သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီသတင်းထောက် ကြိုတင်ကြံစည် သတ်ဖြတ်ခံခဲ့ရကြောင်း တူရကီသမ္မတစွပ်စွဲ


အမေရိကန် အခြေစိုက် ဆော်ဒီ သတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုက ကြိုတင်ကြံစည်မှု ဖြစ်ပြီး ဒီကိစ္စ အတွက် ညွှန်ကြား စေခိုင်းသူ အပါအဝင် တာဝန်ရှိသူ အားလုံးကို အပြစ်ပေး အရေးယူရမှာ ဖြစ်တယ်လို့ တူရကီ သမ္မတ Recep Tayyip Erdogan က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

တူရကီ နိုင်ငံ အစ္စတန်ဘူးလ်မြို့က ဆော်ဒီ ကောင်စစ်ဝန်ရုံးကို Khashoggi မသွားခင် တရက်ကစလို့ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတဲ့ အသေးစိတ်ကို သမ္မတ Erdogan က ဒီကနေ့ လွှတ်တော်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကောင်စစ်ဝန်ရုံးမှာ Khashoggi ကို တွေ့ဖို့ အတွက် အစ္စတန်ဘူးလ်မြို့ကို လေယာဉ်နဲ့ အဖွဲ့တွေ ရောက်ရှိလာကြကြောင်း၊ နောက် ကောင်စစ်ဝန်ရုံးက ထောက်လှမ်းစောင့်ကြည့် စနစ်ထဲက အချက်အလက်တွေ သိမ်းဆည်းတဲ့ Hard Drive ကိုလည်း ဖယ်ရှားပစ်ခဲ့ကြောင်း တူရကီ သမ္မတက ပြောဆိုခဲ့ပါတယ်။

Khashoggi နဲ့ လက်ထပ်မယ့်သူ Hatice Cengiz က ကောင်စစ်ဝန်ရုံး အပြင်မှာ နာရီနဲ့ချီ စောင့်ဆိုင်းနေခဲ့ပြီးနောက်မှာ တူရကီ အာဏာပိုင်တွေကို ဆက်သွယ်ပြီး Khashoggi ကို ဖမ်းဆီးထားပြီး အန္တရာယ် ရှိနေပြီလို့ ပြောဆိုခဲ့တယ်လို့လည်း တူရကီ သမ္မတ Erdogan က လွှတ်တော်မှာ ပြောဆိုသွားပါတယ်။ ကောင်စစ်ဝန်ရုံးမှာက သံတမန်ရေး အရ ကင်းလွတ်ခွင့်ရှိနေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ နှောင့်နှေးခဲ့ရကြောင်း သမ္မတက ပြောဆိုသွားပါတယ်။ ဒါပေမယ့်လည်း Khashoggi က သူ့ဘာသာ ကောင်စစ်ဝန်ရုံးကနေ ထွက်မသွားဘူးဆိုတာကို ရဲတပ်ဖွဲ့ဘက်က အသေအချာ သိရှိထားကြောင်း တူရကီ သမ္မတက ပြောဆိုခဲ့ပါတယ်။

Khashoggi ကောင်စစ်ဝန်ရုံးကနေ ထွက်သွားပြီလို့ ဆော်ဒီအာရေးဗျဘက်က ပထမဆုံး ပြောဆိုခဲ့တာပါ။ တူရကီ ရဲတပ်ဖွဲ့ကိုရော ထောက်လှမ်းရေး ဌာနတွေကိုပါ စုံစမ်းစစ်ဆေးမှုကို အပြည့်အ၀ ဆောင်ရွက်ဖို့၊ ဘယ်သူ့ကိုမှ မှားယွင်း မစွပ်စွဲမိစေဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်ခံရမှုကို အပြည့်အ၀ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ကြောင်းလည်း တူရကီ သမ္မတက ပြောဆိုပါတယ်။ ဆော်ဒီအာရေးဗျဘက်က လူသတ်မှုကို ဝန်ခံလိုက်တာက အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ကြောင်း၊ ဒါပေမယ့် တာဝန်ရှိသူ ဘယ်သူဘဲ ဖြစ်နေပါစေ နိုင်ငံ ခေါင်းဆောင်တွေက အရေးယူဖို့ မျှော်လင့်ကြောင်းလည်း သမ္မတ Erdogan က ပြောဆိုသွားပါတယ်။ မိန့်ခွန်း အဆုံးသတ်မှာတော့ သမ္မတ Erdogan က Khashoggi သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သွားပါတယ်။

Khashoggi ရဲ့ ရုပ်အလောင်း ဘယ်မှာရှိသလဲ၊ ဆော်ဒီ အဖွဲ့ကို အစ္စတန်ဘူးလ်းကို လာဖို့ ဘယ်သူက ညွှန်ကြားခဲ့သလဲ ဆိုတာနဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီဘက်က့ ရှင်းလင်းချက်တွေ အမျိုးမျိုး ပေးနေတာက ဘာကြောင့်လဲ ဆိုပြီး တူရကီ သမ္မတက မေးခွန်းထုတ်သွားပါတယ်။ ဆော်ဒီအာရေးဗျ ဘက်က ရှင်းလင်းချက်တွေ မျိုးစုံထွက်လာတဲ့ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က သံသယ ဖြစ်နေကြပြီး ဆော်ဒီအာရေးဗျ အိမ်ရှေ့စံ မင်းသား Mohammed bin Salman က Khashoggi ကို သတ်ဖို့ ညွှန်ကြားခဲ့တာလို့ စွပ်စွဲထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG