သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သေနတ်ထိန်းချုပ်ရေး အလားအလာကောင်း


အမေရိကန် သေနတ်အရောင်းပြပွဲ (ဓာတ်ပုံ-ရိုက်တာ)
အမေရိကန် သေနတ်အရောင်းပြပွဲ (ဓာတ်ပုံ-ရိုက်တာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သောကြာနေ့မှာ နွေရာသီ အပန်းဖြေခရီးအဖြစ် နယူးဂျာစီ ပြည်နယ်က သူ့ရဲ့ ဂေါက်ကလပ် အနားယူစခန်းကို မသွားမီ အမေရိကန်နိုင်ငံအတွင်း သေနတ်ထိန်းချုပ်မှု ဥပဒေသစ်တစ်ရပ် ပြဌာန်းဖို့အရေး အလားအလာတွေ ရှိတယ်ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ပြောဆိုခဲ့သလို မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအွန်းဆီက ပုဂ္ဂိုလ်ရေးဆန်တဲ့စာတစ်စောင်ကိုလက်ခံရရှိကြောင်းနဲ့ သူတို့နှစ်ဦးအကြား နောက်ထပ်ဆွေးနွေးပွဲရှိလိမ့်မယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ ကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

အမေရိကန်နိုင်ငံအတွင်း ဂယက်ရိုက်နေခဲ့တဲ့ ဒီသီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် သေနတ် ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေ သစ် တရပ်ပြဌာန်းဖို့အတွက် အမေရိကန် မြို့ဝန် ၂၁၄ ဦး အပါအဝင် အမေရိကန်ပြည်သူတွေနဲ့ ဒီမိုကရက်တွေက သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ရီပတ်ဘလစ်ကန်ပါတီအပေါ် ဖိအားပေး တောင်းဆိုနေ တာတွေပေါ်ထွက်နေခဲ့ပါတယ်။ အောက်လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ဒီမိုကရက် အမတ်တွေက သူတို့ အတည်ပြု ထားပြီး ဖြစ်တဲ့ဥပဒေမူကြမ်းကို အမြန်ဆုံး ဆွေးနွေး အတည်ပြုဖို့ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးထားတဲ့ အထက် လွှတ်တော်ကို တိုက်တွန်းနေပါတာယ်။

အရင်က ဒီ ဥပဒေကို ဗီတိုသုံးပြီး ပယ်ချမယ်လို့ ပြေားထားခဲ့တဲ့ သမ္မတ ထရမ့်က ဒီ တစ်ခါတော့ လေသံပြောင်းလာဟန် ရှိပြီး သေနတ် ထိန်းချုပ်ရေး ဥပဒေသစ်တစ်ရပ် ပြဌာန်းဖို့ အလားအလာတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ နောက်ကြောင်း ရာဇဝင် စစ်ဆေးနိုင်မယ့် ပညာသားပါတဲ့ ဥပဒေတစ်ရပ် ရှိဖို့ လိုပါတယ်။ သိပ် ရှင်းပါတယ်။ NRA ဖြစ်ဖြစ်၊ ရီပတ်ဘလစ်ကန်ဖြစ်ဖြစ်၊ ဒီမိုကရက်ဖြစ်ဖြစ် ကျွန်တော် ပြောချင်တာက မနေ့က ကျွန်တော် အထက်လွှတ်တော် လူများစု ခေါင်းဆောင် ရီပတ်ဘလစ်ကန် အမတ် Mitch McConnell နဲ့ စကားပြောခဲ့ပြီးပါပြီ။ သူကလည်း ကျွန်တော်နဲ့ သဘောထားချင်း တူပါတယ်။ NRA ရော သေနတ်ကိုင်ဆောင်မှုအပေါ် အစွဲကြီးကြီးနဲ့ ထောက်ခံတဲ့ အမတ်တွေရော ကျွန်တော်ရော သဘောတူတာက သေနတ်တွေ စိတ်မကျန်းမာတဲ့လူတွေလက်ထဲ ရောက်မသွားဖို့ကိုပါပဲ။ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာကြီးပါ။ သေနတ်က ခလုတ်ကို သူ့ဘာသာသူ မဆွဲပါဘူး၊ စိတ် မကျန်းမာသူတွေကသာ သေနတ် ခလုတ်ကို ဆွဲပစ်တာပါ။”

NRA လို့အတိုကောက် ခေါ်တဲ့ National Rifles Association ခေါ် အမျိုးသား ရိုင်ဖယ် အစည်းအရုံးဟာ အမေရိကန် နိုင်ငံရေး လောကမှာ အလွန် သြဇာ အာဏာ ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် အများစု အပါအဝင် လွှတ်တော် အမတ် တော်တော်များများကို ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ ငွေကြေး အမြောက်အမြား ထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ သမ္မတ ထရမ့်နဲ့အတူ NRA ငွေကြေး အထောက်အပံ့ ရယူထားတဲ့ ရီပတ်ပလစ်ကန်ပါတီ အမတ်တွေဟာ NRA နဲ့ ကြိုတင် သဘောတူညီပြီး ဥပဒေမူကြမ်းကိစ္စ ဆောင်ရွက်ရဖွယ် ရှိပါတယ်။

သမ္မတ ထရမ့်က ဒီ တချိန်မှာ NRA အနေနဲ့ သေနတ် ထိန်းချုပ်ရေး ဥပဒေအပေါ် NRA ရဲ့ သဘောထား ပျော့ပြောင်းလာဖွယ် ရှိတယ်လို့ ပြောပါတယ်။ အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ကတော့ အထက်လွှတ်တော် အချိန်မတိုင်ခင် ခေါ်ယူဖို့ကို သဘောမတူ ပေမယ့် လွှတ်တော် အစည်းအဝေးတွေ ပြန်စရင်တော့ တစ်ခုခုတော့ လုပ်ရမယ်လို့ ပြောပါတယ်။ နောက်ကြောင်း ရာဇဝင် စစ်ဆေးမှုကို ပိုမို ကြပ်မတ်ဖို့နဲ့ Red Flag အလံနီလို့ ခေါ်တဲ့ ပတ်ဝန်းကျင်ကို ခြိမ်းခြောက် အန္တရာယ်ဖြစ်နိုင်မယ့် လူ ပုဂ္ဂိုလ်တစ်ဦး ပိုင်ဆိုင်တဲ့ လက်နက်ကို တရားရုံး အမိန့်နဲ့ သိမ်းဆည်းပိုင်ခွင့် ရှိနိုင်တဲ့ ဥပဒေကိုလည်း ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

သေနတ် အကြမ်းဖက်မှု ရပ်ဆိုင်းရေး ညွှန်ပေါင်းအဖွဲ့က Joshua Horwitz ကတော့ စိတ် မကျန်းမာမှု ပြဿနာတစ်ခုတည်းအပေါ် အပြစ် ပုံချ နေတာကို သဘောမတူပါဘူး။

“အမုန်းတရားတွေက ဒီ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ စေ့ဆော်ပေးနေတာပါ။ အမုန်းတရားဟာ စိတ် မနှံတဲ့ပြဿနာ မဟုတ်ပါဘူး။ ပြီးတော့ သေနတ် အကြမ်းဖက်မှုကို ဖြေရှင်းဖို့ တစ်ခုခု လုပ်ချင်တယ်ဆိုရင် သေနတ်နဲ့ဆိုင်တဲ့ ကိစ္စကို ဖြေရှင်းရပါမယ်။”

Reuters/Ipsos စစ်တမ်းကောက်ယူမှုအရ အမေရိကန် ပြည်သူ ၇၈ ရာခိုင်နှန်းဟာ နောက်ထပ် လူအများသေစေနိုင်တဲ့ ပစ်ခတ်မှု လာမယ့် ၃ လအတွင်း ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပြီး ၄၉ ရာခိုင်နှုန်းက နောက်ထပ် ပစ်ခတ်မှု တစ်ခု ထပ်ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ El Paso က Walmart ကုန်တိုက်အတွင်း သေနတ် ပစ်ခတ်မှု ဖြစ်အပြီးမှတြာ့ Walmart ကုမ္ပဏီဟာ သေနတ် အကြမ်းဖက်မှု ဗီဒီယို ဂိမ်းတွေကို ကုန်တိုက်မှာ ဆက်လက် မရောင်းချတာ့ပေမဲ့ သေနတ် ရောင်းချတဲ့ ကုမ္ပဏီရဲ့ မူကိုတော့ ပြောင်းလဲခြင်း မရှိပါဘူး။

သေနတ်အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုတွေဟာ McConnell အပါအဝင် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ ရှိတဲ့ ရီပတ်ပလစ်ကန် ပါတီ အမတ်တွေအတွက် ခက်ခဲတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

အိမ်ဖြူတော် မြက်ခင်းပြင်မှာ သေနတ် အကြမ်းဖက်ကိစ္စ ပြောကြားရင်း သမ္မတ ထရမ့်က မြောက်ကိုရီယားခေါင်းဆောင်ဆီက စာတစ်စောင် ရရှိခဲ့တဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

“ကျနော် သူ့ဆီက သိပ် ကောင်းတဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ စာတစ်စောင် ရပါတယ်။ တာတိုပစ် ဒုံးကျည်တွေ စမ်းသပ်တာနဲ့ပတ်သက်ပြီး သူ့ကိုယ်တိုင်လည်း သိပ် စိတ်မချမ်းသာ ဘူးလို့ ပြောပါတယ်။ တိုက်ချင်းပစ် တာဝေးပစ် ဒုံးကျည်တွေကို မစမ်းသပ်တော့ဘူးလို့လည်း ပြောပါတယ်။ အခုလို တာတိုပစ် ဒုံးကျည် စမ်းသပ်တာဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ စစ်ရေးလေ့ကျင့်တာကို တုန့်ပြန် တာလို့ ပြောပါတယ်။ ကျွန်တော်လည်း ဒီ စစ်ရေးလေ့ကျင့်မှုကို မကြိုက်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ဒါကို လုပ်ရပါမယ်။ ဒါ လုပ်သင့်တဲ့ကိစ္စပါ။”

သမ္မတ ထရမ့်က ကင်ဂျုံအွန်းရဲ့ စာအကြောင်း ဒိထက်ပိုပြီး အသေးစိတ် ပြောကြားသွားခြင်းတော့ မရှိပါဘူး။ သူ့တို့ နှစ်ဦးအကြား နောက်ထပ် ဆွေးနွေးပွဲ ရှိနိုင်မယ်လို့ ထင်တယ်လို့တော့ ပြောခဲ့ပါတယ်။ ဘယ်တော့ ဆွေးနွေးကြမလဲဆိုတာကို အတိအကျ မပြောပေမဲ့ ဒီ စာအရ ထွက်ပေါ်လာမယ့် နောက်ဆက်တွဲ ရလဒ်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ ပြောခဲ့ကြောင်းပါ ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG