သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ရှောင်ကူခွင့်ပေးရေး ရခိုင်လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း


ရခိုင်စစ်ရှောင်များ (ဓါတ်ပုံ-Rakhine Ethnics Congress)
ရခိုင်စစ်ရှောင်များ (ဓါတ်ပုံ-Rakhine Ethnics Congress)

စစ်ရေးတင်းမာမှုတွေရှိနေဆဲ ရခိုင်ပြည်နယ်ထဲက ထောင်ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူညီတွေ အရောက်ပေးနိုင်ဖို့ ကုလအပါအဝင် နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ပြည်တွင်းက ကူညီကယ်ဆယ်ရေး အဖွဲ့တွေကို မပိတ်ပင်ပဲ သွားခွင့်ပေးစေလိုပါတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ လတ်တလောမှာတော့ ဒုက္ခသည်အရေအတွက်က ခြောက်ထောင်အထိ ပိုတိုးလာနေပြီး အရေးပေါ် သောက်သုံးရေ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲတွေကြုံနေရတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံရခိုင်ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ရှောင်လာသူတွေထဲ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ လူမမည်ကလေးငယ်တွေ နောက် နာမကျန်းဖြစ်နေသူ အရေးပေါ် အကူအညီ လိုအပ်နေသူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပြီး နေရာချထားပေးပါတယ်။ လတ်တလောမှာတော့ သူတို့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံစားနပ်ရိက္ခာ လူသားချင်းစာနာမှုအကူညီတွေကို ကုလ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC အပါအဝင် လူမှုဝန်ထမ်းကူညီကယ်ဆယ်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရဘက်က ပူးပေါင်းကူညီပေးနေကြပါတယ်။

ဒါပေမဲ့လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက စုစုပေါင်း မြို့နယ် ငါးမြို့နယ်အတွင်းကိုတော့ လုံခြုံရေးအခြေအနေအရ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရဘက်က ကြေညာထားပါတယ်။ ဒီလိုမျိုး စစ်ရေးအခြေအနေအရ နယ်မြေလုံခြုံရေးကြောင့်ဆိုပေမဲ့လို့ အရေးပေါ် ကူညီကယ်ဆယ်ရေးလိုအပ်နေသူတွေဆီကိုတော့ အရောက်သွား ကူညီပေးနိုင်ဖို့ကို စနစ်တကျ စိစစ်ခွင့်ပြုသင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေက အကြံပြုပါတယ်။

"တကယ်တမ်း ကြက်ခြေနီအဖွဲ့ရယ် သွားကြမယ့် အဖွဲ့အစည်းများရယ်တွေအတွက် အစိုးရက ပိတ်နေတဲ့ လမ်းတွေကို ဖွင့်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တခုဖြစ်ပြီ၊ ပြည်တွင်းစစ်ပဲဖြစ်ဖြစ် ဘာစစ်ပဲဖြစ်ဖြစ် ကျမစောစောကပြောသလိုပဲ တကယ်တမ်းခံစားရတာက on ground မှာရှိတဲ့ အခြေခံပြည်သူပဲ ၊ တကယ့်ရိုးသားဖြူစင်တဲ့ ပြည်သူတွေပဲရှင့်။ အဲဒီထဲကနေပြီးတော့ သက်ကြီးရွယ်အိုကလေးများ ကျောင်းသားလူငယ်များ ၊ မိခင်များ ဒီလူတွေ ပိတ်မိနေတဲ့ အခြေအနေကိုသာ သိခဲ့မယ် တကယ်တမ်းပဲ မြေပြင်မှာ ပိတ်မိနေတယ်ဆိုရင် ကြက်ခြေနီက ဝင်ရပါမယ်။ ကြက်ခြေနီရယ် အစိုးရရယ် ၊ ပြီးရင် ပံ့ပိုးကူညီတဲ့အဖွဲ့အစည်းများကို အဟန့်အတားမရှိ ဖွင့်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာလျင် စစ်ဘေးကြုံနေရတဲ့ ပြည်သူများအတွက် အထူးသဖြင့် လူသားချင်းဆိုင်ရာကူညီထောက်ပံ့ရေးတွေ ရမှာဖြစ်ပါတယ်။ စစ်ဆေးတာတော့ သူတို့လုပ်နိုင်တယ် ဒါပေမယ့် ခွင့်ပြုရမယ့်အရာတော့ ခွင့်ပြုရမယ်။"

လမ်းပမ်းဆက်သွယ်မှုအခက်ခဲကြောင့် တိုက်ပွဲတွေကြား ပိတ်မိနေဆဲဒုက္ခသည်တွေဆီ လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေနဲ့ ဆေးဝါးပစ္စည်းတွေ အရောက်ပေး ပေးပို့နိုင်ဖို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဘက်ကြိုးစားနေကြပေမဲ့လို့ နယ်မြေလုံခြုံရေးအရ တချို့နေရာတွေမှာတော့ အုပ်ချုပ်ရေးဘက်က ခွင့်ပြုပေမဲ့ နယ်မြေခံစစ်တပ်ရဲ့ ပိတ်ပင်တားဆီးမှုတွေရှိလို့ အခက်ခဲဖြစ်နေတဲ့အနေအထားဖြစ်တယ်လို့လည်း ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အခုလိုရှင်းပြပါတယ်။

"လုံခြုံရေးဘက်က ခွင့်ပြုရင်တောင်မှာ တပ်ဘက်က လုံခြုံရေးအကြောင်းပြပြီးတော့မှ ဒီနေရာတွေ သွားလို့မရတော့ဘူး နောက်မှသွားလို့ရမယ်။ နောက်ပြီးတော့ အကြောင်းအမျိုးမျိုး စစ်ဆေးတာတွေ ၊ မေးမြန်းတာတွေ မသင်္ကာလို့ ခေါ်ပြီးတော့ မေးမြန်းတာတွေ အများကြီးရှိတယ် ဒီဘက်တွေက။ အခုကတော့ ကျနော်တို့ သိရသလောက်ဆိုရင် ၆ ထောင်ကျော်နေပြီအမ။"

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာယီရွက်ဖျင်တဲလေးတွေနဲ့ ခိုလှုံနေရသူတွေအတွက် နေထိုင်မှုအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတုန်းပဲလို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ လတ်တလော ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အမြန်ဆုံးကူညီပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ မထုမေက တိုက်တွန်းပါတယ်။

"ဒါကြောင့်မို့လို့ စစ်ဘေးရှောင်ပြည်သူတွေကိုတော့ ဘယ်အဖွဲ့မဆိုပေါ့နော် ဒီလို ကူညီရေးနဲ့ သွားမယ် ကူညီကယ်ဆယ်ရေးနဲ့ သွားမယ် ဘယ်အဖွဲ့အစည်းကိုမဆို လိုအပ်တာတွေကို သေချာပြင်ဆင်ပြီးတော့ သူတို့တွေကို အကူအညီပေးသင့်ပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့ဒေသတွေနားက ကျေးရွာတွေကနေ ခိုလှုံလာသူပေါင်း အခုဆို ခြောက်ထောင်အထိရှိသွားပြီဖြစ်ပြီး ဝါးတောင်၊ အထက်မြတ်လှဲ စတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေ ယာယီဖွင့်လှစ်ထားပါတယ်။ သူတို့အတွက် ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာနတွေဘက်က လိုအပ်တဲ့အကူညီတွေ ဆောင်ရွက်ပေးနေပေမဲ့လို့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ၊ သောက်သုံးရေအရေးပေါ်လိုအပ်ချက်တွေရှိနေတုန်းပဲလို့ ကူညီပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG