သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသတင်းထောက်အမှုတာဝန်ရှိသူ ပြေးမလွတ်စေရဟု တူရကီသမ္မတ ကတိပေး


တူရကီသမ္မတ Recep Tayyip Erdogan
တူရကီသမ္မတ Recep Tayyip Erdogan

ဆော်ဒီသတင်းစာဆရာ Jamal Khashoggi ကို သတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူနိုင်အောင် ကြိုးပမ်းသွားမယ့် အကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ဒီနေ့ပဲ ကတိပေး ပြောဆိုလိုက်ပါတယ်။

လူသတ်သမားတွေက ဖုံးကွယ်တာကို လက်ခံမှာ မဟုတ်သလို၊ အဖြစ်မှန်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်နိုင်ဖို့ ရရှိထားတဲ့ အချက်အလက်တွေကို မျှဝေသွားမှာ ဖြစ်ကြောင်းလည်း Ankara မြို့တော်မှာ တူရကီသမ္မတက ပြောဆိုလိုက်တာပါ။ အောက်တိုဘာလ ၂ ရက်နေ့က တူရကီနိုင်ငံ အီစတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးကို သွားခဲ့ရာက သတင်းစာဆရာ Khashoggi အသတ်ခံခဲ့ရတာဟာ ကြိုတင်ကြံစည်ထားတဲ့ လုပ်ရပ်ဖြစ်ကြောင်း မနေ့တုန်းက လွှတ်တော်မိန့်ခွန်းမှာ သမ္မတက ပြောကြားခဲ့ပြီးနောက် အခုလို ထပ်မံပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ကောက်ကျစ်တဲ့ ဆော်ဒီထောက်လှမ်းရေး တချို့ရဲ့ လက်ချက်အဖြစ် ဆော်ဒီအစိုးရရဲ့ ပြောဆိုချက်ကိုလည်း တူရကီသမ္မတက ပယ်ချထားတာပါ။ ရရှိထားတဲ့ အထောက်အထားတွေအရ သတင်းစာဆရာ Khashoggi ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာဖြစ်ကြောင်းနဲ့ ရက်စက်လှတဲ့ ဒီလိုလုပ်ရပ်မျိုးဟာ လူ့အသိတရားကိုပါ ထိခိုက်စေသလို၊ လက်တဆုပ်စာ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အရာရှိတွေကို အပြစ်ဖို့တာဟာ တူရကီနိုင်ငံအတွက်ရော၊ နိုင်ငံတကာ အသိုင်းအဝန်းအတွက်ပါ လက်ခံနိုင်စရာ မရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သတ်ဖြတ်ဖို့ အမိန့်ပေး ခိုင်းစေသူကို တရားဥပဒေအရ အရေးယူဖို့ လိုအပ်ကြောင်းနဲ့ သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး ဆော်ဒီနိုင်ငံမှာ ဖမ်းဆီးထားတယ်လို့ဆိုတဲ့ အရာရှိ ၁၈ ယောက်ကိုလည်း တူရကီနိုင်ငံမှာ အမှုရင်ဆိုင်ဖို့လည်း တောင်းဆိုထားတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း သတ်ဖြတ်မှုနဲ့ ဆက်နွယ်သူ အနည်းဆုံး လူတချို့ကို ဖော်ထုတ်ပြီး၊ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းအရေးယူလိုက်တဲ့အကြောင်း မနေ့နှောင်းပိုင်းမှာပဲ ပြောဆိုခဲ့ပါတယ်။ အခုအရေးယူတဲ့ လုပ်ရပ်ဟာ အမှုနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ နောက်ဆုံးလုပ်ရပ် မဟုတ်ကြောင်းနဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်မယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေသွားမှာ ဖြစ်ကြောင်းလည်း သတိပေးခဲ့တာပါ။

သတင်းစာဆရာ Khashoggi ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာမျိုးလို လုပ်ရပ်မျိုးကို အမေရိကန်အနေနဲ့ လက်ခံမှာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိစေလိုကြောင်းလည်း ဝန်ကြီး Pompeo ကပြောဆိုခဲ့ပါတယ်။

ဆော်ဒီသတင်းထောက်အမှုတာဝန်ရှိသူ ပြေးမလွတ်စေရဟု တူရကီသမ္မတ ကတိပေး
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG