သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံမှာဒေါသကြီးမှု မီဒီယာကို Trump ပြစ်တင်


Pennsylvania က ဂျူးုဘုရားကျောင်းမှာ လူပေါင်း ၁၁ ဦး အသတ်ခံရတာနဲ့ သမ္မတ Trump ကို ထောက်ခံသူက သမ္မတကို ဝေဖန်သူတွေဆီ ဖေါက်ခွဲရေးပစ္စည်းတွေပါတဲ့ ပါဆယ်ဗုံးတွေ ပေးပို့တယ်လို့ စွပ်စွဲထားမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတွင်းမှာ အမျက်ဒေါသတွေ ပိုထွက် လာအောင် သတင်းမီဒီယာတွေက လုပ်နေတယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ အပြစ်တင်ဝေဖန်လိုက်ပါတယ်။

သမ္မတဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီဝင်တွေ၊ တရားမဝင် ပြောင်းရွှေ့ ဝင်ရောက်လာသူ တွေနဲ့ တခြားသူ့ရဲ့မူဝါဒတွေကို လက်မခံသူတွေကို ဦးတည်ပြီး မကြာခဏ ပြင်းပြင်းထန်ထန် ပြောကြားမှုတွေ လုပ်နေတာမို့ ရလဒ်အနေနဲ့ အမေရိကန် လူမှုအသိုင်းအဝိုင်းအတွင်း နက်နက်ရှိုင်းရှိုင်း ပြိုကွဲမှုတွေ ဖြစ်လာစေတယ်လို့ နိုင်ငံရေးအတိုက်အခံတွေက သမ္မတ Trump ကို ဝေဖန် အပြစ်တင်နေကြတာပါ။

ဒါပေမယ့် သမ္မတ Trump ကတော့ အခုလို နိုင်ငံတွင်း ဒေါသတွေ အကြီးအကျယ်ဖြစ်ပွါးနေကြတာ ရဲ့ အကြောင်းရင်းက မှန်ကန်မှုမရှိတဲ့ သတင်းမှားတွေကို သတင်းမီဒီယာတွေက ရေးသား နေတာက အစိတ်တပိုင်း တခုအနေနဲ့ ပါဝင်တယ်လို့ ပြောပါတယ်။

သတင်းတုတွေ ထုတ်လွှင့်တဲ့ မီဒီယာတွေဟာ လူထုရဲ့ ရန်သူ အစစ်ဖြစ်ပြီး ပွင့်ပွင်းလင်းလင်း ထင်သာမြင်သာ ရန်လိုနေတာတွေကို ရပ်ရမှာ ဖြစ်ကြောင်းနဲ့ မှန်ကန်ပြီး မျှတတဲ့ သတင်းတွေကို ရေးရမှာဖြစ်ကြောင်း သမ္မတ Trump က သူ့တွစ်တာမှာ ရေးပါတယ်။

ဆိုးဝါးတဲ့ လုပ်ရပ်တွေနဲ့ အမြက်ဒေါသမီးတွေ ငြိမ်းအောင် လုပ်မှ အချင်းချင်း သဟဇာမျှမျှနဲ့ ငြိမ်းချမ်းစွာ အားလုံး အတူယှဉ်တွဲ နေနိုင်မှာ ဖြစ်ကြောင်းလည်း ရေးသားထားသလို သတင်းအတုအယောင်တွေ အဆုံးသတ်ဖို့လည်း တောင်းဆိုထားပါတယ်။

သမ္မတ Trump ရဲ့ ပြောကြားချက်တွေကြောင့် ဂျူးဘုရားကျောင်း ပစ်ခတ်မှုတွေ ပါဆယ်ဗုံးပို့မှုတွေ ဖြစ်လာတယ်ဆိုတဲ့ သတင်းမီဒီယာ တွေရဲ့ ပြောဆို ရေးသားမှုတွေဟာ တာဝန်မဲ့ရာ ကျတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG