သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khashoggi သတ်ဖြတ်ခံရမှု ကြိုတင်ကြံစည်မှု ဆိုတာ ဆော်ဒီဝန်ခံ


 ဆော်ဒီသတင်းစာဆရာ Jamal Khashoggi အသတ်မခံရခင် သံရုံးထဲဝင်သွားပုံ CCTV မှတ်တမ်း။
ဆော်ဒီသတင်းစာဆရာ Jamal Khashoggi အသတ်မခံရခင် သံရုံးထဲဝင်သွားပုံ CCTV မှတ်တမ်း။

တူရကီနိုင်ငံ အီစတန်ဘူမြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီသတင်းစာဆရာ Jamal Khashoggi အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဆောင်ဒီနိုင်ငံက ရှင်းလင်းချက်အသစ် ပေးရာမှာ၊ တူရကီက ပေးအပ်တဲ့ သတင်းအချက်အလက်တွေအရ ကြိုတင်ကြံစည်ထားတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဆော်ဒီအစိုးရရှေ့နေရုံးရဲ့ သတင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် SPA သတင်းဌာနက ဒီကနေ့ ဖော်ပြခဲ့တဲ့ ကြေညာချက်မှာတော့ ကြိုတင်ကြံစည်သတ်ဖြတ်မှုကို ဘယ်သူက ကျုးလွန်ခဲ့သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ တရားရေးလုပ်ငန်းတွေ ပြီးဆုံးအောင် ဆောင်ရွက်နိုင်ဖို့ အစိုးရရှေ့နေရုံးက မသင်္ကာသူတွေကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ဖော်ပြခဲ့တာပါ။

သတင်းစာဆရာ သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်ပြီး ဆော်ဒီကတော့ အစိုးရအရာရှိ ၅ ယောက်ကို ရာထူးကဖြုတ်လိုက်ပြီး၊ သံသယရှိသူ ၁၈ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ အမေရိကန်သမ္မတ Donald Trump အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်သူတွေကတော့ ဆော်ဒီနိုင်ငံမှာ တကယ်တမ်းအာဏာရှိတဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman မှာ တာဝန်ရှိကြောင်း ပြောဆိုထားကြတာပါ။

အစောပိုင်းမှာတုန်းကတော့ သတင်းစာဆရာ Khashoggi ဟာ ကောင်စစ်ဝန်ရုံးက လမ်းလျှောက်ပြန်ထွက်သွားပြီး၊ ဘယ်ရောက်နေမှန်း မသိဘူးဆိုပြီး ဆော်ဒီဘက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ကောင်စစ်ဝန်ရုံးထဲမှာ ထိုးကြိတ်ရန်ဖြစ်ရာက သေဆုံးတာဆိုပြီး ပြောခဲ့သလို၊ အကူအညီတောင်းဖို့ ကောင်စစ်ဝန်ရုံးကနေ ထွက်ဖို့ကြိုးပမ်းချိန်မှာ လည်ပင်းကနေသိုင်းချုပ်ရာက သေဆုံးတာ ဆိုပြီးတော့လည်း မကြာသေးခင်အထိ ပြောဆိုခဲ့တာပါ။

သတ်ဖြတ်မှုကို ကြိုတင်ကြံစည်ခဲ့တာဖြစ်ကြောင်း ဆော်ဒီဘက်က ဝန်ခံခဲ့ပေမဲ့လည်း ဆော်ဒီကဖမ်းဆီးထားတဲ့ သံသယရှိသူ ၁၈ ဦး အပါအဝင် မေးခွန်းထုတ်စရာ ရှိနေတာတွေကို အဖြေပေးဖို့ လိုအပ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောဆိုခဲ့ပါတယ်။ သတ်ဖြတ်ဖို့ ဘယ်သူက အမိန့်ပေးတာလဲ၊ အလောင်း ဘယ်မှာရှိနေလဲ ဆိုတဲ့မေးခွန်းတွေအတွက် အဖြေပေးဖို့ လိုအပ်သလို၊ မိသားစုအနေနဲ့ နောက်ဆုံးနှုတ်ဆက်လိုကြောင်းလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG