သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ SSA (မြောက်) တိုက်ပွဲကြောင့် ဒေသခံ ၄၀၀ ကျော် အိုးအိမ်စွန့်ပြေးရ


SSPP/ SSA လက်နက်ကိုင် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-SSPP/SSA)
SSPP/ SSA လက်နက်ကိုင် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-SSPP/SSA)

ရှမ်းပြည်နယ် တာယန်းမြို့နယ်အတွင်း အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်SSA မြောက်ပိုင်းအကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ဒေသခံ ၄၀၀ကျော်ဟာ နေအိမ်တွေကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။ ဒီကနေ့အထိလည်း နှစ်ဘက်တပ်တွေအကြားမှာ စစ်ရေးတင်းမာတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ တပ်မတော်နဲ့ SSA မြောက်ပိုင်းကတော့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ကနေတဆင့် ညှိနှိုင်းနေကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ တာယန်းမြို့နယ်အတွင်း တိုက်ပွဲဟာ ဒီလ ၆ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲကြောင့် ဒေသခံ ရွာသူ၊ ရွာသားတွေဟာ တာယန်းမြို့နယ်ရှိ ကျေးရွာက ဘုန်းကြီးကျောင်း ၄ကျောင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တာယန်းမြို့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“ မနေ့က သွားကြည့်တာတော့ ဘုန်းကြီးကျောင်း ၄ကျောင်း၊ ၄နေရာမှာ ရောက်နေတယ်လို့ ပြောတယ်။ တော်လောက် ဘုန်းကြီးကျောင်းမှာ ၇၀ကျော်ရှိတယ်။ ဟိုမန်းဘုန်းကြီးကျောင်းမှာလည်း ၉၀ကျော်ရှိတယ်။ ဟိုမန်းမှာ။ လုံမု ဘုန်းကြီးကျောင်းမှာ ၁၃၄ ရှိတယ်။ နောက် နမ့်ပိန်ဆိုတာရှိတယ်။ နမ့်ပိန်ရွာမှာလည်း သူတို့ ပြောတာ အဲဒီရွာမှာတော့ ကျနော် မရောက်ခဲ့ဘူး။ အဲဒီမှာလည်း ၁၇၀၊ ၁၇၄လို့ ပြောတာပဲ။ အဲဒါ ရွာနာမည်တွေ တော်လောက်တို့၊ ဟိုမန်းတို့ ဆိုတာက။ မြို့ပေါ်မဟုတ်ဘူး။ ရွာပဲ ရွာဘုန်းကြီးကျောင်းပဲ။ လောလောဆည်တော့ သူတို့ကို ဘုန်းကြီးကျောင်းကပဲ စားနပ်ရိက္ခာထုတ်ပေးတယ်။ ပြီးတော့ ရွာခံလူတွေပဲ သူတို့ကို ထုတ်ပေးထား တာ ရှိတယ်။ ”

ဒေသတွင်း လက်ရှိအခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“ တိုက်ပွဲကတော့ ဟိုတစ်နေ့ ၆ရက်နေ့တုံးကပဲ ဖြစ်တာ။ ဒါပေမဲ့ တပ်မတော်ဘက်ကလည်း မဆုတ်ပေးဘူး။ ဟိုဘက်ကလည်း ဆက်ရှိနေတယ်ဆိုတော့ နီးနီးကပ်ကပ်ရှိနေတယ်ဆိုတော့၊ ရွာကလူတွေကျတော့ ပိုသိတယ်လေနော။ နောက် တပ်မတော်ဘက်က သူတို့ ရွာထဲမှာ ဝင်ပြီးတော့ စခန်းချထားတာဘာညာရှိနေတော့ မနေရဲကြတာပါ။ ညပြန်လာတယ် နေ့ခင်းဘက်ကျ လှည့်နေတာပေါ့နော။ အဲဒါနဲ့ သူတို့ တိုက်ပွဲဖြစ်မှာစိုးလို့ ကြိုပြီးတော့ ရှောင်ထားတဲ့သဘောပေ့ါဗျာ။”

ဒီနေ့ထုတ် မြဝတီသတင်းစာမှာတော့ တန့်ယန်းမြိ့နယ် နမ့်ပိန်ရွာအနီးမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ နယ်မြေကျော်လွန်လှုပ်ရှားနေတဲ့ SSA ဝမ်ဟိုင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဖော်ပြပါတယ်။

ဝမ်ဟိုင်းအခြေစိုက် SSA မြောက်ပိုင်းအဖွဲ့ဟာ ဒီလ ၃ရက်နေ့က နောင်မိန်း၊ ကွန်ဟုန်းနဲ့ တော်လောက်ရွာက အရပ်သား ၂၂ဦး၊ ၄ရက်နေ့က တန့်ယန်း- မိုင်းကောင်ကားလမ်းမှာ အရပ်သား ၁၅ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ဒါကို ဒေသခံပြည်သူတွေက သတင်းပေးလာတဲ့အတွက် လိုက်လံရှင်းလင်းစဉ် ၆ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားကြောင်းနဲ့ ဖမ်းဆီးခံရသူ ၃၇ယောက်လွတ်မြောက်ဖို့အတွက် လိုက်လံ ဆောင်ရွက်နေသလို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က တစ်ဆင့် ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းရဲ့ ပြောခွင့်ရသူ ဒုဗိုလ်မှုးကြီး စိုင်းဆုကတော့ ဒီနယ်မြေတွေဟာ သူတို့ ပုံမှန်လှုပ်ရှားသွားလာနေတဲ့နယ်မြေဖြစ်ကြောင်း နဲ့ အရပ်သားတွေကို ဖမ်းဆီး တာကလည်း ဆေးစစ်ချက်အရ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်လို့ ဖမ်းဆီးတာဖြစ်ကြောင်း ပြောဆိုပါတယ်။

အရပ်သားတွေ ပြန်လည်လွှတ်ပေးရေးနဲ့ပတ်သက်ပြီး ဒုဗိုလ်မှုးကြီး စိုင်းဆုက အခုလို ဆက်ပြောပါတယ်။

“ သူတို့က မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတာလေ။ အဲဒီဟာလေ မူးယစ်ဆေးဝါးကိစ္စတွေ ပြုပြင်ပြီးမှပဲ ကျနော်တို့က ပြန်လွှတ်မှာပါ။ ဒီဟာ လိုက်တိုက်နေတော့ ပိုဆိုးမှာပေါ့။ လိုက်တိုက်နေတော့ ဇာတ်လမ်းက မပြီးဘူး အမုန်းပွားစေမှာပဲဖြစ်တယ်။ မလိုလားအပ်တဲ့ စစ်ပွဲတွေလည်း ပြန့်ပွားသွားနိုင်တယ် မကောင်းဘူးပေါ့။ ကျနော်တို့က တိုက်ပွဲဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးကျတော့ ကျနော်တို့က သက်ဆိုင်ရာတိုင်းဌာနချုပ်မှာလည်း အကြောင်းကြားထားတယ်။ ငြိမ်းချမ်းရေးကော်မရှင်မှာလည်း တင်ပြထားတယ်။ ဒါ ဒီအကြောင်းတွေကြောင့်ပဲ ဖြစ်သွားပါတယ်လို့၊ ဒါမဖြစ်သင့်ပါဘူးလို့ အဲဒါမျိုးလေး ညှိနှိုင်း ထားတာတော့ ရှိပါတယ်။ ”

SSPP/SSA မြောက်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပေမဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကိုတော့ လက်မှတ်ရေးထိုးထားတာမရှိသေးပါဘူး။

တပ်မတော်ကတော့ ပြီးခဲ့တဲ ဒီဇင်ဘာလက စတင်ပြီး ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်း ၅တိုင်းမှာ တဘက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသလို ဒီနှစ်ဦးပိုင်းမှာလည်း NRPC နဲ့ SSPP/SSA မြောက်ပိုင်းအဖွဲ့အကြားမှာလည်းငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG