သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်မှုပြဿနာ ဒေသတွင်း အလုပ်အကိုင်ထိခိုက်


အခွန်အခတိုးမြှင့်ကောက်ခံမှုတွေ လောလောဆယ်မှာမလုပ်ဖို့ အမေရိကန်နဲ့ တရုတ်တို့ သဘောတူညီမှု ရထားတဲ့ကြားကပဲ ဒီ ၂ နိုင်ငံကြား ကုန်သွယ်ရေးပြဿနာဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်း အလုပ်အကိုင် သန်းပေါင်းများစွာအတွက် မရေမရာ ဖြစ်စေတယ်လို့ ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသတွင်း စီးပွါးရေးနဲ့ လူမှုကော်မရှင်အဖွဲ့ ESCAP က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ အခွန်စစ်ပွဲ တိုးလာတာဟာ လာမယ့်နှစ်ထဲ စီးပွါးရေးကျဆင်းစေနိုင်သလို ဒေသတွင်း GDP အမေရိကန်ဒေါ်လာ ၁၁၇ ဘီလျံကျစေပြီး ကမ္ဘာလုံးဆိုင်ရာမှာတော့ GDP ဒေါ်လာ ဘီလျံ ၄၀၀ နီးပါးကျဆင်းနိုင်တယ်လို့ ကုလသမဂ္ဂ ဖွံဖြိုးရေးဆိုင်ရာ ESCAP ရဲ့ ၂၀၁၈ အာရှ- ပစိဖိတ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အခုလို ကုန်သွယ်ရေးစစ်ပွဲကြောင့် ထွက်ကုန်ပမာဏ ကျဆင်းပြီး အရင်းအမြစ်တွေလည်း ကဏ္ဍဆိုင်ရာနဲ့ နေရာဒေသဆိုင်ရာ ရွှေ့ပြောင်းမှု တွေဖြစ်လာစေပြီး အဲဒီအခါမှာ သန်းနဲ့ချီတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်တွေကလည်း အပြောင်းအရွှေ့တွေ ဖြစ်လာပြီး အလုပ်ကိုင် သစ်တွေ ရှာဖွေရတဲ့ အနေထား ရောက်လာနိုင်တယ်လို့ ESCAP ရဲ့ ကုန်သွယ်၊ ရင်းနှီးမှုနဲ့ တီထွင်မှုဆိုင်ရာ ဌာနအကြီးအကဲ Mia Mikic ကပြောပါတယ်။

အခုလက်ရှိမှာကို ဒီကုန်သွယ်ရေးပဋိပက္ခရဲ့ ရိုက်ခတ်မှု ဒဏ်ကို ဒေသတွင်းမှာ ခံစားနေကြရပြီး ထုတ်လုပ်ဖြန့်ဝေမှုတွေ လျှော့ချတာနဲ့ ရင်းနှီးမြှုပ်နှံမှု လျော့ပါးလာတာ တွေ့နေရတယ်လို့ ဒီအစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ ၂၀၁၈ ပထမနှစ်ဝက် နောက်ပိုင်း ဒေသတွင်း ကုန်သွယ်ရေးကြီးထွားမှု နှေးကွေးနေတာနဲ့အတူ ဒီနှစ်အတွက် ခြုံကြည့်ရင် ၄ ရ% ကျဆင်းနေပြီး လာမယ့်နှစ်အတွက် နိုင်ငံရပ်ခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ကလည်း ကျဆင်းတဲ့ဘက်ကို ဦးတည်နေတယ်လို့ ဖေါ်ပြထားပါတယ်။

အခုဖြစ်ပွါးနေတဲ့ ကုန်သွယ်စစ်ပွဲကနေ တရုတ်ရော အမေရိကန်ပါ ဘယ်သူမှအနိုင်မရနိုင်သလို အခုလို ဆက်ပြီးမပြေမလည် ဖြစ်နေရင် ၂ နိုင်ငံစလုံး စီးပွါးရေးမှာ သိသိသာသာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG