သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကောင်းဆုံးရုပ်ရှင်ဇာတ်ကား အော်စကာဆု Green Book ရရှိ


အမေရိကန်ပြည်ထောင်စု Los Angeles မှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ Oscar ဆုပေးပွဲမှာ Green Book ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိသွားပါတယ်။ အမေရိကန်မှာ လူဖြူ လူမည်းခွဲခြားခဲ့ချိန် ၁၉၆၀ လောက်က African-American စန္ဒာရားဆရာတယောက် တောင်ပိုင်းမြို့တွေကို လှည့်လည်ဖျော်ဖြေစဉ် လူဖြူယာဉ်မောင်းနဲ့ မိတ်ဆွေဖြစ်တဲ့ ဇတ်လမ်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

African-American စန္ဒာရားဆရာအဖြစ် သရုပ်ဆောင်တဲ့ Mahershala Ali ကလည်း အဲဒီရုပ်ရှင်နဲ့ အကောင်းဆုံး ဇတ်ပို့ဆု ရရှိပါတယ်။ အကောင်းဆုံး မင်းသား သရုပ်ဆောင်ဆုကတော့ Queen ဂီတအဖွဲ့ အကြောင်းရိုက်ကူးထားတဲ့ Bohemian Rhapsody ကားမှာ အဆိုတော် Freddie Mercury အဖြစ်သရုပ်ဆောင်သူ Rami Malek ကရရှိသွားပါတယ်။ အကောင်းဆုံး မင်းသမီးသရုပ်ဆောင်ဆုကိုတော့ The Favourite ရုပ်ရှင်ကားမှာ ဗြိတိန်က Anne ဘုရင်မအဖြစ်သရုပ်ဆောင်သူ Olivia Colman ကရရှိပါတယ်။ အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ Roma ရုပ်ရှင်ကိုရိုက်ကူးသူ Alfonso Cuaron ကရရှိပါတယ်။ အကောင်းဆုံးဒါရိုက်တာဆုအပြင် အဲဒီကားနဲ့ပဲ သူ ရုပ်ရှင်ဓါတ်ပုံဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားဘာသာစကားပြော အကောင်းဆုံးရုပ်ရှင်ကားဆုကိုလည်း Mexico နိုင်ငံက အိမ်အကူအမျိုးသမီးတယောက် အကြောင်း အခြေခံရိုက်ကူးထားတဲ့ Roma ဇာတ်ကားက ရရှိသွားပါတယ်။

အရင် Hollywood Oscar ဆုပေးပွဲတွေမှာ လူဖြူမင်းသား မင်းသမီးတွေပဲ အများစုအနိုင်ရကြတယ်လို့ ဝေဖန်ခံခဲ့ရပြီးနောက် ဒီနှစ်မှာတော့ လူနည်းစုအသိုင်းအဝိုင်းက သရုပ်ဆောင်တွေလည်း ဆုတွေရရှိခဲ့ကြပါတယ်။

ဒီနှစ် Oscar ဆုရဲ့ထူးခြားချက်ကတော့ ပင်တိုင်တင်ဆက်သူ မပါဘဲ ကျော်ကြားသူတွေက တလှည့်စီ တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG