သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အရေးပေါ်အကူအညီ လိုအပ်ချက်အပေါ် နိုင်ငံတကာ NGOs တွေစိုးရိမ်


ဝါးတောင်စစ်ရှောင်စခန်း
ဝါးတောင်စစ်ရှောင်စခန်း

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင့်တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေကြရသူတွေအတွက် အထူး စိုးရိမ် ပူပန်မိကြောင်း ဒေသအတွင်းမှာ ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ INGO နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေအပြင် ဖိနှိပ် ညှဉ်းပန်းမှုတွေ ဖြစ်ပေါ်နေတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အပြင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ခန့်မှန်းခြေ ၅ ထောင်လောက် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ မြို့နယ် ၅ မြို့နယ်ကို စာမှုအကူအညီတွေ ပို့ပေးနိုင်ရေးအတွက်လည်း ကြီးမားတဲ့ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ကန့်သတ်ထားမှုတွေကို ဖြေလျော့ မပေးဘူးဆိုရင်တော့ ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသခံတွေကို ပြည်တွင်း၊ ပြည်ပက အကူအညီပေးရေး အဖွဲ့အစည်းတွေ အနေနဲ့ အသက်ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေ ပို့ပေးနိုင်မှာ မဟုတ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘေးဒုက္ခသင့်နေတဲ့ ဒေသခံတွေကို လက်ရှိ အခြေအနေမှာ အကူအညီပေးနေတဲ့ ရခိုင် လူမှုအဖွဲ့အစည်းတွေနဲ့ ကြက်ခြေနီအဖွဲ့တို့ကို ကျေးဇူးတင်ကြောင်း၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို အကူအညီပေးနိုင်ရေးနဲ့ လက်ရှိ အကူအညီပေးနေပြီးဖြစ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် သူတို့အနေနဲ့ အစဉ်သင့် ရှိနေကြောင်း INGO အဖွဲ့တွေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်ကိုတော့ Oxfam ၊ Norwegian Refugee Council ၊ Mercy Corps ၊ Save the Children ၊ World Vision စတဲ့ INGO အဖွဲ့ပေါင်း ၁၈ ဖွဲ့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG