သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်အရေး ညှိနှိုင်းမှုအဆင်မပြေ 


လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ် (Union of Karenni State Youth - UKSY)

ကယားပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြေးရုပ်ဖယ်ရှားရေးဆန္ဒထုတ်ဖော်သူကိုယ်စားလှယ်တွေရဲ့ ပြီးခဲ့တဲ့သီတင်းပတ်က သဘောတူညီခဲ့ကြတဲ့အတိုင်း ရှေ့ဆက်ဆောင်ရွက်ရမယ့်ကိစ္စတွေ ဒီကနေ့ လွိုင်ကော်မှာ ဆွေးနွေးကြရာ သဘောတူညီချက် တစုံတရာမရပဲ အစည်းအဝေးပျက်သွားတယ်လို့ ကရင်နီပြည်သူကိုယ်စားပြု အစည်းအဝေးတက်ရောက်ခဲ့သူက ပြောပါတယ်။ အဓိက ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီဘက်က တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အပြင် ကြေးရုပ်အရေး ကယားပြည်နယ်အစိုးရမှာပဲ အဓိက တာဝန်ရှိကြောင်း ပြောဆိုခဲ့တဲ့အပေါ် အစည်းအဝေးမှတ်တမ်းတင်ဖို့ လက်မခံခဲ့တဲ့အတွက် အစည်းအဝေးပျက်သွားရတာဖြစ်ပါတယ်။ ဒါကြောင့် ကယားပြည်နယ်အစိုးရဘက်က အဓိက တာဝန်ယူဖြေရှင်းပေးဖို့ ကရင်နီပြည်သူကိုယ်စားပြုကော်မတီက တောင်းဆိုထားပါတယ်။ အပြည့်အစုံ မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့က ကန္ဒာဟေဝန်ပန်းခြံမှာ ထားရှိတဲ့ ကျပ်ငွေသိန်းတထောင်ကျော် ကုန်ကျခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ကရင်နီလူငယ်တွေနဲ့ ဒေသခံတချို့ ကန့်ကွက်နေတဲ့ကြားက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၂)ရက်နေ့က ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကိုယ်တိုင် ဦးဆောင်ဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။ ပြည်သူဆန္ဒသဘောထားမပါတဲ့အတွက် ဒီပန်းခြံထဲ ဗိုလ်ချုပ်ကြေးရုပ် မထားဖို့ ကရင်နီဒေသခံတွေနဲ့ လူငယ်တွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြလူငယ်တွေကို ပုဒ်မတွေတပ်ပြီး ဖမ်းဆီးအရေးယူမှုတွေ ရှိနေပေမဲ့လည်း ဒီကြေးရုပ်ကိစ္စ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုတာဝန်ရှိသူတွေ ကိုယ်တိုင်ဖြေရှင်းပေးဖို့ ကယားပြည်နယ် NLD ရုံးရှေ့မှာ ကရင်နီလူငယ်တွေက သပိတ်စခန်းဖွင့်လှစ်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့အပေါ် ရဲတပ်ဖွဲ့ဘက်က သပိတ်စခန်းကို အကြိမ်ကြိမ်ဖြိုခွဲပြီး နောက်ဆုံး ဆန္ဒပြလူအုပ်ကို ရာဘာကျည်ဆံနဲ့ပစ်ခတ်တားဆီးတဲ့အထိ ရုန်းရင့်ဆန်ခတ်ဖြစ်ပြီး တင်းမာမှုဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ကယားပြည်နယ်အစိုးရအဖွဲ့၊ နောက် လွှတ်တော်ကိုယ်စားလှယ်တွေ ကြေးရုပ်ဖယ်ရှားရေး ချီတက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေ တွေ့ဆုံဆွေးနွေးသဘောတူညီချက်ရခဲ့သလို အမှုတချို့ကိုလည်း ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာတော့ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ရခဲ့တဲ့သဘောတူညီချက်တွေအတိုင်း ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ကယားပြည်နယ် လွိုင်ကော်မြို့ အင်ပါယာဟိုတယ်မှာ ကယားပြည်နယ် ဖရူဆိုမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကို သက်သေထားပြီး ကရင်နီပြည်သူများကိုယ်စားပြုညှိနှိုင်းရေးအဖွဲ့နဲ့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီက ကိုယ်စားလှယ်တွေ နှစ်ဘက် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြရာမှာ သဘောတူညီမှု တစုံတရာမရပဲ အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ကရင်နီပြည်သူများကိုယ်စားပြုညှိနှိုင်းရေးကော်မတီက ကိုဒီးဒီက အခုလိုပြောပြပါတယ်။

“ ကျနော်တို့က ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနဲ့ တွေ့တယ်။ သူတို့က သူတို့နဲ့ ဆိုင်တာကတော့ ဒီဖွင့်ပွဲအထိပေါ့နော် ဖွင့်ပွဲပြီးတော့်ကြေးရုပ်ကို အစိုးရနဲ့ နိုင်ငံတော်ကို ပြန်အပ်လိုက်ပြီဖြစ်တဲ့အတွက် ကြေးရုပ်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီးမှ အစိုးရနဲ့ပဲ ညှိနှိုင်းပါ။ သူတို့ကတော့ ကြေးရုပ်သယ်လာတဲ့ကိစ္စရယ်၊ ဖွင့်ပွဲကိစ္စလောက်ရယ်သာ တာဝန်ရှိတယ် ကျန်တာကတော့ အစိုးရနဲ့ ဆိုင်တယ်ဖြစ်တဲ့အတွက် အစိုးရနဲ့ ညှိပါလို့ သူတို့ပြောချင်တယ်။ ကျနော်တို့က ဒီဟာကို အစည်းအဝေးမှတ်တမ်း သဘောတူညီချက်အနေနဲ့ ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေအားလုံး လက်မှတ်ထိုးဖို့ပြောတဲ့အ ချိန်မှာ သူတို့က တာဝန်မယူနိုင်ဘူး တာဝန်မခံနိုင်ဘူး လက်မှတ်မထိုးနိုင်ဘူးလို့ ပြောပြီးမှ ထပြန်သွားတာပေါ့နော် အဲဒီတော့ အစည်းအဝေးပျက်သွားပါတယ်။ ဆိုတော့ ကျနော်တို့ ဒီညှိနှိုင်းရေးက ပျက်ပျယ်သွားတယ်ပေါ့နော်။ ဆိုတော့ ညှိနှိုင်းရေးအဖွဲ့မှာက တာဝန်ခံမှု တာဝန်ယူမှု မရှိတဲ့အတွက် ဆက်ဆွေးနွေးရင်လည်း အကြောင်းထူးမှာ မဟုတ်ဘူးပေါ့နော်။”

အစည်းအဝေး ခေါင်းစဉ်(၃)ရပ် ထဲအဓိက ဆွေးနွေးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ခဲ့တဲ့ နောက်ခံသမိုင်း ကော်မတီဖွဲ့စည်းခဲ့တာနဲ့ ကုန်ကျစရိတ် ရှင်းလင်း ရာမှာတော့ အဓိက ကြေးရုပ်ကို တည်ဆောက်ရေး ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ပံ့ပိုးမှုအများစုနဲ့ တည်ဆောက်ခဲ့တာဖြစ်လို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဘက်က တာဝန်မခံနိုင်ဘူးလို့ပြောဆိုခဲ့ပြီး သူတို့ပြောဆိုချက်ကိုလည်း အစည်းအဝေးမှတ်တမ်းတင်ခွင့်မပြုပဲ ရုတ်တရက်ထွက်ခွာသွားကြလို့ အစည်းအဝေးပျက်သွားရတာလို့ အစည်းအဝေးတက်ခဲ့သူကိုဒီးဒီကပြောပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြေးရုပ်အရေးကိစ္စမှန်သမျှဟာ ကယားပြည်နယ်အစိုးရအဖွဲ့မှာပဲ တိုက်ရိုက်တာဝန်ရှိသွားပြီဖြစ်လို့ တာဝန်ယူဖြေရှင်းပေးဖို့ကိုလည်း ကရင်နီပြည်သူတွေဘက်က တောင်းဆိုတယ်လို့ ပြောပါတယ်။

“ သူတို့က တလျောက်လုံး အစိုးရရဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောတယ်ပေါ့နော်။ ဒီဘက်က ဖြစ်မြောက်ရေးကော်မတီကလည်း ပြောပြီးပြီ။ အစပြုတာရော အုတ်ခံတွေ ကိစ္စက အစိုးရနဲ့ ဆိုင်သွားတယ်။ ဒီပြည်နယ်ရဲ့ ရန်ပုံငွေထဲက ထုတ်သုံးထားတယ်။ အဲဒါကို အစိုးရကလည်း သူတို့ ပါဝင်ပတ်သက်မှု မရှိပါဘူးလို့ ပြောတော့ တကယ်ကတော့ လွဲနေပြီပေါ့နော်။ ဆိုတော့ ပြဿနာ စခဲ့တာက အစိုးရဖြစ်တယ်။ အခုက အစိုးရပေါ်မှာ မူတည်သွားပြီဖြစ်တဲ့အတွက် အစိုးရ တုံ့ပြန်မှုကို စောင့်တယ်။ နည်းနည်းလောက်စောင့်ပြီးမှ အစိုးရကနေ တုံ့ပြန်မှုတစုံတရာမရှိရင် ကျနော်တို့ဘက်ကနေ ကြေညာချက်နဲ့ ကျနော်တို့ ဘာဆက်လုပ်မယ်ဆိုတာကို ထုတ်ပြန်မှာ ဖြစ်တယ်။”

ကရင်နီလူငယ်တွေနဲ့တကွ ကရင်နီပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမှုရှိပြီးသားဖြစ်ပေမဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ် လမ်းညွှန်ချက်တွေကို အကောင်အထည်မဖော်ပဲ ရုပ်တုကို သိန်းထောင်ချီကုန်ကျပြီး ဒေသခံလူထုဆန္ဒမခံယူပဲ ပြည်နယ်အစိုးရက အာဏာအင်အားသုံး အတင်းအဓမ္မ တည်ဆောက်တဲ့ကိစ္စကို အဓိကကန့်ကွက်ခဲ့ကြတာဖြစ်တယ်လို့လည်း ကရင်နီလူငယ်တွေကပြောပါတယ်။ ကရင်နီလူငယ်တွေကို ပုဒ်မတချို့ရုပ်သိမ်းထားပေမဲ့ တရားစွဲထားဆဲ အမှုတွေရှိနေသေးကြောင်းနဲ့ ရာဘာကျည်ဆံနဲ့ပစ်ခတ်ခံခဲ့ရတဲ့ကရင်နီလူငယ်တွေရဲ့ ဆေးကုသနေဆဲအခြေအနေကိုလည်း ကိုဒီးဒီက အခုလိုပြောပြပါတယ်။

“ဒဏ်ရာရတဲ့လူတွေကို ကျနော်တို့ လိုက်တွေ့တယ်။ ပြီးတော့ ကုသမှု ကိစ္စကိုလည်း ကျနော်တို့လုပ်ဆောင်ပေးနေပါတယ်။ တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၅၀၅(ခ) တော့ သူတို့ ရုပ်သိမ်းလိုက်ပါပြီ။ ၁၉/၂၀ ကိုတော့ ကျနော်တို့ လာမယ့်ရုံးချိန်းတက်ရရင် သိရမှာပါ။ ဒီလိုအကြမ်းဖျက်ဖြိုခွင်းတဲ့ နည်းလမ်းကို ရွေးချယ်တယ်ဆိုတာ သူတို့မှာ တာဝန်အများကြီးရှိတယ်။ နောက်ပိုင်းဆင်ချင်ဖို့လိုတယ်။ ဒါကို သူတို့ တာဝန်ခံရမယ်လို့ ပြောချင်ပါတယ်။”

အခုလို ဗိုလ်ချုပ်ကြေးရုပ် အရေး ကယားပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေနဲ့ပါ သဘောထားတင်းမာမှုတွေ ဖြစ်နေတဲ့ အနေအထားအပေါ် NLD တာဝန်ရှိသူတွေ၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေဘက်က အလေးအနက်ထား ညှိနှိုင်းကိုင်တွယ် ဖြေရှင်းပေးဖို့နဲ့

ဒီလိုမျိုး ပြည်နယ် အစိုးရက ဒေသခံ လူထုဆန္ဒကို သွယ်ဖီပြီး အာဏာအင်အားသုံး အတင်းတည်ဆောက်နေတဲ့ ဆောင်ရွက်နေမှုတွေကို ရပ်တန့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကရင်နီပြည်နယ် လူငယ်အင်အားစုတွေဘက်က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ထားသလို သိန်းတထောင်ကျော်ကုန်ကျခဲ့တဲ့ တည်ဆောက်မှုနဲ့ပတ်သက်ပြီးလည်း ကယားပြည်နယ်လွှတ်တော်ဘက်က ဘဏ္ဍာရေး ဘတ်ဂျက်ချထားမှုတွေကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG