သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

INF က နုတ်ထကွ်တဲ့ ကန် ဒုံးကျည်ထုတ်မလား ရုရှားနဲ့ပြန်စေ့စပ်မလား


Missile 9M729 (ဓာတ်ပုံ-AP)
Missile 9M729 (ဓာတ်ပုံ-AP)

INF လို့ အတိုကောက်ခေါ်တဲ့ တာလတ်ပစ် နျူကလီးယားလက်နက်များဆိုင်ရာ သဘောတူစာချုပ် ကနေ နုတ်ထွက်လိုက်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် သမားရိုးကျ ဒုံးကျည်တွေ ထုတ်လုပ်နိုင်ပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper ကပြောပါတယ်။ ရုရှားနိုင်ငံက သူ့ရဲ့ နောက်ဆုံးထုတ် တာလတ်ပစ် ဒုံးကျည်အသစ်တွေကိုဖျက်ဆီးဖို့ ငြင်းဆန်ပြီးတဲ့နောက် အမေရိကန်က INF စာချုပ်ကနေ နုတ်ထွက်လိုက်တာပါ။

စာချုပ်က နှုတ်ထွက်လိုက်ပြီဖြစ်လို့ ရုရှားရဲ့ လုပ်ရပ်ကို ချင့်ချိန် နှိုင်းယှဉ်ပြီး တုန့်ပြန်နိုင်ဖို့ မြေပြင်ပစ် သမားရိုးကျ ဒုံးကျည်တွေ အရည်အသွေး တိုးမြင့်အောင် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အပြည့်အ၀ လုပ်ဆောင်နိုင်တော့မယ်လို့လည်း ကာကွယ်ရေးဝန်ကြီး Esper က ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ “ရုရှားနိုင်ငံဟာ စာချုပ်နဲ့ မကိုက်ညီဘဲ ထုတ်လုပ်ထားတဲ့ SSC-8 ဒါမှမဟုတ် 9M729 မြေပြင် ကပစ်တဲ့ ဒုံးကျည်တွေကို ဖျက်ဆီးပြီး စာချုပ်ကို လိုက်နာတယ်ဆိုတာကို အပြည့်အဝ သက်သေပြတာမျိုး မလုပ်ခဲ့ပါဘူး။ စာချုပ် ပျက်စီးသွားရတဲ့အပေါ် ရုရှားမှာပဲ လုံးဝ တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ “ရုရှားက ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ထားတဲ့ သဘောတူညီချက်မှာ ဆက်ပါနေမှာမဟုတ်ပါ ဘူး၊ စာချုပ်ကိုဖောက်ဖျက်ပြီး ဒုံးကျည်တွေ ထုတ်လုပ် ဖြန့်ချထားတာဟာ အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဘက်နိုင်ငံတွေကို တိုက်ရိုက်ခြိမ်းခြောက်မှုတခု ဖြစ်လာနေတာနဲ့အမျှ စာချုုပ်ကို ရုရှားက လိုက်နာမှုမရှိတာဟာ အမေရိကန်ရဲ့ အမြင့်မားဆုံး အကျိုးစီးပွားတွေကို ထိခိုက်စေပါတယ်” လို့လည်း ဝန်ကြီး Pompeo က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကေတော့ စစ်အေးကာလက ချုပ်ဆိုခဲ့တဲ့ သမိုင်းဝင် INF သဘောတူညီချက်ကို အစားထိုးဖို့ သဘောတူညီချက်တခု ရနိုင်မယ်လို့ မျှော်လင့် တဲ့အကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG