သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ထိန်းချုပ်ဖို့ ဖလော်ရီဒါ အထက်တန်းကျောင်းသားတွေ ဆန္ဒပြ


ဖလော်ရီဒါပြည်နယ် Parkland မြို့ Marjory Stoneman Douglas အထက်တန်းကျောင်းက ရာနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ သူတို့ပြည်နယ်မြို့တော် Tallahassee မှာ ဗုဒ္ဓဟူးနေ့က စုဝေးပြီး သေနတ်ထိန်းချုပ်ရေး အတွက် ပြင်းထန်တဲ့ ဥပဒေတွေ ပြဌာန်းဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ လူအသေပျောက် များပြားတဲ့ အမေရိကန် စာသင်ကျောင်းပစ်ခတ်မှုတွေအနက် တခုဖြစ်ပွားခဲ့ပြီးနောက် တပတ်အကြာမှာ အခုလို စုဝေးခဲ့ကြတာဖြစ်ပါတယ်။

သေနတ်သမားတဦးက လူပေါင်း ၁၇ ယောက်ကို ပစ်သတ်ခဲ့ပြီးတဲ့နောက် Tallahessee နဲ့ အမေရိကန်ပြည်ထောင်စု နေရာအနှံ့အပြားမှာ ကျောင်းသူကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့တာပါ။

ဆရာ၊ ဆရာမတွေနဲ့ ဖလော်ရီဒါပြည်နယ် အောက်လွှတ်တော်အမတ် Sean Shaw တို့လည်း ကျောင်းသူ ကျောင်းသားတွေနဲ့အတူ စုဝေးခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေဟာ လူအများအပြားကို သေဆုံးစေတဲ့ ပစ်ခတ်မှုမျိုး ဟန့်တားနိုင်အောင် ဒေသတွင်းနဲ့ နိုင်ငံခေါင်းဆောင်တွေကို တွန်းအားပေးဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာ ပြည်နယ်မြို့တော်မှာတော့ အမျိုးသမီးအဖွဲ့တခုက သေနတ်ကို တာဝန်ရှိရှိ ကိုင်ဆောင်စေဖို့ ထောက်ခံပြောဆိုပြီး သေနတ်ကို မပိတ်ပင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဝါရှင်တန်မြို့တော် သမ္မတအိမ်ဖြူတော်ရှေ့မှာလည်း ရာနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေဟာ သေနတ်အကြမ်းဖက်မှုကို အဆုံးသတ်ပါ။ နှုတ်ဆိတ်မနေပါနဲ့ No more silence, end gun violence ဆိုပြီး ကြွေးေကြော်ခဲ့ကြပါတယ်။ ဖလော်ရီဒါ ပြည်နယ် သေနတ်ပစ်မှု ဖြစ်ပွားခဲ့တဲ့ ကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေဟာလည်း မြို့တော် ဝါရှင်တန်ကို ဘတ်စ်ကားတွေစီးပြီး ခုလိုဆန္ဒပြဖို့ ၂ ရက်တာ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG