျိုးဇင် ဘယ်လောက်မြင်မိသလဲ။

ဦးနေမျိုးဇင် ။ ။ သူကတော့ အထက်ကအမိန့်နဲ့ Mandate ပေးပြီးတော့ ရွေးပေးခဲ့တဲ့ လူတယောက်ဆိုတော့ အထက်က သူ့ကို သစ္စာစောင့်ခံထားမယ့် လူတွေရဲ့ ရည်ညွှန်းချက်အတိုင်း ရုပ်သေးအတိုင်းပဲ ကနေတယ်လို့ ပြောချင်တယ်။ ဒါက သူ့ရဲ့ သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်နဲ့ အခု (၂) နှစ် (၃) နှစ်ခွဲအတွင်းမှာ တပ်မတော်ဘက်နေ သိသာထင်ရှားတဲ့ အရွေ့တွေအတွက် ပြည်သူ့ရဲ့ လက်ခုပ်သံနဲ့ ပြည်သူရဲ့ ချစ်ကြည်ရင်းနှီးသော တပ်မတော်မဖြစ်အောင် ဆောက်ရွက်ချက်တွေ ကျနော် မတွေ့ရသေးဘူး။ မုန်းတိုင်တွေ ကယ်ဆယ်ရေးဆိုတာ မီးသတ်ကားလေးတွှေ၊ ကျနော်လည်း တပ်မတော်ရဲ့ အလုပ်မဟုတ်ဘူး။ တပ်မတော်ရဲ့အလုပ်က လုံးဝပြည့်စုံတဲ့ ကာကွယ်ရေးနဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်တဲ့ဟာ ဖြစ်ရမယ်။

အခုဆိုရင် သင်္ဘောကြီးကပ်လာတာ သူတို့ မသိလိုက်ဘူး။ ဘုရားပေါ် ဖြတ်ပျံသွားတာ သူတို့ မသိလိုက်ဘူး။ တရုတ်က မီတာသုံးဆယ် ဝင်တူးသွားတာလည်း မသိလိုက်ဘူး။ ဘာမှ မပြောရဲဘူး။ ကျနော်တို့မှာ ကာကွယ်ရေးစွမ်းရည်နဲ့ ပတ်သက်ပြီး ဝမ်းနည်ကြွေကွဲစရာ ဖြစ်နေတယ်။ ဒီကာကွယ်ရေးဦးစီးက ကျနော့်ထက် နှစ် (၂၀) ကြီးပါတယ်။ ကျနော်သာ သူကိုတင်ပြခွင့် ရှိမယ်ဆိုရင် ကျနော် သူ့ကို သမိုင်းဆောင်းပါးလေးတချို့ လက်ဆောင်ပေးချင်ပါတယ်။ ဒီလိုပဲ သူလိုပဲ အခု အခြေခံဥပဒေကို အသက်ပေးစောင့်ရှောက်သွားမယ် ပုံစံအလားတူသဘောမျိုး - ဆဒမ်ဟူစိန်လည်း ပြောခဲ့ဖူးတယ်။ သီတင်ကျွတ်၊ ကဒါဖီလည်း ပြောခဲ့ဖူးတယ်။ ဆဒမ်ဟူစိန်၊ ကဒါဖီတို့ နောက်ဆုံး ဘယ်ဘုံသွားသလဲဆိုတာကို သမိုင်းကို ယူတတ်စေတယ်။ ပြီးတော့လဲ နှစ်ပေါင်း လေးငါးဆယ်အထိက သပြေညိုနဲ့ ပြည်သူတွေက လက်ကမ်းကြိုဆိုခဲ့တယ့် တပ်မတော်။ အခုသူ့ခေတ်၊ သူ့လက်ထက်ကျမှ ဘာကြောင့် ပြည်သူတွေက သပြေပန်းတောင် ဝှက်ထားတဲ့အဆင့် ဖြစ်သွားရလဲ။ သမိုင်းကို တန်းဖိုးထားတဲ့နေရာလေး၊ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် တကယ် ဂုဏ်မြင့်ဂုဏ်တင် စေချင်တယ်။ သူ့ဂုဏ်မြင့်မှ - ပြည်သူတွေ တသက်လုံး တောင့်တလာတဲ့ ခြေဥက ချုပ်ကိုင်ထားတာတွေကော၊ ပြည်သူ့ခေါင်းဆောင် သွားချင်တဲ့ အပြောင်းအလဲ ငြိမ်းချမ်းရေးလမ်းစဉ်တွေကို သူနားလည်သဘောပေါက်ပြီး မျက်တောင်တဆုံး မဟုတ်ဘဲနဲ့ မျက်စိတဆုံး ကြည့်မယ်ဆိုရင် အခု ခြေ ဥ ကို ကာကွယ်မယ်ဆိုတာ ကဒါဖီလမ်းစဉ်ကို သူ့အနေနဲ့ ရောက်သွားနိုင်ဆိုတာ ကျနော်က သူ့ကို ပေးပို့ချင်တယ်။ ကျနော့်ရဲ့ ခံစားချက်ကို ပြောတာပါ။

ကိုဇော်ဝင်းလှိုင် ။ ။မကြာခင် ကြားဖြတ်ရွေးကောက်ပွဲကလည်း လာတော့မယ်။ NLD ဘက်က၊ တပ်မတော်ဘက်က၊ တခြားနိုင်ငံရေးပါတီတွေကရော - ဆိုတော့ ကိုနေမျိုးဇင် ဆိုလိုချင်တာက ကာကွယ်ရေးဦးစီးချုပ် ဦးမင်အောင်လှိုင်အနေနဲ့ အချိန်ရှိသေးတယ်။ သူ့အနေနဲ့ ပြုပြင်ဖို့ လုပ်ချင်တဲ့ ဆန္ဒ ရှိသေးရင် လုပ်လို့ရသေးတယ်လို့ ဆိုလိုချင်တာလား။

ဦးနေမျိုးဇင် ။ ။ အခုအချိန်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ပြည်သူ့ချဉ်ဖတ် ဖြစ်သွားမလား။ ပြည်သူ့ချစ်မြတ်နိုးတဲ့ ရင်ဘတ်ထဲကို ဖြတ်ဝင်မလား။ ချဉ်ဖတ် နဲ့ ရင်ဘတ် နှစ်ခုရွေးစရာ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ကိုနေမျိုးဇင်တို့အဖွဲ့အနေနဲ့ အခုသွားလာလှုပ်ရှားနေကြတယ်ဆိုတော့ အနာဂတ်မှာ အခုလုပ်နေတဲ့ ကဏ္ဍတွေအပြင် ဘာတွေများ တိုးချဲ့လုပ်ချင်တာရှိလဲ။

ဦးနေမျိုးဇင် ။ ။ အခုကျောင်းဆောက်၊ တံတားဆောက် လုပ်ငန်းတွေကတော့ သာမရိုးကျနည်းလမ်းအနေနဲ့ သွားမှာပါ။ ကျန်တာတွေကတော့ တိုင်းရင်းသားလူငယ်တွေကို အထူးသဖြင့် ကျနော်သွားတဲ့ နေရာတွေမှာ ကလေးတွေ အများကြီး ပညာသင်ခွင့် ဆုံးရှုံးနေတယ်။ စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ မူးယစ်ဆေးဝါးကြောင့်ဖြစ်ဖြစ်၊ ဆင်းရဲလွန်အားကြီးလို့ဖြစ်ဖြစ် ပညာရေးကျောင်းမရှိလို့၊ ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေ အများကြီး ကျနော် စာရင်းနဲ့ ပြုစုထားတာ ရှိပါတယ်။ ဒီကပြန်တာနဲ့ ဒီကဝိုင်းဝန်းထားတဲ့ Pledge to Myanmar နဲ့ အမေရိကန်ရောက် မြန်မာတိုင်းရင်းသားတွေ စုပေါင်းလှူဒါန်းလိုက်တဲ့ အခုဆိုရင် ပြည်နယ် (၃) ခုပဲ သွားရပါသေးတယ်။ ဒေါ်လာလေးသောင်းလောက် ဝိုင်းဝန်းကူညီထားပါတယ်။ ဒါနဲပ ရုံးချုပ်အဆောက်အအုံ တည်ဆောက်ပါမယ်။ Private ကျောင်းတခု ပုံစံမျိုး တည်ဆောက်ပါမယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးပါမယ်။ အမျိုးသမီး အသက်မွေးဝမ်းကျောင်းတွေ သင်ပါမယ်။ မော်တော်ကားပြင်တဲ့ သင်တန်းမျိုးတွေ၊ မူကြိုဆရာမသင်တန်းမျိုးတွေကို ကျနော်တို့ ဖြည်းဖြည်းနဲ့ သက်မွေးဝမ်းကျောင်းတွေ - မူကြိုဆရာမဆိုတာ အမေရိကနဲ့ ဥရောပမှာသုံးတဲ့ ရဂျီရိုနည်းလမ်းမျိုးတွေ ကလေးတယောက်ကို ဘယ်အချိန်ကစပြီး ဒီမိုကရေစီနည်းလမ်းတရားနဲ့ တာဝန်ယူနိုင်စွမ်း၊ တာဝန်ယူချင်စိတ်နဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုကို train လုပ်ရမယ်ဆိုတာကို ကလေးဘဝကတည်းက စပြင်မှရမှာ။ အစိုးရကလည်း လုပ်နိုင်သလောက် လုပ်နေတယ်။ ကျနော်တို့တွေကလည်း ဝိုင်းလုပ်မှရမှာ။ အစိုးရမှာ ဘောင်ကျဉ်းတယ်။ ဝန်ထမ်းကစပြီး Mindset တွေ လိုက်ပြောင်းရမှာ။ ဥပဒေတွေ ပြောင်းရမယ်။ ဘတ်ဂျက်ကအစ အများကြီး ပြောင်းရမယ်။ အခု ဥပဒေပြင်ဖို့ တင်းခံနေတဲ့လူကြောင့် ဘတ်ဂျက်တိုးလာဖို့လည်း အကြောင်းမရှိဘူး။ ဝန်းထမ်းယန္တရားကို ပြည်သူ့အစိုးရအောက်ထည့်ပြီး ကောင်းကောင်းပြောင်းနိုင်ဖို့လည်း မလွယ်သေးဘူး။ အဲဒီလို မိုက်သောလူတွေ ဆက်မိုက်နေတဲ့အချိန်မှာ ကျနော်တို့ပြည်သူက အလိုက်သိသိနဲ့ ရည်မှန်းထားတာပါ - ဒါလည်း ပြည်သူပါမှာ ဖြစ်မှာပါ။ ကျနော်လည်း ကံကြမ္မာက ပေးလာမှ ဖြစ်မှာပါ။ သို့သော် ကျနော်တို့ ဒီအတိုင်း ငြိမ်နေလို့ မရဘူး။ ကျနော်တို့ ဘာသိဘာသာ နေလို့မရဘူးဆိုတာလေးကို လေးနက်စွာ ခံယူပြီးတော့ ဖြည်းဖြည်းချဲ့ထွင်တိုးချဲ့ပြီး ၂၀၂၅ အထိ ကျနော်က ဒီအသင်းကြီးကို ကောင်းကောင်းလည်ပတ် တည်ဆောက်သွားမယ်လို့၊ နောင်လာမယ့် မျိုးဆက်တွေကို အမွေပေးသွားနိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လက်လွှဲပေးနိုင်ဖို့ ဆက်ကြိုစားသွားပါမယ်။

XS
SM
MD
LG