သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် နမ္မတူမြို့နယ်တွင်း တိုက်ပွဲစိတ်လာ


 တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA
တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ အစိုးရတပ်မတော်၊ RCSS ရှမ်းပြည်တောင်ပိုင်း၊ SSPP ရှမ်းပြည်မြောက်ပိုင်းနဲ့ TNLA တအန်း(ပလောင်)ပူးပေါင်းတပ်တွေအကြားမှာ တိုက်ပွဲဖြစ်ပွားနေတာဟာ အခုဆိုရင် တစ်ပတ်လောက် ကြာမြင့်လာနေပြီး ဒီကနေ့ဖြစ်တဲ့ တပ်မတော်က SSPP/ TNLA ပူးပေါင်းတပ်ကို လေယာဉ်နဲ့ပါ တိုက်ခိုက်တာတွေရှိနေတယ်လို့ SSPP က ပြောပါတယ်။ တပ်မတော်ပြောခွင့်ရသူကတော့ သူတို့ တပ်စခန်းတွေကို ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်လာတာဖြစ်ကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ ပေးပို့ထားပါတယ်။

တိုက်ပွဲတွေ လျော့ချဖို့အတွက် ဆွေးနွေးနေတဲ့ အချိန်မှာပဲ နမ္မတူမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတာပါ။

ဒီဒေသအတွင်းတိုက်ပွဲတွေဟာ အစောပိုင်းက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့ရာက နောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ ပူးပေါင်းတပ်တွေ အကြားမှာပါ ဖြစ်ပွားလာတာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို SSPP ရဲ့ပြောရေးဆိုခွင့်ရှိသူ အခုလို ပြောပါတယ်။

“ အခု တိုက်ပွဲဖြစ်နေတာက အစကတော့ ဆန်ခါရွာမှာလေ။ RCSS နဲ့ ကျနော်တို့ အဖွဲ့တွေနဲ့ တိုက်နေတာ။ တိုက်ပွဲကကျယ်ပြန့်လာပြီးတော့ လွယ်ဟန်းဘက်က ဖြစ်တယ်။ ဟိုတပ်မတော်က ဝင်လာတယ်။ ဒီနေ့ပေါ့ တပ်မတော်က လေယာဉ်နဲ့ လာတိုက်တယ်။ မနေ့ကလည်း တပ်မတော်နဲ့ ကျနော်တို့ အဖွဲ့နဲ့ တိုက်ပွဲ ၂ကြိမ်လောက်ဖြစ်တယ်။ တပ်မတော်နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့နေရာမှာ ကျနော်တို့ ဆုတ်ထားတယ်။ နမ္မတူဘက်ကလည်း ၁၀၅မမ နဲ့ ထုနေတယ်။ ဒီနေ့လည်း တနေကုန်ထုနေတယ်။ အခုထိဆိုရင် ၁၀လုံး လောက်ရှိပြီ။ ”

တပ်မတော်ပါဝင်လာတဲ့အပေါ် SSPP ဘက်က အခုလို စွပ်စွဲထားပါတယ်။

“ကျနော်တို့ RCSS နဲ့ တိုက်ပွဲဖြစ်တိုင်းလည်း ပွဲနည်းနည်းကြမ်းပြီဆို တပ်မတော်ကလည်း ဝင်လာတယ်။ ပြောမယ်ဆိုရင်တော့ ဒီ RCSS ဘက်က ဝင်ကူတဲ့ သဘောရှိတယ်ဗျ။”

TNLA တအန်း(ပလောင်)တပ်ဖွဲ့က တပ်မတော်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး VOA ကို အခုလို ပြောဆိုပါတယ်။

“ ၂၆ရက်နေ့ နေ့လည်ခင်း ၂နာရီလောက်မှာ ကျနော်တို့ ဆီက လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့ကို TNLA နဲ့ SSPP ပူးပေါင်းအဖွဲ့က လာပစ်တယ်ခင်ဗျ။ စတင်ပစ်ခတ်တော့ အဲဒီမှာ တိုက်ပွဲစဖြစ်ပါတယ်။စဖြစ်ပြီး ၂၇ရက်နေ့ နေ့လည်နဲ့ ညနေမှာလည်း ဆက်ပြီးဖြစ်ပါတယ်။ ဆက်တိုက်ဖြစ်နေတဲ့ ပုံစံတော့ မဟုတ်ဘူး။ ၂၆ရက်နေ့ မှာလည်း တစ်နာရီလောက်ဖြစ်တယ်။ ၂၇ရက်နေ့မှာလည်း နေ့ခင်းပိုင်းမှာ တစ်နာရီခွဲလောက်နီးပါး ဖြစ်တယ်။ ညနေပိုင်းမှာလည်း တစ်နာရီနီးပါးလောက်ဖြစ်တယ်ခင်ဗျ။ ”

တပ်မတော်အနေနဲ့ တဘက်ဘက်ကို ကူညီတာ မရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“တပ်ကတော့ ဘယ်ဘက်ကမှ ပါစရာ အကြောင်းမရှိဘူး။ အဲဒီ ၂ဖွဲ့နဲ့လည်း ကျနော်တို့က မကြာခင်ရက်ပိုင်းအတွင်းကမှ RCSS/SSA နဲ့ကော၊ SSPP နဲ့ကော နေပြည်တော်မှာ NRPC နဲ့ ရော ကျနော်တို့ ၈ဦးအဖွဲ့နဲ့ရော ဆွေးနွေးပြီးပြီ။ အဲဒီဆွေးနွေးပွဲအတိုင်း နှစ်ဘက် ပဋိပက္ခများရပ်စဲပြီး သူတို့အချင်းချင်း ဆွေးနွေးမယ်ဆိုတာ မြန်မြန်အကောင်အထည်ဖော်နိုင်ရင်တော့ ဒေသ ပိုပြီး အကျိုးဖြစ်မယ်။ သို့သော်သိတဲ့ အတိုင်း နမ္မတူ၊ မန်စံဘက်မှာလည်း စစ်ဘေးရှောင်များနေပြီ။ ပြည်သူတွေလည်း တော်တော် ဒုက္ခရောက်နေပြီ။”

စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒေသခံ တစ်ဦးကတော့

“ စစ်ရှောင်တွေကျတော့ တိုက်ပွဲနေရာ အနီးအနားက မိုင်းမု၊ ဆန်ခါ၊ လုံမိတ်ကျေးရွာတွေပေါ့။ အဲဒါ မန်စံပြေးလာတာလည်း ရှိတယ်။ ဟိုတောင်ဘက် ပန်လုံရွာကိုလည်း ရှောင်ထွက်သွားတာလည်း ရှိတယ်ခင်ဗျ။ တမြန် မနေ့တုံးကတော့ စစ်ရှောင်က ၁၃၀- ၁၄၀ လောက်ထိ ရှိတယ်ခင်ဗျ။ အခုအတောအတွင်းကတော့ ပြန်တိုးများလာပါလိမ့်မယ်ခင်ဗျ။ စာရင်းကတော့ ကျနော်တို့ ကောက်နေတုံးပါပဲခင်ဗျ။”

လက်ရှိ တိုက်ပွဲတွေဟာ နမ္မတူ- သီပေါကားလမ်းအနီးဝန်းကျင်မှာ ဖြစ်ပွားနေတာကြောင့် တခါတရံမှာ ကားလမ်းပိတ်တာတွေဖြစ်ခဲ့ကြောင်းလည်း ပြောပါတယ်။

တပ်မတော်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသ ၅ခုမှာ စစ်ရေးလှုပ်ရှား တာတွေ ရပ်ဆိုင်းကြောင်း ကြေညာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လ အတွင်းမှာတော့ တပ်မတော် နဲ့ ရှမ်းတပ်ဖွဲ့ ၂ဖွဲ့ သီးခြားစီတွေ့ဆုံပြီး တိုက်ပွဲတွေ လျော့ချနိုင်ရေး၊ ရှမ်းတပ်တွေအကြား တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တပ်မတော်ပါဝင်ပြီး ၃ပွင့်ဆိုင်တွေ့ဆုံဖို့ စတာတွေ ဆွေးနွေးခဲ့ပါတယ်။ ဒီလ ၂၁ရက်နေ့မှာ RCSS က SSPP နဲ့ တိုက်ခိုက်တာတွေ ရပ်ဆိုင်းကြောင်း ကြေညာခဲ့အပြီးမှာ အခုလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG