သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲမစဲသေးတဲ့ ရခိုင်ပြည်နယ်မှာ၊ ဒေသခံရွာသားတွေ မတရားသင်းပုဒ်မနဲ့ အဖမ်းခံနေရ


ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ( ဓါတ်ပုံ -MP Oung Thaung Shway)
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ( ဓါတ်ပုံ -MP Oung Thaung Shway)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဆက်ဖြစ် နေပြီး ဒေသခံရွာသားတွေ ဖမ်းဆီးခံရတာ၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ တရားစွဲခံရတာတွေလည်း ရှိနေ ပါတယ်။ ဒီအခြေ အနေတွေကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့အင်္ဂါနေ့မနက်က ဘူးသီးတောင်မြို့နယ်ဖက်မှာနှစ်ဖက်အဖွဲ့အကြားတိုက်ပွဲဖြစ်ပွါးနေတယ်လို့ ဘူးသီး တောင် မြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကဗွီအိုအေကိုပြောပါတယ်။

“ဒီမနက်ကလာတဲ့သတင်းမှာ ကျွန်တော်တို့ဖက်က တိုက်ပွဲဖြစ်တယ်လို့ပြောသံကြားတယ်။ မနက်(၈)နာရီလောက် မှာ။ စပါးထားရွာအရှေ့ဖက်မှာ တိုက်ပွဲဖြစ်တယ်လို့ပြောသံကြားတယ်။ အရှေ့ဖက်မှာသေနတ်သံတွေကြားနေရလို့ အဲဒီနားကရွာသားတွေက ဖုန်းနဲ့ပြောတယ်။ မနက်(၈)နာရီမှာလေ။”

ဇန္နာဝါရီ(၁၃)ရက်နေ့က ဘူးသီးတောင်မြို့နယ် ရေလယ်ချောင်းကျေးရွာမှာ ရခိုင်တပ်မတော်နဲ့မြန်မာတပ်မတော် တို့ တိုက်ပွဲဖြစ်ပွါးအပြီး သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၅ ဦးကို အမှတ်(၃)နယ်ခြားစောင့်တပ် ကနေ ဖမ်းဆီးသွားခဲ့ပါတယ်။ (၁၄)ရက်နေ့ညပိုင်းမှာ (၁၃)ဦးကို ပြန်လွှတ်ပေးပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တခြား တဦး ကိုတော့ မတရားအသင်းဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲဆိုထားတယ်လို့ ဦးမောင်ကျော်ဇံက ဆက်ပြောပါတယ်။

“ဖမ်းသွားတဲ့အထဲမှာ မနေ့က(၁၃)ရက်နေ့ ည(၇)နာရီမှာ (၁၃)ဦးကိုပြန်လွှတ်တယ်။ နောက်(၂)ယောက်ကို သူတို့ အမှုဖွင့်ထားတယ်။ ၁၇/၁နဲ့။ မတရားအသင်းဥပဒေပုဒ်မနဲ့။ အမှုဖွင့်တာကအုပ်ချုပ်ရေးမှူးဦးမောင်သန်းလှိုင် မောင် ကျော်လင်း အဲဒီနှစ်ယောက်ကို မတရားအသင်းဥပဒေပုဒ်မ ၁၇/၁နဲ့အရေးယူထားတယ်။”

ဖမ်းဆီးသွားတဲ့သူတွေကို ရခိုင်တပ်မတော်နဲ့ဆက်သွယ်မှုရှိမရှိ ရိက္ခာပေးပို့တာရှိမရှိ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သူကဆိုပါတယ်။

မနေ့က တနင်္လာနေ့မှာလဲ တပ်မတော်နဲ့AAအဖွဲ့တို့အကြား ရသေ့တောင်မြို့နယ် ကြိမ်သာရွာအနီးမှာ တိုက် ပွဲဖြစ်ပွါးခဲ့ပါတယ်။

ဒီတိုက်ပွဲဖြစ်ပွါးအပြီး ဒေသခံခြံသမားနှစ်ဦးကို တပ်မတော်ဖက်ကခေါ်ယူသွားပြီး ဒီကနေ့အထိလွတ်လာတာ မရှိ သေးဘူးလို့ အဖမ်းခံရသူမိသားစုနဲ့သွားရောက်တွေ့ဆုံခဲ့တဲ့ ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။

“(၈)နာရီလောက်မှာတိုက်ပွဲဖြစ်တယ်။ လက်နက်အသံတွေကြားတဲ့အတွက်သူတို့က သူတို့ရဲ့ခြံမြေထဲမှာ ပုန်းအောင်း ခဲ့တယ်လို့ပြောပါတယ်။ အဲဒီမှာနာရီဝက်လောက်ဖြစ်ပြီးတဲ့အခါသူတို့တိတ်သွားတယ်။ ဥိးစိန်သာကျော်ရယ် နောက် တယောက်ရယ်နှစ်ယောက်ပါ။ အဲဒီမှာနှစ်ယောက်ကပုန်းအောင်းနေတယ်။ ထွက်လာတဲ့ အခါမှာ တပ်မတော်ဖက်က လာတာနဲ့သူတို့ကိုမြင်သွားတော့ အဲဒီတော့သူတို့ကိုခေါ်သွားတဲ့သဘောဖြစ်သွားပါတယ်။ ဒီနေ့အချိန်ထိပေါ့နော် သူတို့နဲ့အဆက်အသွယ်မရသေးဘူးအကြောင်းကိုတော့ ကျွန်မတို့ခုနကဘဲ ကြိမ်သာကျေးရွာ သူတို့မိသားစုတွေနဲ့ သွားရောက်တွေ့ဆုံ ခဲ့လို့သိခဲ့ရပါတယ်ရှင့်။ သူတို့ပြောတာက တပ်မ(၂၂)ကလို့ပြောပါတယ်။ ရွာသားတွေတော် တော် များများလဲ တော်တော်လေးကို ကြောက်လန့်နေတဲ့အနေအထားကိုလဲ ကျွန်မတို့မျက်မြင် ကိုယ်တွေ့ပေါ့နော်။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာမြန်မာ့တပ်မတော်ဘက်က စစ်အင်အားတွေတိုးချဲ့ပို့ဆောင်လာတဲ့အတွက် စစ်ရှိန် ပိုမြင့်လာနေတယ်လို့ AAပြန်ကြားရေးတာဝန်ခံခိုင်သုခက အခုလိုပြောပါတယ်။

“အခုဒီဇန္နဝါရီလ(၄)ရက်ဖြစ်စဉ်နောက်ပိုင်းမှာ ဗမာ့တပ်မတော်ဖက်ကနေပြီးတော့ ရခိုင်ပြည်တွင်းကိုပို့တဲ့ဥစ္စာကတော့ တပ်မ(၂၂)နဲ့တပ်မ(၉၉)။ တခြားတပ်မတွေကလဲ ထုတ်နှုတ်အင်အားတွေပေါ့နော်။ ဒီနေ့အထိဆိုလို့ရှိရင် အင်အား က (၄၀၀၀)ကျော် သူတို့ထားပြီးတော့တိုက်ထားတယ်ဗျ။ ရခိုင်စစ်မျက်နှာကို။ ဒီရက်ပိုင်းမှာတော့ ရခိုင့်တပ်မတော် နဲ့နော် မြေပြင်တိုက်ပွဲတွေက တနေ့ထက်တနေ့ ပိုပြီးတော့ပြင်းထန်လာနေတယ်ဗျ။ တိုက်ပွဲအရေအတွက်က ပိုပြီး တော့များလာနေတယ်။ ပိုပြီးတော့စစ်အရှိန်မြင့်လာနေတယ်ပေါ့။”

ဇန္နာဝါရီ(၁၁)ရက်နေ့ကနေ(၁၄)ရက်အထိ (၄)ရက်တာကာလအတွင်း AAအဖွဲ့နဲ့တပ်မတော်တို့အကြား ဘူးသီး တောင်မြို့နယ် ကျောက်တော်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေခဲ့တယ်လို့ တနင်္လာနေ့ ညမှာ AAဘက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်းမြန်မာ့တပ်မတော်ဘက်ကထိခိုက်ကျဆုံးမှုတွေများနေတယ်လို့AAဘက်ကထုတ်ပြန်ထားပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

AA အဖွဲ့ဘက်ကပြောတဲ့ ထိခိုက်ကျဆုံးမှုနဲ့ တခြားတိုက်ပွဲတွေရဲ့အခြေအနေ၊ ဒေသခံတွေကို ဖမ်းခေါ်သွားတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့နဲ့ နောက်ထပ်အချက်အလက်တွေကို သိရဖို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူးကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG