သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သေနတ်ပစ်ခတ်မှု ပြဿနာ ဦးစားပေးဖြေရှင်းဖို့ Trump ကတိပြု


El Paso မြို့ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် ဝမ်းနည်းမှု အထိမ်းအမှတ်
El Paso မြို့ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများအတွက် ဝမ်းနည်းမှု အထိမ်းအမှတ်

Texas ပြည်နယ် El Paso မြို့နဲ့ Ohio ပြည်နယ် Dayton မြို့တွေမှာ စနေနေ့က ၁၃ နာရီ သာခြားပြီး ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်မှု တွေကြောင့် လူပေါင်း ၃၁ ယောက်ထက်မနည်း သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့တဲ့နောက် သမ္မတ Donald Trump က အမေရိကန်နိုင်ငံရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဥပဒေတွေကို ပြန်လည် ပြုပြင်ဖို့ တောင်းဆိုလိုက်တဲ့အပြင် အခုလို လူတွေအစုလိုက် ပစ်ခတ်သတ်ဖြတ်မှု အခြေနေကို ချက်ချင်းတုံ့ပြန် ကိုင်တွယ်ဖို့ လုပ်ဆောင်မယ်လို့ ကတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကတော့ ဒီပစ်ခတ်မှုတွေ အတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပြီး အမုန်းတရားပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ညီညီညွတ်ညွတ် တိုက်ဖျက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့််အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စု တောင်ပိုင်း Texas ပြည်နယ်ထဲက နယ်စပ်မြို့ကလေးတမြို့ဖြစ်တဲ့ El Paso မြို့နဲ့ Ohio ပြည်နယ် Dayton မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှု ၂ ခုအတွင်း လူပေါင်း ၃၁ ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့တဲ့အတွက် ဒေသခံတွေဟာ ဝမ်းနည်းမှုနဲ့ အတူ ထိတ်လန့် တုန်လှုပ်နေကြဆဲ ဖြစ်ပါတယ်။

သမ္မတ Donald Trump က အိမ်ဖြူတော်ကနေ ပြောကြားရာမှာတော့ ဒီပစ်ခတ်မှု တွေဟာ ကြောက်မက်ဖွယ် ဆိုးဝါးမှု ဖြစ်ကြောင်းနဲ့ သေဆုံး ဒဏ်ရာရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲ ရပါကြောင်းပြောပါတယ်။ ဒါ့အပြင် ဒီလို လူအစုလိုက်သေစေတဲ့ ပစ်ခတ်မှုတွေ ရပ်စဲသွားနိုင်မယ့် အဖြေရှာဖို့ ပါတီကြီး ၂ ရပ်စလုံး လက်တွဲလုပ်ဆောင်ဖို့လည်း ပန်ကြားလိုက်ပါတယ်။

ဒီလို ပစ်ခတ်မှုတွေ ဖြစ်ပွားစေအောင် လှုံ့ဆော်နေတဲ့ထဲမှာ ဗီဒီယို ဂိမ်းကစားနည်းတွေနဲ့ အင်တာနက်ထဲ က ဆိုးဝါးတဲ့ အပန်းဖြေမှု မျိုးတွေလည်း ပါနေတယ်လို့ အပြစ်တင်ခဲ့သလို နိုင်ငံတွင်း စိတ်ကျန်းမာရေးဆိုင်ရာ ဥပဒေတွေကို ပြန်လည် ပြုပြင်ဖို့ လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။

“အကြမ်းဖက်မှု ကျူးလွန်နိုင်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ စိတ်အနေအထားကို ပိုပြီး ကောင်းကောင်း ခွဲခြားသိရှိနိုင်အောင် ကျနော်တို့ရဲ့ စိတ်ကျန်းမာရေး ဥပဒေတွေကို ပြန်ပြင်ရမှာပါ။ ဒါ့အပြင် ဒီလိုလူတွေကို ကုသမှုခံယူနိုင်ဖို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဆန္ဒ အလျှောက် ခွဲခြား ထိန်းသိမ်းဖို့လည်း လိုအပ်ရင် လုပ်ရမှာပါ။ ပစ်ခတ်မှု လုပ်တာက စိတ်မကျန်းမာမှုနဲ့ အမုန်းတရားက လုပ်တာပါ၊ သေနတ် မဟုတ်ပါဘူး။”

အခုလို အစုလိုက်သတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ အမုန်းတရားကြောင့် ရာဇဝတ်မှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့လည်း သမ္မတက တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားနေတဲ့ လူတွေအစုလိုက် ပစ်ခတ်သတ်ဖြတ်မှု ခံရတဲ့ အခြေအနေတွေကို ချက်ချင်း တုံ့ပြန် ကိုင်တွယ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ လည်း သမ္မတ Trump က ကတိပြု ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ကလည်း ဒီပစ်ခတ်မှုတွေ အတွက် ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး အမုန်းတရားနဲ့ ခွဲခြားဆက်ဆံမှုပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ညီညီညွတ်ညွတ် တိုက်ဖျက်ကြဖို့ တောင်းဆိုလိုက်တယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သြဂုတ်လ ၃ ရက်နေ့က Texas ပြည်နယ် El Paso မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အတွက် အတွင်းရေးမှူးချုပ်က အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ ရှုံ့ချပါတယ်။ နောက် နာရီပိုင်းပဲခြားပြီး Ohio ပြည်နယ် Dayton မြို့မှာ လူအစုလိုက် အသတ်ခံခဲ့ရတဲ့အတွက်လည်း အံ့သြပြီး ထိတ်လန့်တုန်လှုပ် ခဲ့ရပါတယ်။ El Paso တိုက်ခိုက်မှုမှာ သေဆုံး ဒဏ်ရာရခဲ့ကြတဲ့ မက်ဆီကိုနိုင်ငံသား အများအပြားနဲ့အတူ ထိခိုက် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ၊ ချစ်ခင်မြတ်နိုးရသူ အားလုံးအတွက် အတွင်းရေးမှူးချုပ်က ကြေကွဲဝမ်းနည်းရပါကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မက်ဆီကိုနိုင်ငံတွေရဲ့ အစိုးရနဲ့ ပြည်သူတွေနဲ့အတူ တသားထဲ ရပ်တည်သွားမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမုန်းပွားမှု၊ လူမျိုးရေး ဘာသာရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက်ရွ့ံ့မှု တို့လို ခွဲခြားဆက်ဆံမှု ပုံစံအမျိုးမျိုး အပေါ် အခြေခံတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အားလုံးလက်တွဲလုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း အတွင်းရေးမှူးချုပ်က အလေးအနက် ပြောပါတယ်။”

၁၃ နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ၂ ခုအတွင်း လူပေါင်း ၃၁ ဦး သေဆုံးခဲ့ရပြီးတဲ့နောက်မှာ သမ္မတ Donald Trump က လူဖြူကြီးစိုးရေး ဝါဒီတွေကို ရှုတ်ချကြောင်းပြောကြားခဲ့သလို သေနတ် ဝယ်ယူမှုတွေမှာ နောက်ကြောင်းရာဇဝင် စစ်ဆေးမှုတွေ ပိုတင်းတင်းကျပ်ကျပ် လုပ်သွားဖို့ပါ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း အဓိကကျတဲ့ သေနတ်ထိန်းချုပ်ရေး ဥပဒေ ပြဌာန်းဖို့ကိုတော့ သမ္မတက မပြောခဲ့ပါဘူး။

ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ဆန့်ကျင်တဲ့ သမ္မတရဲ့ ပြောဆိုမှုတွေကြောင့် ခုလို လူတွေ သေကြေရတဲ့ အခြေအနေမျိုးတွေ ဖြစ်ရတာလို့ ဝေဖန်သူတွေက ပြောဆိုနေတဲ့ အပေါ်မှာ သမ္မတက ဘာမှ တုံ့ပြန်တာ မရှိသေးပါဘူး။ ဒါပေမယ့် လူမျိုးရေးဝါဒ၊ တယူသန် သဘောထား တွေနဲ့ လူဖြူကြီးစိုးရေး ဝါဒတွေကို တနိုင်ငံလုံးက တညီတညွတ်တည်း ရှုတ်ချရလိမ့်မယ်လို့လည်း သမ္မတက ပြောဆိုခဲ့တာပါ။

အခုလို အစုလိုက်သေဆုံးရတဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လာတဲ့အတွက် သေနတ် ထိန်းချုပ်ရေးလုပ်ဖို့ နိုင်ငံတလွှားမှာ တောင်းဆိုမှုတွေလုပ်လာကြပါတယ်။

Dayton မြို့မှာတနင်္လာနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Dayton မြို့ ကော်မရှင်နာမင်းကြီး Christopher Shaw က နိုင်ငံတွင်း သေနတ်ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေမရှိတဲ့အတွက် စိတ်ပျက်ရကြောင်း ပြောပါတယ်။

"ပြီးခဲ့တဲ့ နာရီတွေအတွင်း သိပ်ကို ကြေကွဲဝမ်းနည်းစရာတွေနဲ့ ကျနော်တို့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ အဲဒါက ဒေါသအဖြစ် ပြောင်းသွားပါပြီ။ ဒေါသဖြစ်ရတာက သေနတ်ထိန်းချုပ်မှု မလုပ်တဲ့အတွက်ပါ။ ဒီလို သေနတ်နဲ့ အကြမ်းဖက်တာမျိုး ခံရတာ ကျနော်တို့ဒေသက ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခုခုခုတော့ လုပ်ရမှာပါ။ ဒီနိုင်ငံနဲ့ ဒီလူမှု အသိုင်းဝိုင်းတွင်း သေနတ်ထိန်းချုပ်ရေး လုပ်ဖို့ ဗဟိုအစိုးရကိုရော လွှတ်တော်ကိုပါ တွန်းအားပေးဖို့ ကျနော်တို့ လုပ်ရတော့မှာပါ။”

မက္ကဆီကိုနယ်စပ်မှာ ရှိတဲ့ El Paso မြို့မှာတော့ ဒဏ်ရာရသူ ၂ ဦး ဆေးရုံမှာ နောက်ထပ် သေဆုံးသွားတဲ့အတွက် စုစုပေါင်း သေဆုံးရသူ ၂၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဒီ ပစ်ခတ်မှုမှာတော့ သေနတ်သမားဟာ စပိန်ဘာသာစကားပြောသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ယူဆထားတာ ဖြစ်ပြီး ဒါဟာ အမုန်းတရားနဲ့ ဆက်စပ်နေတဲ့ ပစ်မှုုဖြစ်ပြီး FBI နဲ့ တခြားပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း El Paso ရဲဌာန အကြီးအကဲက ပြောကြားခဲ့ပါတယ်။

Texas ပြည်နယ် El Paso မြို့နဲ့ Ohio ပြည်နယ် Dayton မြို့မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့ရသူတွေကို လေးစားတဲ့အနေနဲ့ အစိုးရရုံးတွေမှာ နိုင်ငံတော်အလံကို ၅ ရက်ကြာ တဝက်ဘဲ လွှင့်ထူထားကြဖို့ သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG