သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ Sanders ဝင်ပြိုင်မည်


၂၀၂၀ ပြည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း တဦးအဖြစ် အထက်လွှတ်တော်အမတ် Bernie Sanders က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ တုန်းကလည်း အထက်လွှတ်တော်အမတ် Sanders ဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကို ရှုံးနိမ့်ခဲ့တာပါ။

အသက် ၇၇ နှစ်အရွယ် အထက်လွှတ်တော် အမတ်တဦးအဖြစ် အခမဲ့ ကောလိပ်ကျောင်းတက်ခွင့်၊ အမေရိကန်နိုင်ငံသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အစိုးရက ပိုပြီးတာဝန်ယူဖို့ စတဲ့မူဝါဒတွေကြောင့် ထောက်ခံမှုတွေ အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ သမ္မတလောင်းအဖြစ် ပါတီတွင်းရွေးကောက်ပွဲတွေ ကျင်းပဖို့ တနှစ်လောက်လိုသေးတဲ့ အချိန်မှာပဲ ဒီမိုကရက်ပါတီက ယှဉ်ပြိုင်မယ့်သူ တော်တော်များများ ရှိနေပါပြီ။ ဒီအထဲမှာ အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ Elizabeth Warren, Cory Booker, Amy Klobuchar, Kristen Gillibrand နဲ့ Kamala Harris တို့လည်း ပါဝင်ပါတယ်။

Vermont ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် Sanders က သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့ ထောက်ခံသူတွေကို E-mail ကနေ အသိပေးရာမှာတော့ အထူးအရေးပေါ် ကိစ္စရပ်တွေကို ဖြေရှင်းနိုင်မယ့် လူထုအခြေပြု လှုပ်ရှားမှုအတွက် လူပေါင်း ၁ သန်း စာရင်းပေးကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

သမ္မတ Trump ကို မကြာခဏ ဝေဖန်လေ့ရှိသူ Sanders က ခေတ်သစ် အမေရိကန်သမိုင်းမှာ သမ္မတဟာ အန္တရာယ်အကြီးဆုံး ပုဂ္ဂိုလ်တဦးဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အတုအယောင်၊ လူလိမ်လူညာ၊ လူမျိုးရေးနဲ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတတ်သူ၊ နိုင်ငံခြားသား မုန်းတီးသူ ဖြစ်တဲ့အပြင် အာဏာရှင်ဆန်ဆန် ဦးဆောင်မှုတွေကြောင့် အမေရိကန် ဒီမိုကရေစီစနစ်ကို ထိခိုက်စေသူတဦးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနက် အထက်လွှတ်တော်အမတ် Sanders ဟာ အလားအလာရှိသူ ပုဂ္ဂိုလ်တဦးအဖြစ် လူထုစစ်တမ်းတွေမှာ ဖော်ပြကြပေမဲ့ ပါတီတွင်းမှာ တချိန်က သူကိုယ်တိုင် တင်သွင်းလာတဲ့ အယူအဆတွေနဲ့ စည်းရုံးလှုပ်ရှားနေကြတဲ့ ကျန်ကိုယ်စားလှယ်တွေရဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG