သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ တာလတ်ပစ်ဒုံးတပ်ဆင်ဖို့ ကန်ဝန်ကြီးလိုလား


အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper
အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper

အာရှ ဒေသမှာ အမေရိကန်ရဲ့ တာလတ်ပစ် ဒုံးကျည်တွေ တပ်ဆင်ချထားဖို့ လိုလားကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ရုရှားနဲ့ လက်မှတ်ထိုးထားတဲ့ တာလတ်ပစ် နျူးကလီးယား လက်နက်ဆိုင်ရာ စာချုပ်က နုတ်ထွက်ပြီးနောက် အမေရိကန် အနေနဲ့ တာလတ်ပစ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်ပြီလည်း ဖြစ်ပါတယ်။ Carla Babb ရဲ့ သတင်းကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

ဟုတ်ကဲ့ပါ။

အမေရိကန်က မြေပြင် အခြေစိုက် တာလတ်ပစ် ဒုံးကျည်တွေ အာရှမှာ တပ်ဆင်ထားဖို့ လိုလားကြောင်း ကာကွယ်ရေး ဝန်ကြီး Mark Esper က ပြောဆိုလိုက်ပါတယ်။ ကျယ်ပြန့်လှတဲ့ အင်ဒို - ပစိဖိတ် ဒေသတွင်းကို လွှမ်းခြုံနိုင်ဖို့ အတွက် ဒီလက်နက်တွေက အရေးကြီးတယ်လို့ ဝန်ကြီး Esper က ကာကွယ်ရေး ဝန်ကြီးဌာန အကြီးအကဲ အဖြစ်နဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ် အတွင်း သတင်းထောက်တွေကို ပြောဆိုသွားတာပါ။ ရုရှားနဲ့ ဆယ်စုနှစ်နဲ့ချီ သဘောတူထားခဲ့တဲ့ တာလတ်ပစ် နျူးကလီးယား လက်နက်ဆိုင်ရာ စာချုပ်ကြောင့် အမေရိကန်တို့ အနေနဲ့ ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ ကြား မြေပြင် အခြေစိုက် ဒုံးကျည်တွေ အရင်က မထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီစာချုပ်ကို ရုရှားဘက်က နှစ်နဲ့ချီ ချိုးဖောက်နေတယ်လို့ ထောက်ပြပြီး အမေရိကန်က စာချုပ်ကနေ နုတ်ထွက်ခဲ့တာပါ။

ကျနော်တို့ရဲ့ အကျိုးစီးပွား အတွက် ဆောင်ရွက်ဖို့ စာချုပ် အကန့်အသတ် မရှိတဲ့ အခုက အချိန်ကောင်းပါ။ NATO မဟာမိတ်တွေ ဘက်ကလည်း ဒီကိစ္စမှာ အမြင်တူပါတယ်လို့ ဝန်ကြီး Esper က ပြောပါတယ်။

လက်နက်တွေ အဆင်သင့် မဖြစ်ခင်မှာ အာရှဒေသတွင်း ဘယ်နေရာ ဘယ်အချိန်မှာ တပ်ဆင်နိုင်မလဲ ဆိုတာကိုတော့ သူက မပြောပါဘူး။ ဒါပေမယ့် လပိုင်းအတွင်း ဒုံးကျည်တွေ တပ်ဆင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ တာလတ်ပစ် နျူးကလီးယား လက်နက်ဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့တဲ့ အမေရိကန်နဲ့ ရုရှား အရေး အပေါ် သုံသပ်သူတွေက အဓိကထား နေကြချိန်မှာဘဲ ဒီလို စာချုပ်က နုတ်ထွက်လိုက်တာက တရုတ်နဲ့ ယှဉ်ပြိုင်မှုမှာလည်း အမေရိကန်ရဲ့ အနေအထားက ပိုပြီး အားကောင်းသွားစေတာပါ။ ဝန်ကြီး Esper က အခုလို ပြောပါတယ်။

“တရုတ်ရဲ့ လက်နက်တိုက်က ဒုံးကျည်တွေရဲ့ ၈၀ ရာခိုင်နှုန်းက ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ ကြား ဒုံးကျည်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့က ဒီလို စွမ်းရည်မျိုး ရှိဖို့ လိုလားမှုက တရုတ် အတွက် အထူးအဆန်း မဟုတ်ပါဘူး။”


အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အမျိုးသား ကာကွယ်ရေးမဟာဗျူဟာ အရ အမေရိကန် စစ်ဌာနချုပ်မှာ တရုတ် အရေးက ထိပ်တန်းဦးစားပေး ကိစ္စ ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး အငြင်းပွားမှုကလည်း လနဲ့ချီ ကြာမြင့်လာပြီး သမ္မတ Donald Trump က တရုတ် ကုန်ပစ္စည်းတွေ အပေါ် စက်တင်ဘာလ ၁ ရက်နေ့က စလို့ နောက်ထပ် အခွန်တိုးကောက်မယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ American Progress စင်တာက ကာကွယ်ရေး မူဝါဒဆိုင်ရာ ကျွမ်းကျင်သူ Rudy deLeon ကတော့ အခုအချိန်မှာ တရုတ်က အဓိက ဆွေးနွေးစရာ ဖြစ်နေပြီး ဒါက ယှဉ်ပြိုင်မှုပါ၊ ရန်သူ မဟုတ်ပါဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

တရုတ်နဲ့ မပြေမလည် ဖြစ်နေမှု အတွင်း ညဏ်ရည်တုနဲ့ Sensor နည်းပညာတွေ တင်ပို့မှု အတွင်း အဖျက်အမှောင့်တွေကို ကာကွယ်နိုင်ရေး အတွက် အမေရိကန်ဘက်က စွမ်းရည်ပြည့်ဖို့ လိုအပ်နေတယ်လို့ ဒီမိုကရေစီ ကာကွယ်ရေး ဖောင်ဒေးရှင်းက စစ်တပ်နဲ့ နိုင်ငံရေး အာဏာဆိုင်ရာ ဌာနက အကြီးတန်း ညွှန်ကြားရေးမှူး Bradely Bowman က ပြောပါတယ်။

ဝန်ကြီး Esper ရဲ့ ပြည်ပ ခရီးစဉ်ကို သောကြာနေ့မှာ စတင်ခဲ့ပြီး ဟာဝိုင်အီက အမေရိကန် အင်ဒို ပစိဖိတ် ကွပ်ကဲရေးဌာနကို ဝင်ရောက်ပြီး ကွပ်ကဲရေးဌာန အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Philip Davidson နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ စနေနေ့မှာတော့ သြစတေးလျ နိုင်ငံကို ဆိုက်ရောက်ခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ အတူ သြစတေးလျ နိုင်ငံခြားရေး၊ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ ဆွေးနွေးကြမှာပါ။ ကာကွယ်ရေး ဝန်ကြီး Esper က နယူးဇီလန်၊ ဂျပန်၊ မွန်ဂိုးလီးယားနဲ့ တောင်ကိုရီးယားတို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ အာရှ ပစိဖိတ် ဒေသဟာ ဦးစားပေး စစ်နယ် ဖြစ်ပါတယ်လို့ အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတွေက ဟိုအရင်နှစ်တွေကလည်း ကပြောဆိုနေကြတာ ဖြစ်ပါတယ်။ သမ္မတ Donald Trump အစိုးရ လက်ထက် အရင် ကာကွယ်ရေး ဝန်ကြီး Jim Mattis တုန်းကလည်း သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး တာဝန်တွေကို အာရှ ဒေသ ခရီးနဲ့ စခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ဂျပန်နဲ့ တောင်ကိုရီးယားကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG