သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေယာဥပဒေပယ်ဖျက်ဖို့ စစ်ရှောင်ဒုက္ခသည်တွေလိုလား


ကချင် စစ်ရှောင်ဒုက္ခသည်များ( KBC)
ကချင် စစ်ရှောင်ဒုက္ခသည်များ( KBC)

မြန်မာအစိုးရက ထုတ်ပြန်လိုက်တဲ့ မြေလွတ်မြေလပ် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေကို ပြန်လည်ပယ်ဖျက်ပေးဖို့ ပဋိပက္ခ ဒေသတွင်း ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တိုင်းရင်းသားဒုက္ခသည်တွေက တောင်းဆိုနေပါ တယ်။ အောက်တိုဘာလ ၃၀ ရက်န့က ထုတ်ပြန်တဲ့ အစိုးရရဲ့ ဒီ နည်းဥပဒေကြောင့် စစ်မက်ဖြစ်နေတဲ့ ကချင် ရှမ်း အပါအဝင် စစ်ရှောင်တိုင်းရင်းသားတွေရဲ့ မိရိုးဖလာမြေယာတွေ ဆုံးရှုံးသွားနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိနေတာပါ။ နည်းဥပဒေပါအတိုင်း မြေယာ လုပ်ပိုင်ခွင့်လျောက်ထားဖို့ဆိုတာကလည်း စစ်ရှောင် ဒုက္ခသည်တွေအတွက် ခက်ခဲတဲ့ အခြေအနေတခုဖြစ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။

အစိုးရကနေထုတ်ပြန်ထားတဲ့ မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေကို ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် မြောက် ပိုင်းဒေသက ပြည်တွင်းနေရပ် စွန့်ခွါတိမ်းရှောင်နေကြရတဲ့ IDP တွေကနေ ပယ်ဖျက်ဖို့တောင်းဆိုခဲ့ကြတာပါ။

မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေကြောင့် စစ်ဘေးရှောင်နေရတဲ့ တိုင်းရင်းသားတွေ အနေနဲ့ စိုးရိမ်နေရတဲ့ အခြေအနေဖြစ်လာလို့ ဒီဥပဒေကို ကန့်ကွက်ရတယ်ဆိုပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြေယာကာကွယ်ရေး ကော်မီတီလက်ထောက်တာဝန်ခံ ဦးတူးနန်ကဗွီအိုအေကိုပြောပါတယ်။

“မထားချင်ဘဲနဲ့ကျွန်တော်တို့ရဲ့ကျေးရွာတွေ ကျွန်တော်တို့ရဲ့မြေယာတွေ ဥစ္စာတွေအားလုံးကို ကျွန်တော်တို့စွန့်ခွါခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီIDPတွေ အတွက် တော့ ဒါ လူ့အခွင့်အရေးမှာတခါချိုးဖေါက်ခံရပြီးသား လူတွေဖြစ်ပါတယ်။ မျှော်လင့်ချက် ဆိုလို့ကျွန်တော်တို့ရဲ့ မြေ ယာဘဲကျန်ပါတော့တယ်။ ဒီမြေယာကို အခုတော့ဒီ(၆)လ အတွင်း မှတ်ပုံတင်ရမယ်။ မတင်လို့ရှိရင် ထောင်ဒဏ်ဖြစ် စေ ငွေဒဏ်ဖြစ်စေ ဆိုတဲ့ဟာပြန်ပေါ်လာတော့ ကျွန်တော်တို့IDPတွေရဲ့ စိုးရိမ်ချက်တွေ တအား များလာပါတယ်။ လက်ရှိမှာကျွန်တော်တို့IDPတွေစွန့်ခွါထားခဲ့ရတဲ့ မြေယာတွေမှာ ကုမ္ပဏီတွေမှာ တရုတ် ငှက်ပျောပင် ကုမ္ပဏီတွေ တခြားဒီ ကုမ္ပဏီယန္တယားပေါ့။ တချို့နေရာဒေသမှာဝင်ရောက်နေပြီးဖြစ်ပါတယ်။”

လက်ရှိကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ဖြစ်ပွါးနေတဲ့စစ်ရေးပဋိပက္ခကြောင့် နေရပ်ကနေစွန့်ခွါနေရသူ(၁၂၀၀၀၀)ခန့်ရှိနေပြီး ဒေသခံတွေရဲ့ချန်ထားခဲ့တဲ့ မြေယာတွေကို ကုမ္ပဏီတွေကနေ လျှောက်ထား သိမ်းယူပြီးစိုက်ပျိုးရေး လုပ်ဆောင်လာတဲ့အခြေအနေကြောင့် ဒေသခံတွေစိုးရိမ်မှုတွေတိုးပွါးလာနေတာပါ။

မြေလွတ်မြေလပ်မြေရိုင်းဥပဒေကို စက်တင်ဘာ ၁၁ ရက်မှာ အစိုးရက ပြဌာန်း လိုက်တာဖြစ်ပြီး ဒီဥပဒေကို ပြဌာန်း ပြီး ၆ လ အတွင်းမှာ စိုက်ပျိုးလုပ်ကိုင်နေသူတွေက သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လုပ်ပိုင်ခွင့် လာရောက် လျှောက်ထားရမယ် လို့လည်း စီမံခန့်ခွဲရေးဗဟိုကော်မတီက အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန် ထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာ မြေယာတွေကို ဒါးမဦးချလုပ်ကိုင်နေတာဖြစ်လို့ မြေလွတ်မြေလပ်မရှိဘူးလို့ဦးတူးနန် ကဆိုပါတယ်။

“ကျွန်တော်တို့ ဒီဘိုးဘေးဘောင်ဘင်ပေါ့။ အဆက်ဆက်ပေါ့။ သူ့မြေနဲ့ သူမြေအဲဒီလိုမျိုးဆိုပြီးမှ သစ်တော ထိန်းသိမ်း မြေ စားကျက်မြေ စိုက်ပျိုးမြေ ရွှေ့ပြောင်းတောင်ယာစနစ်တွေလုပ်တဲ့နေရာတွေလုပ် အဲဒီလိုမျိုးနဲ့ကျွန်တော်တို့ စနစ် တကျလုပ်ကိုင်စားသောက်ခဲ့တယ်။ အဲဒီတော့မြေလွတ် မြေလပ်မြေရိုင်း ဆိုတာတော့မရှိဘူး။ မြေယာတွေက တကယ် လို့ ကုမ္ပဏီတွေ သိမ်းယူသားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းရင်းသားတွေကနေစရာမရှိတော့ဘူး။ စစ်ရှောင်တွေ IDPတွေက အခု camp ထဲမှာနေနေရတယ်။ တသက်လုံးcamp ထဲမှာဘဲ ကျွန်တော်တို့ကို ထားမထားနိုင် မလား ပေါ့။”

လက်ရှိတိုင်းရင်းသားဒေသအတွင်းမှာ လက်နက်ကိုင် အဖွဲ့တွေ ကနေ မြေယာနဲ့ ပက်သက်ပြီး ဥပဒေတွေပြဌာန်း ထားမှုတွေရှိနေသလို အစိုးရ ရဲ့မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေအတည်ဖြစ်လာရင် အခြေအနေတွေ ပိုမိုရှုပ်ထွေးစေနိုင်တယ်လို့လဲဦးတူးနန်ကဆိုပါတယ်။

“ဒီမြေလွတ်မြေလပ်ဥပဒေထွက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ အပေါ်မှာ အခြေခံတဲ့ စနစ်မှာထိပါးလာမယ်ဆိုရင်တော့ ဒီတိုင်းရင်းသားတွေ ဘက်ကလဲ ငြိမ်းချမ်းရေးပိုင်းဆိုင်ရာတွေမှာ တယောက်နဲ့ တယောက်ယုံကြည်မှုတွေ ပြီးရင် ပဋိပက္ခတွေ ပိုပြီးမှပြဿနာတွေများလာမယ်လို့ ကျွန်တော်တို့က ဒီလိုဘဲမြင်မိပါတယ်။”

လယ်ယာမြေ စိုက်ပျိုးလုပ်ကိုင်နေသူတွေက သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီကို လုပ်ပိုင်ခွင့် လာရောက် လျှောက် ထားရမယ်လို့အစိုးရကနေ ကြေညာထားပေမယ့် မြေယာမှတ်ပုံတင်လျှောက်ထားဖို့ အခက်ခဲ ရှိနေတယ်လို့ ရှမ်းပြည် နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် စစ်ရှောင်စခန်းနေ ဒေါ်လရှီးခေါန်ကဆိုပါတယ်။

“ကျွန်မတို့ရှမ်းမြောက်မှာက အခုလက်ရှိ တိုက်ပွဲတွေလဲဖြစ်နေဆဲဆိုတော့ အခုဥပဒေ ထွက်လာတော့ ကျွန်မတို့က ဘယ်လိုမှမှတ်ပုံတင်ဖို့ဆိုတာ ကျွန်မတို့မှာ အခက်ခဲတွေ အများကြီးရှိတယ်။ ထားခဲ့တဲ့ကျွန်မတို့ရဲ့နေရာဒေသတွေမှာ ဆုံးရှုံးမှာလဲ အရမ်း စိုးရိမ်တယ်။ ရှေးဘိုးဘွားကနေကျွန်မတို့က လုပ်ကိုင်စားသောက် လာတဲ့မြေယာဘဲရှိတယ်။”

အစိုးရကနေထုတ်ပြန်ခဲ့တဲ့ မြေလွတ်မြေလပ် မြေရိုင်း( ၂၀၁၈) ဥပဒေကို လုံးဝဖျက်သိမ်းသင့်တယ်လို့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်းဒေသက စစ်ရှောင်တိုင်းရင်းသားတွေကနေ ကန့်ကွက်ပြီး ဒီဥပဒေကိုဖျက်သိမ်းသင့် ကြောင်းမနေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားကြပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသားများ လူမျိုးများမဟာမိတ် (UNA)အဖွဲ့ဝင် ပါတီတွေ နဲ့ကချင်ပြည်နယ် အခြေစိုက်အဖွဲ့အစည်းတွေ ရဲ့ မနေ့ကနဲ့ဒီကနေ့အစည်းဝေးမှာလဲ မြေယာနှင့် သဘာဝသယံဇာတဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG