သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်


SSA-RCSS ရှေ့တန်းတပ်သားများ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တိုက်ခိုက်တာတွေ ရပ်ဆိုင်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဘယ်သူက စတင်တိုက်ခိုက်တာလဲဆိုတဲ့အပေါ်အပြန်အလှန် စွပ်စွဲတာ တွေ ရှိနေပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ အရပ်သား တစ်ဦး သေဆုံးခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထား ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တိုက်ခိုက် တာတွေ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ဒီလ ၂၁ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နောက်တစ်ရက်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေခဲ့တာပါ။

ဒီမနက်မှာလည်း သီပေါမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပါတယ်။

“ ဒီနေ့ဖြစ်တယ်ဗျ။ ၈နာရီခွဲကတည်းကဖြစ်နေတာ။ သီပေါမြို့နယ်ပေါ့ နမ့်လန်မြို့နယ်ခွဲပေါ့။ အဲဒီအနောက်ဘက် မှာ ဖြစ်တယ်။ RCSS ဘက်က အပစ်ရပ်တဲ့ statement ထုတ်တာပေါ့လေ။ ဒါပေမယ့် စစ်ရေးလှုပ်ရှားမှုတွေက မရပ်ဘူးဗျ။ မရပ်ဘဲနဲ့ ဒီနေ့ ကျနော်တို့ဘက်ကလူ ဟင်းသွားရှာရင်းနဲ့ အဲဒီမှာ RC က မော်တာနဲ့ လှမ်းပစ်လိုက် တယ်။ အဲဒီမှာ စပြီးတော့ ပြဿနာဖြစ်တာပေါ့။ ၈နာရီခွဲကနေ ၁၁နာရီထိ ဆက်တိုက် ဖြစ်တာပေါ့။”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းဦးကတော့ သီပေါမြို့နယ် မှာ မနေ့က တိုက်ပွဲဖြစ်ပွားတာရှိပြီး ဒီကနေ့ ဖြစ်ပွားတာ မကြားသိရကြောင်း ပြောပါတယ်။

ဒီရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကတော့ SSPP တပ်ဖွဲ့တွေက စတင်တိုက်ခိုက်တာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းဦးက တုံ့ပြန်ပြောဆိုထားပါတယ်။

“ သူတို့က တစ်ချို့နေရာတွေကျတော့ အဝေးကနေပြီး လက်နက်ကြီးနဲ့ပစ်တာတို့ လက်နက်ငယ်တွေနဲ့ လာပြီး တော့ ပစ်တာတို့ အဲလိုတွေ ရှိတယ်။ ကျနော်တို့ လူတွေက နဂိုရှိတဲ့နေရာမှာ နေနေတာကို သူတို့က တက်ပြီး တော့ လာတိုက်တာပါ။ အဲဒီနားက ပြည်သူတွေလည်း သိပါတယ်။ ”

လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကတော့ နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးနဲ့ သီပေါမြို့နယ် ဟိုနားရွာအနီးမှာ ဖြစ်ပွားတာပါ။ နမ္မတူမြို့နယ်မှာတော့ RCSS နဲ့ SSPP၊ TNLA ပူးပေါင်းတပ်နဲ့ ဖြစ်ပွားပြီး သီပေါမြို့နယ်မှာတော့ ရှမ်းတပ်၂ဖွဲ့အကြား ဖြစ်ပွားတာလို့ ဒေသခံတွေက ပြောပါတယ်။

နမ္မတူမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ ဒီကနေ့နဲ့ဆို ၄ရက်မြောက်လောက်ရှိပါပြီဗျ။ ဖြစ်တာက မိုင်းမုကျေးရွာမှာ အဓိက ဖြစ်တယ်ခင်ဗျ။ အခု မန်စံနဲ့ မိုင်းမုကြားထဲမှာ မိုင်းမုရဲ့ ဟိုဘက်အထွက်မှာ ဖြစ်တယ်ခင်ဗျ။ ဟို ဆန်ခါကျေးရွာက ဦးတလိန်း ဆိုသူ တစ်ယောက်တော့ ထိခိုက်တာရှိတယ်။ သူ့ကိုကျ နမ္မတူမြို့ပေါ်မှာ ရင်ခွဲစစ်ဆေးပြီးတော့ သဂြုင်္ိဟ် လိုက်ပီ။ အိမ်တွေက ၂အိမ် ၃အိမ်လောက်တော့ ကျည်သင့်ပါတယ်။ စစ်ဘေးရှောင်တွေကတော့ ၁၀၀ လောက် ရှိပါတယ် ခင်ဗျ။”

စစ်ရှောင်တွေဟာ မိုင်းမုကျေးရွာ၊ လုံမိတ်ကျေးရွာနဲ့ ဆန်ခါကျေးရွာတွေက ဖြစ်ပြီး မန်စံဘက်ကို တိမ်းရှောင် နေကြောင်း ပြောပါတယ်။

သီပေါမြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာတော့ စစ်ရှောင်တွေ ထပ်မံထွက်ပြေးတာမရှိကြောင်းနဲ့ ဒီလ အစောပိုင်းက သီပေါမြို့ကို ရောက်ရှိနေတဲ့ စစ်ရှောင်တွေဟာလည်း နေရပ်ပြန်ပြီဖြစ်တာကြောင့် အခုအခါ နားလယ်စစ်ရှောင်စခန်းမှာ လူ ၁၀၀လောက်သာ ရှိတော့ကြောင်း သီပေါမြို့နယ်စည်းမခြားပရဟိတအသင်းက ကိုမျိုးက ပြောပါတယ်။

လက်ရှိ ပြန်လည်ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် RCSS နဲ့ SSPP အကြားမှာ တွေ့ဆုံဆွေးနွေးရေးဟာ လတ်တလော ဖြစ်နိုင်ချေမရှိဘဲပြန်လည် ညှိနှိုင်းရမယ့် အနေအထားရှိကြောင်း ရှမ်းတပ်ဖွဲ့ ၂ဖွဲ့လုံးရဲ့ ပြောခွင့်ရသူတွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၂၅ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီ သတင်းစာရှင်းလင်းပွဲမှာတော့ တပ်မတော်က အပစ်ရပ်ထားတဲ့ ၃လမြောက်ကာလအတွင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ ပြန်လည် မြင့်တက်လာကြောင်းနဲ့ ဒီကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားတဲ့တိုက်ပွဲ ၁၅ကြိမ်ရှိကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG