သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တဲ့ မြို့တွေကို သမ္မတ Trump သွားရောက်


အမေရိကန် ပြည်ထောင်စု Texas ပြည်နယ် El Paso မြို့နဲ့ Ohio ပြည်နယ် Dayton မြို့တွေမှာ စနေနဲ့ တနင်္ဂနွေနေ့က လူပေါင်း ၃၁ ယောက် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရစေတဲ့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့တာ နဲ့ ပတ်သက်ပြီး သမ္မတ Donald Trump ရဲ့ တုန့်ပြန်ချက်တွေနဲ့ အပေါ် မကျေနပ်မှုတွေ ရှိနေချိန်မှာပဲ ဗုဒ္ဓဟူးနေ့မှာ ဒီမြို့တွေဆီကို သမ္မတ Trump သွားရောက်ပြီး ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ အရေးပေါ် ကယ်ဆယ် အကူညီပေးသူတွေကို တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ဟာ ဗုဒ္ဓဟူးနေ့က Texas ပြည်နယ် El Paso မြို့ကို မသွားခင် Ohio ပြည်နယ် Dayton မြို့ကို အရင်သွားရောက်ခဲ့တာပါ။ အဲဒီမှာ Ohio အုပ်ချုပ်ရေးမှုး Mike DeWine နဲ့ Daton မြို့တော်ဝန် Nan Whaley တို့က ကြိုဆိုခဲ့တာ ဖြစ်ပြီး သမ္မတနဲ့ သမ္မတကတော်တို့ဟာ Dayton က Miami တောင်ကြားဆေးရုံမှာ ဒဏ်ရာရသူတွေကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

Dayton မြို့က ညဘက်လည်ပတ်သူတွေနဲ့ စည်ကားလေ့ရှိတဲ့နေရာမှာ စနေည တနင်္ဂနွေ အစောပိုင်းအချိန်က ဒေသကောလိပ်ကျောင်းသား တဦးဖြစ်တဲ့ Conner Betts က တမိနစ်တောင် မပြည့်ခင်အချိန်လေးမှာ သေနတ်နဲ့ ၄၁ ချက်ပစ်ခတ်ခဲ့တဲ့အတွက် သူ့ညီမ အပါအဝင် ၉ ဦး သေဆုံးခဲ့ရသလို လူပေါင်း ၂၇ ဦးကို ဒဏ်ရာရစေခဲ့တာပါ။

အခုလို လူအစုလိုက် သေဆုံးရတဲ့ ပစ်ခတ်မှုတွေဟာ အမုန်းတရားပေါ် အခြေခံတာ ဖြစ်ကြောင်း ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူဟာ ဘယ်အမုန်းပွါးမှုကိုမှ မလိုလားသလို ဒါတွေအတွက် စိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့ အစောပိုင်း Dayton ကို သွားဖို့ အိမ်ဖြူတော်က ထွက်ခွါချိန်မှာ သမ္မတ Trump ကခုလိုပြောပါတယ်။

“ အမုန်းပွါးတဲ့ ဘယ်လိုအဖွဲ့မျိုး ပေါ်လာတာပဲဖြစ်ဖြစ် ဒါ ကိုကျနော် စိုးရိမ်သလို ကြိုက်လည်း မကြိုက်ပါဘူး။ လူဖြူကြီးစိုးရေး ဝါဒီဖြစ်ဖြစ်၊ ဘယ်ကြီးစိုးရေးဝါဒီ ပဲဖြစ်ဖြစ်၊ antifa ခေါ် ဖက်စစ်ဆန့်ကျင်တဲ့ ဘယ် လက်ဝဲယိမ်းဝါဒီဖြစ်ဖြစ်၊ အမုန်းပွါးတဲ့ ဘယ်အဖွဲ့ဖြစ်ဖြစ်၊ ဒါတွေနဲ့ ပတ်သက်ပြီး ကျနော်သိပ်စိုးရိမ်ပါတယ်။ ဒါကြောင့် တခုခုလုပ်ရမှာပါ။ ”

ဒါပေမယ့် ဘာလုပ်မယ် ဆိုတာကိုတော့ ဖွင့်မပြောခဲ့ပါဘူး။သမ္မတ Trump နဲ့ သမ္မတကတော်တို့ဟာ Dayton က ဆေးရုံမှာ တနာရီလောက် အားပေးစကား ပြောကြားခဲ့တာ ဖြစ်ပြီး ဆေးရုံအဝင်အဝ မှာတော့ ဆန္ဒထုတ်ဖေါ်သူ ရာနဲ့ချီရှိနေတာပါ။ သမ္မတကို ကန့်ကွက်ဆန္ဒပြသူတွေရော ထောက်ခံသူတွေပါ သူ့အုပ်စုနဲ့သူ ဆေးရုံရှေ့ကို လာရောက် နေကြတာဖြစ်ပါတယ်။ သေနတ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့တဲ့ Dayton မြို့ထဲက Oregon ရပ်ကွက်ကိုတော့ သမ္မတက မသွားခဲ့ပါဘူး။ အဲဒီမှာတော့ သမ္မတ Trump သူတို့မြို့ကို ရောက်ကတည်းက စုဝေးဆန္ဒပြနေတဲ့ ၂ ဖက် အဖွဲ့တွေက ကြွေးကြော်သံတွေနဲ့ အော်ဟစ် နေကြတာ ဖြစ်ပါတယ်။

သေနတ်ပစ်ခတ်မှုမှာ အသက်မသေဘဲ လွတ်မြောက်လာသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတက သူတို့ဟာ ဘုရားသခင် စောင့်ရှောက်မှုကို ခံခဲ့ရတာ ဖြစ်ကြောင်းနဲ့ သူတို့လျှောက်လှမ်းရတဲ့ လမ်းတလျှောက်လုံး အထီးကျန်မဟုတ်ဘဲ သူတို့နဲ့အတူရပ်တည်သွားမယ် ဆိုတာ သိစေချင်ကြောင်း ပြောခဲ့တယ်လို့ သမ္မတအိမ်ဖြူ ပြောခွင့်ရ Stephanie Grisham က Ohio ကနေ Texas ကို အသွား လေယာဉ် ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတဟာ Dayton က ဆေးရုံမှာ အရေးပေါ်ကူညီကယ်ဆယ်ရေး သမားတွေနဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပေမယ့် ဒီတွေ့ဆုံမှုကိုရော သူ့ကို ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ သေနတ်ထိန်းချုပ်မှုဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ပါ ဘာမှပြောဆိုတာ မရှိပါဘူး။

Ohio ပြည်နယ် Dayton မြို့မှာ ပစ်ခတ်မှု မဖြစ်ပွါးခင် ၁၃ နာရီလောက်က Texas ပြည်နယ် El Paso မြို့က Walmart ဆိုင်ကြီးထဲမှာ သေနတ်သမားလို့ သံသယရှိတဲ့ Patrick Crusius ရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၂ ဦးသေဆုံးခဲ့ရသလို ၂ ဒါဇင်လောက် ဒဏ်ရာတွေ ရခဲ့တာပါ။

El Paso မြို့ဟာ မက္ကဆီကို နယ်စပ်မှာ ရှိတဲ့ မြို့တမြို့ပါ။ သေနတ်သမားဟာ စပိန်ဘာသာစကားပြောသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ယူဆထားသလို အခု ပစ်ခတ်မှုဟာ အမုန်းတရားနဲ့ ဆက်စပ်နေတဲ့ ပြစ်မှုအဖြစ် သတ်မှတ်ပြီး စုံစမ်းမှုတွေ လုပ်နေတယ်လို့ El Paso ရဲဌာနအကြီးအကဲက ပြောထားတာပါ။

ရွှေ့ပြောင်းလာတွေနဲ့ ပတ်သက်တဲ့ သမ္မတ Trump ရဲ့ သဘောထားကို မနှစ်သက်တဲ့ El Paso ဒေသခံ တချို့နဲ့ ဒေသတွင်း ဒီမိုကရက်ပါတီဝင် တွေကတော့ သမ္မတ အခုလို လာရောက်တာကို မကြိုက်ကြပါဘူး။ သမ္မတ Trump လာရောက်တာကို ဆန္ဒပြကန့်ကွက်သူ တဦးကတော့

“ ဒီကနေ့ ကျမတို့ ဒီကို လာကြတာကတော့ အမုန်းတရားကြီးတဲ့၊ လူမျိုးရေးခွဲခြားမှုရှိတဲ့၊ တယူသန်စွဲ ကြီးတဲ့ Donald Trump ကျမတို့ ဆီကို ဒီကနေ့လာတာကို ကန့်ကွက်ဖို့ ဖြစ်ပါတယ်” လို့ ပြောသွားတာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကပဲ သမ္မတက အမေရိကန်နိုင်ငံအတွက် တရားမဝင် ဝင်ရောက်လာသူတွေ ရှိနေတာဟာ ကြောက်စရာ ကောင်း ကြောင်း ပြောခဲ့တာပါ။

အခုလို ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ဆန့်ကျင်တဲ့ သမ္မတရဲ့ ပြောဆိုမှုတွေကြောင့် ခုလို လူတွေသေကြေရတဲ့ အခြေအနေမျိုးတွေ ဖြစ်ရတာလို့ ဝေဖန်သူတွေက ပြောဆိုနေတဲ့ အပေါ်မှာ သမ္မတက ဘာမှ တုံ့ပြန်တာမရှိသေးပါဘူး။ ဒါပေမယ့် လူမျိုးရေးဝါဒ၊ တယူသန် သဘောထား တွေနဲ့ လူဖြူကြီးစိုးရေး ဝါဒတွေကို တနိုင်ငံလုံးက တညီတညွတ်တည်း ရှုတ်ချရလိမ့်မယ်လို့လည်း သမ္မတက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဒီပစ်ခတ်မှု ၂ ခု ဖြစ်ပွါးခဲ့ပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံတွင်း ဖြစ်ပွါးနေတဲ့ လူအစုလိုက် ပစ်ခတ်သတ်ဖြတ် ခံရမှုတွေအတွက် ချက်ချင်းတုံ့ပြန်ကိုင်တွယ်ရေးကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောခဲ့သလို သေနတ် ဝယ်ယူမှုတွေမှာ နောက်ကြောင်းရာဇဝင် စစ်ဆေးမှုတွေ ပိုတင်းတင်းကျပ်ကျပ် လုပ်သွားမှာ ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

“သေနတ်ဝယ်ယူမှုတွေအတွက် နောက်ကြောင်းရာဇဝင် စစ်ဆေးမှုတွေ တင်းကြပ်ဖို့ လုပ်နေပါတယ်။ ဒီနောက်ကြောင်းရာဇဝင် စစ်ဆေးမှုဟာ သိပ်ကို အရေးကြီးတယ်လို့ ထင်ပါတယ်။ စိတ်အခြေနေ မတည်ငြိမ်းတဲ့လူတွေ ဒါမှမဟုတ် ဒေါသကြီးသူတွေ ဒါမှမဟုတ် အမုန်းတရား ကြီးမားသူတွေ လက်ထဲ သေနတ်တွေ ရောက်မသွားစေချင် ပါဘူး။ သူတို့ဟာ စိတ်မကျန်းမာသူတွေပါ။ သူတို့လက်ထဲ သေနတ်တွေ ရောက်မသွားစေဖို့ နောက်ကြောင်း စစ်ဆေးမှုတွေ လုပ်ရမှာပါ။”

ဒါပေမဲ့လည်း အဓိကကျတဲ့ သေနတ်ထိန်းချုပ်ရေး ဥပဒေ ပြဌာန်းဖို့နဲ့ ပတ်သက်ပြီး သမ္မတက ဘာမှ မပြောတဲ့အတွက် ဒီလို ဖြစ်လာဖို့ လှုံ့ဆော်သူနေတွေ အတွက်ကတော့ စိတ်ပျက်စရာ ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG