သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လုံခြုံရေးရဲကင်း လက်နက်ကြီးပစ်ခတ်ခံရ


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မြန်မာ နယ်ခြားစောင့် ရဲကင်းစခန်းတခုကို ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ အဲဒါဟာ ARSA အဖွဲ့ရဲ့ လက်ချက်လို့ တပ်မတော်က ယူဆထားပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ပြောပါတယ်။ ဒီအတောအတွင်း ချင်းပြည်နယ် ဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲ ထပ်ဖြစ်ပြီး ကျေးရွာတွေအပေါ် လက်နက်ကြီးကျည်တွေ ကျတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်၊ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြောက်ဘက် မိုင်တိုင်အမှတ် BP၄၁ အနီးမှာရှိတဲ့ မြန်မာနယ်ခြား စောင့်ရဲကင်းစခန်းတခုဒီကနေ့ကြာသာပတေးနေ့မနက်မှာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး၊ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“မနက်(၆)နာရီကျော်ကျော်လောက်က ကွန်တော်တို့BP၄၁ မှာ နယ်မြေ (၂) ကစခန်းတခုကို အနောက်ဖက်ကနေ တောင်ကုန်းပေါ်ကနေ ဒုံးကျည်လောင်ချာနဲ့ပစ်တယ်လို့ပြောတယ်။ ချောင်းပစ်တဲ့သဘောပေါ့။ ဘယ်အဖွဲ့လဲဆိုတာ မှန်းလို့တော့ရမယ်။ ARSA ဘက်ဖြစ်ဖို့တော့များမယ်။ အဲဒီဘက် ၄၁ နယ်မြေကလဲ ကျွန်တော်တို့နယ်မြေ (၂) က မောင်တောရဲ့အနောက်မြောက်ဖက် နဲနဲကျတယ်။ ထိခိုက်မှုအခြေအနေတော့မရှိပါဘူး။”

ဒီလိုလုံခြုံရေးအထောက်ကူပြုနယ်ခြားစောင့်ရဲကင်းစခန်းကိုပစ်ခတ်မှုဖြစ်စဉ်အတွက် နယ်ခြားစောင့်တပ်ဖွဲ့အပါ အဝင် တပ်မတော်အဖွဲ့က နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

“ယခုဖြစ်ပွားတဲ့ဟာကလဲ ထိတွေ့မှုကလဲ ကျွန်တော်တို့က တဖက်နဲ့တဖက် သူမြင်ကိုယ်မြင် အဲဒီလိုဖြစ်ပွါးတဲ့ဟာလဲ မဟုတ်ဘူး။ ဟိုဘက်ကချောင်းပစ်ပြီးတော့ပြေးသွားတယ်။ နယ်မြေလုံခြုံရေးကတော့ တပ်မတော်ကနေလိုအပ်တာတွေ ဆောင်ရွက်ထားတာရှိပါတယ်။”

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မှာမြန်မာနယ်ခြားစောင့်တပ်နဲ့ ARSAအဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ ကြိုကြားကြိုကြား ဖြစ်ပွါးလေ့ရှိပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့အကြား အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေက ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆက်ပြောပါတယ်။

“ပလက်ဝဘက်ခြမ်းမှာလဲထိတွေ့မှုရှိပါတယ်။ (၂၂) ရက်နေ့ကလဲဖြစ်တယ်။ (၂၃) ရက်နေ့ကလဲကျွန်တော်တို့ ထိ တွေ့မှုဖြစ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ သတင်းထုတ်ပြန်ဖို့လိုအပ်တဲ့အခြေအနေတော့မရှိသေးတော့ သတင်း မထုတ်ပြန်တာဘဲဖြစ်ပါတယ်။ ထိခိုက်မှုအခြေအနေကတော့ ဟိုဖက်ကော ဒီဖက်ကောရှိပါတယ်။”

အဲဒီတိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ရဟတ်ယာဉ်အကူသုံး တိုက်ခိုက်ခဲ့တယ်ဆိုတာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောဆိုပါတယ်။ AA အဖွဲ့ကို တိုက်ခိုက်တာမှာ လိုအပ်ရင် ရဟတ်ယာဉ်သုံးဖို့ သမ္မတဦးဝင်းမြင့်က ခွင့်ပြုထားတယ် ဆိုပြီး တပ်မတော်က အစောပိုင်းမှာကတည်းက ပြောထားပါတယ်။

ပလက်ဝမြို့နယ်အတွင်း နှစ်ရက်ကြာဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ကျေးရွာအတွင်းထိခိုက်မှုရှိခဲ့ပြီး ဒေသခံရွာသားအချို့ နေရပ်ကနေတိမ်းရှောင်နေရတယ်လို့ ဒလက်မေရွာဒေသခံတဦးကပြောပါတယ်။

“ဒီမှာခေါ်တာက ပုစဉ်း ပုစဉ်း(ရဟတ်ယာဉ်) အဲဒီလိုဘဲပြောတယ်။ အဲဒီလေယာဉ်အပေါ်ကနေပစ်သွားပြီး ကုန်းတော် ရွာအနား ကမ်းစပ်မှာကျတယ်။ ရွာအပြင်ဖက်အပေါ်မှာ လက်နက်ကြီးတလုံးကျတယ်။ နောက်ပြီးတော့ရေချမ်းသာ ရွာမှာ (၃)လုံးကျတယ်။ ထွက်ပြေးရတာကတော့ အဲဒီလက်ကဒလက်မေ ဝက္ကူ၀ ပြီးတော့တောင်ပြို အဲဒီဖက်ဒေသခံ တွေက အခုဒီပလက်ဝဖက်ကို ဆွေမျိုးရှိရာအိမ်တွေမှာဘဲ ခိုလှုံနေကြတယ်။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေနဲ့ပက်သက်လို့ရခိုင့်တပ်မ တော် AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“ဒီနေ့မှာတော့ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးတာတော့မရှိဘူး။ ဒါပေမဲ့လို့ဗမာ့တပ်မတော်ဖက်ကတော့ အဲဒီ ရသေ့တောင် မြို့နယ်ဖက်ရယ်။ နောက်ဘူးသီးတောင်မြို့နယ် နဲ့ရသေ့တောင်ဖက်အစပ်ပေါ့။ အဲဒီဖက်တွေမှာလက်နက်ကြီး တွေနဲ့လှမ်းပြီးတော့ နှစ်ရက်သုံးရက်ဆက်တိုက်ပစ်နေတာတော့ရှိတယ်။ နောက်ပြီးတော့ ပလက်ဝမြို့နယ်ထဲမှာလဲ ဘဲနော် သူတို့လက်နက်ကြီးတွေနဲ့တနေကုန်လှမ်းထုနေတာရှိတယ်။ (၂၃)ရက်နေ့တုန်းကလဲဘဲ သူတို့ဒီလေယာဉ် နှစ်စင်းနဲ့လာပြီးဗုံးကြဲတိုက်ခိုက်တာရှိတယ်။ နှစ်ကြိမ်တိုင်တိုင်ပေါ့။ ထိတွေ့တိုက်ခိုက်မှုတော့ကြီးကြီးမားမား မရှိဘူးဗျ။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေသလို တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံတွေရဲ့အိမ်ယာတွေ လက်နက်ကြီး ကျည်ထိမှန်တာတွေ စစ်ဆေးမေးမြန်းခံရတာတွေ မတရားအသင်းဆက်သွယ်မှုမှုပုဒ်မတွေနဲ့ တရားစွဲဆိုခံရတာတွေလဲရှိနေပြီး တိုက်ပွဲဖြစ်ပွါးရာဒေသကရွာသား(၆၀၀၀)နီးပါးလဲ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG