သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ရဲ့ အပစ်ရပ်ကြေညာချက် UNFC သတိထားစောင့်ကြည့်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုူးကြီး မင်းအောင်လှိုင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးစဉ် ( ဖေဖော်ဝါရီ ၁၃ ၂၀၁၈)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုူးကြီး မင်းအောင်လှိုင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးစဉ် ( ဖေဖော်ဝါရီ ၁၃ ၂၀၁၈)

စစ်ဆင်ရေးနယ်မြေအလိုက် တပ်ဘက်က စစ်ဆင်ရေး လေးလရပ်ပေးမယ်ဆိုတဲ့ ကြေညာချက်အပေါ် စစ်တပ်ရဲ့ စစ်ရေးဗျူဟာတရပ်အနေနဲ့ အတော်လေးကို သတိထား စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။ အစိုးရဘက်က ငြိမ်းချမ်းရေး ဦးဆောင်ဖော်ဆောင်နေချိန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ စစ်တပ်နဲ့ အစိုးရတို့ကြား ကွဲလွဲမှုကို ဖော်ပြရာရောက်တယ်လို့လည်း ဗမာပြည် ကွန်မြူနစ်ပါတီက သုံးသပ်ပါတယ်။ အပစ်ရပ်ကာလလေးလ ကျော်လွန်သွားချိန် ဖြစ်လာနိုင်မယ့် အလားအလာသုံးသပ်ချက်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ထိ ရပ်ဆိုင်းပေးမယ်ဆိုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ခဲ့တဲ့အပေါ် စစ်တပ်ရဲ့ စစ်ရေးဗျူဟာတရပ်အနေနဲ့ သတိထားစောင့်ကြည့်ကြဖို့လိုတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFCရဲ့ ပြောခွင့်ရကပြောဆိုလိုက်ပါတယ်။ စစ်တပ်ရဲ့ အပစ်ရပ် ထုတ်ပြန်ချက်ထဲမှာ စစ်တိုင်းတချို့ မပါဝင်တာနဲ့ တိုင်းရင်းဒေသအချို့မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေဖြစ်နေဆဲ အခြေအနေအပေါ် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ရဲ့ ပြောခွင့်ရလည်းဖြစ်၊ ANC ရခိုင် အမျိုးသားကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးထွန်းဇော်က အခုလိုသုံးသပ်ပါတယ်။

"တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကျနော်တို့မြင်တာကတော့ တော်တော်လေးကို သတိထားပြီးစောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်။ တပ်မတော်ကလည်း အရင်တုန်းကလည်း သူက ရေစတဖက် ၊မီးမှုတ်တဖက် ဒီလိုတပ်ဖက်ဆိုင်ရာအရ နည်းဗျူဟာတွေ ကစားတာတွေရှိပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးလုပ်တယ်ဆိုတာက အကန့်အသတ်နဲ့ပေါ့လေ ၄ လအတွင်းမှာ ကချင်ပြည်နဲ့ရှမ်းပြည်ကိုပဲ လုပ်တာဖြစ်တယ်။ အထူးသဖြင့် ဒီစစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ရှိမယ် နောက်ပြီးတော့ ဒီတောင်ပိုင်းဘက်မှာ ကရင်ပြည်ရှိတယ်၊ မွန်ပြည်ရှိတယ်။ အခုပွင့်လင်းကာလမှာ အဲဒီစစ်ဆင်ရေးတွေ လာနိုင်ခြေရှိမလားဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာဖြစ်တယ်။ တပြိုင်တည်းမှာ ကျနော်တို့ ရခိုင်ပြည်ဘက်မှာ စစ်ဆင်ရေးတွေ ပိုပြီးတော့မှ တိုးမြှင့်လုပ်ဆောင်နေတာတွေတွေ့ရတယ်ပေါ့နော်။ ဒီ helicopter နဲ့ ဝေဟင်ကနေပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း လုပ်နေတာတွေ့ရတယ်။ တဖက်က စိုးရိမ်ဖို့ကောင်းတဲ့ လက္ခဏာတွေကို ကျနော်တို့က ပြသနေသလို ဖြစ်နေပါတယ်။"

တပ်ဘက်ကနေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့တွေနဲ့ရော၊ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်း တပ်ဘက်က ပြောဆိုထားတဲ့အပေါ် အထူးသဖြင့် အပစ်ရပ်ကာလ လေးလအတွင်း စစ်တပ်ဘက်က ဆောင်ရွက်မှုတွေနဲ့ လေးလကျော်သွားချိန် ဖြစ်လာနိုင်မယ့် အလားအလာတွေကို UNFC ပြောခွင့်ရက အခုလိုရှု့မြင်ပါတယ်။

" လေးလအတွင်းမှာ အပစ်အခတ်ရပ်စဲရေးကို မလုပ်နိုင်ဘူးဆိုရင်ကော ဘာဖြစ်မလဲဆိုတဲ့ စဉ်းစားစရာတွေလည်း အများကြီးဖြစ်ပါတယ်။ ဒီ ၄ လ အကန့်အသတ်နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တာက ငြိမ်းချမ်းရေးဘက်ကို ဦးတည်မလားပေါ့နော် ကျနော်တို့ အဲဒါကို တွက်ချက်တဲ့အခါမှာ ငြိမ်းချမ်းရေးဘက်ကို အလေးမစီးပဲနဲ့ပေါ့လေ ၊ စစ်ရေးဘက်ကိုပဲ အလေးစီး နေတဲ့ ပုံသဏ္ဍာန်ကို ကျနော်တို့ အဲလိုခံစားမိတယ်။ အဲဒါကြောင့် ကျနော်တို့ တိုက်ပွဲ လျော့ချဖို့နဲ့ ဒီစစ်ပွဲ အနိဋ္ဌာရုံတွေကို အလုံးစုံ ရပ်တန့်လိုက်ဖို့အတွက် တခါ နိုင်ငံရေးအရ အဖြေရှာဖို့ပဲ အဓိက အရေးကြီးပါတယ်။ တပ်အချင်းချင်း စကားပြောတာက ကျနော်တို့က အလားအလာကတော့ သိပ်ပြီးတော့ ကောင်းမယ်လို့တော့ မမြင်ဘူးပေါ့နော်။ အခုက လူထုရဲ့ အများစု လုပ်ပိုင်ခွင့်ကို ရထားတဲ့ NLD အစိုးရ ကနေပြီးတော့မှ ဦးဆောင်ဦးရွက်ပြု ဖို့လိုမယ်။ NLD အစိုးရရဲ့ ဦးဆောင်ဦးရွက်ပြု တဲ့အောက်မှာ ဒါတွေကိုလုပ်မှပဲ ပြေလည်နိုင်စရာအကြောင်းရှိမယ်။ NLD အစိုးရကနေပြီးတော့မှ ဒီကိစ္စကို ဦးဆောင်ပြီးတော့မှ လုပ်ဖို့သင့်တယ်လို့ကျနော့်အနေနဲ့ မြင်ပါတယ်။"

အခုလို တပ်ဘက်က အပစ်ရပ်ကြေညာချက်ထုတ်တဲ့အပေါ်မှာလည်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ပေးနေတဲ့ တရုတ်နိုင်ငံဘက်ကလည်း ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ပါတယ်။ မြန်မာပြည်တွင်း ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တရုတ်ဘက်က အပြုသဘောဆောင် သည့်အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ပူးပေါင်း ကာကွယ်ထိန်းသိမ်းဖို့ ဆန္ဒရှိတယ်ဆိုပြီး ကြေညာချက် ထုတ်ခဲ့တာပါ။

အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေကို တရုတ်နိုင်ငံထဲမှာ ဆွေးနွေးနိုင်ဖို့ တရုတ်က စီစဉ်ဆောင်ရွက်ပေးနေတာပါ။ အခုလို စစ်တပ်ရဲ့ထုတ်ပြန်ချက်နဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ တရုတ်ရဲ့ ပါဝင်မှုအပေါ် တရုတ်-မြန်မာအရေးလေ့လာသူ တရုတ်နိုင်ငံအခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက အခုလိုသုံးသပ်ပါတယ်။

"ကျနော်တို့ ပြောချင်တာကတော့ စစ်တပ်က ထုတ်ပြန်တဲ့ဟာက နည်းနည်းထူးဆန်းနေတယ်ဗျ။ ထူးဆန်းတယ်ဆိုတာက အစိုးရအနေနဲ့ ထုတ်ပြန်တာမဟုတ်ပဲနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီက ထွက်လာတဲ့ဟာ စစ်တပ်နဲ့ အစိုးရနဲ့ တထီးတနန်းစီဆိုတာမျိုးများဆောင်နေမလား။ အဲဒါ စဉ်းစားစရာတခုပေါ့ နောက်တခုက ရပ်စဲတာက ၄ လပဲလို့ပြောတယ် အဲဒီတော့ အပြီးအပြတ်ဆိုတဲ့ အဓိပ္ပါယ်က မပါသေးဘူး။ နောက်တခုက ၄ လအတွင်းမှာ ဘာလုပ်မှာလဲဆိုတာ ရှင်းအောင်မပြောတော့ ကျနော်တို့ စောင့်ကြည့်နေတာပိုကောင်းမယ်လို့ထင်တယ်။ တရုတ်ပြည်ကတော့ ဒီနယ်စပ်တလျောက်လုံး သူ့အကျိုးစီးပွားရေးအရမ်းများတာကို အထူးသဖြင့် OBOR (One Belt One Road ) ဆိုတာလည်း ရှိသေးတဲ့အခါကျတော့ ဒီဟာကို သူတို့ အတတ်နိုင်ဆုံးပါဝင်မှာပဲ။ ပါဝင်ခဲ့တာလည်း ကျနော်တို့ အားလုံးသိနေတာပဲ ခုနက ကျနော်ပြောသလိုပဲ ခဏတော့ စောင့်ကြည့်စေချင်သေးတယ်။ ဝမ်းသာမစောဖို့ လိုမယ်လို့ ထင်ပါတယ်။"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ လေးလကြာ အပစ်ရပ်ထုတ်ပြန်ချက်အပေါ် KIO ကချင်လွတ်မြောက်ရေး အဖွဲ့ဗဟိုကေ်ာမတီဘက်ကလည်း တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးပေါ်ထွန်းလာဖို့ အထောက်အကူပြုနိုင်မယ့်အလားအလာကောင်းအဖြစ် မျှော်လင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။ တပ်မတော်အနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်စဲကြောင်း ကြေညာ ပေးစေလိုကြောင်းနဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းလိုတဲ့အတွက် တပ်ရဲ့ ၂၁ရက်နေ့ ထုတ်ပြန်ချက်အပေါ် တပ်တာဝန်ရှိသူတွေနဲ့ KIO တို့ကြား ရင်းနှီးပွင့်လင်းစွာ အသေးစိတ်ဆွေးနွေးဖြေရှင်းသွားဖို့ ဆန္ဒရှိကြောင်းလည်း KIO ဘက်က ဒီဇင်ဘာလ ၂၂ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG