သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ဖို့ မြောက်ပိုင်းမဟာမိတ် တိုက်တွန်း


မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က စစ်သားများ
မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့က စစ်သားများ

စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အပါအဝင် ကျန်နယ်မြေတွေမှာပါ မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးမယ်ဆိုရင် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းမှာဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နယ်မြေတချို့မှာ ၄ လကြာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကြေညာခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့၊ TNLA တအောင်းပလောင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ AA ရခိုင်တပ်မတော်တို့က ပူးတွဲကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့ စစ်တိုင်းတွေအားလုံးကို တပြိုင်နက်တည်း ရပ်ဆိုင်းပေးရေး သမ္မတအမိန့်နဲ့ ကြေညာဖို့ ရခိုင်ပြည်နယ်တွင်းမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် AA တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ မြန်မာအစိုးရနဲ့ တပ်မတော်ဖက်က တောင်းဆိုချက်အတိုင်း ဆောင်ရွက်မယ်ဆိုရင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ အနေနဲ့လည်း အလားတူ စစ်ဆင်ရေးတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကြေညာချက်အပေါ် မြန်မာအာဏာပိုင်တွေနဲ့ စစ်တပ်ဖက်ကတော့ လတ်တလော တုံ့ပြန်မှုမရှိသေးပါဘူး။

တရုတ်-မြန်မာ နယ်စပ်က စစ်ဆင်ရေးနယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းထားမယ့် အကြောင်းကြေညာထားပြီး၊ တိုက်ခိုက်မှုတွေ ရပ်နားထားစဉ်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ရည်ရွယ်ထားကြောင်းလည်း မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း ကြေညာချက်မှာ လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ မပါဝင်တဲ့အတွက် မြန်မာစစ်တပ်ရဲ့ ကြေညာချက်အပေါ် သတိနဲ့ တုံ့ပြန်မှုတွေ ရှိနေသလို၊ အပစ်အခတ် ရပ်စဲရေးကို အစိုးရအဖွဲ့အကြီးအကဲ သမ္မတက ကြေညာတာမျိုးမဟုတ်ဘဲ တပ်မတော်က ကြေညာခဲ့တဲ့အတွက် အစိုးရနဲ့ စစ်တပ်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေသလားဆိုပြီး မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG