သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khashoggi အသတ်ခံရမှု ဆော်ဒီအစိုးရအရာရှိတချို့အပေါ်ကန်ပြည်ဝင်ခွင့်ပိတ်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

ဆော်ဒီသတင်းထောက် Jamal Khashoggi အသတ်ခံရမှှုမှာ ပါဝင်ပတ်သက်နေတဲ့ ဆော်ဒီအာရေဗျ အရာရှိတွေထဲက တချို့ကိုဖေါ်ထုတ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် သူတို့ရဲ့ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတွေကို ရုပ်သိမ်းအရေးယူမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်္ဂါနေ့မှာပြောပါတယ်။

အခုလို ဒဏ်ခတ်တာဟာ နောက်ဆုံးအဖြစ်အရေးယူတာ မဟုတ်သေးပဲ ဒီသတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေကို အမေရိကန်က ဆက်လက် ဖေါ်ထုတ်မှာ ဖြစ်ကြောင်း ဝန်ကြီး Pompeo ကပြောပါတယ်။ သတင်းသမားတဦးဖြစ်တဲ့ မစ္စတာ Khashoggi ကို အခုလို အကြမ်းဖက်တဲ့နည်းနဲ့ နှုတ်ပိတ်ဖို့ လုပ်ဆောင်တာမျိုးကို သီးခံနေမှာမဟုတ်ကြောင်း အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောထားခဲ့တယ် လို့လည်းပြောပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ သတင်းထောက် Khashoggi ပျောက်ဆုံးသွားချိန်ကစပြီး အခု ဆော်ဒီအာရေဗျ အပေါ် အမေရိကန်က ပထမဆုံး အရေးယူခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနမှာ အင်္ဂါနေ့က ဝန်ကြီး Pompeo က အခုလို ကြေညာ ခဲ့တာဖြစ်ပေမယ့် ဆော်ဒီအရာရှိ ဘယ်နှစ်ဦးရဲ့ ပြည်ဝင်ခွင့်တွေ ပိတ်ပစ်တယ်ဆိုတာနဲ့ ဘယ်သူတွေကို အရေးယူတယ် ဆိုတာကိုတော့ မပြောပါဘူး။ ဒါ့အပြင် ငွေကြေးဆိုင်ရာ အရေးယူမှုတွေ ချမှတ်တာလိုမျိုး Magnitsky ဥပဒေအရ အမေရိကန်ဘက်ကနေ အရေးယူဖို့ စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။

ဆော်ဒီအာရေဗျကတော့ Khashoggi အသတ်ခံရမှုနဲ့ ဆက်နွယ်ပြီး ဆော်ဒီနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ထိပ်ပိုင်း ထောက်လှန်းရေး အရာရှိ အများအပြားကို အလုပ်ဖြုတ်ပစ် ခဲ့တယ်လို့ စနေနေ့က ကြေညာခဲ့တာပါ။

သတင်းထောက် Khashoggi ဟာ တူရကီနိုင်ငံ Istanbul က ဆော်ဒီကောင်စစ်ရုံးထဲမှာ ရက်ရက်စက်စက် အသတ်ခံရတာဖြစ်ပြီး ဒါဟာ ကြိုတင်ကြံစည်မှုတခုလို့ တူရကီသမ္မတ Recep Tayyip Erdogan အင်္ဂါနေ့မှာပြောပါတယ်။

Khashoggi အသတ်ခံရမှု ဆော်ဒီအစိုးရအရာရှိတချို့အပေါ်ကန်ပြည်ဝင်ခွင့်ပိတ်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG