သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သေနတ်ထိန်းချုပ်ရေး တောင်းဆိုမှုကျယ်ပြန့်


ကန် သေနတ်ထိန်းချုပ်ရေး တောင်းဆိုဆန္ဒပြ
ကန် သေနတ်ထိန်းချုပ်ရေး တောင်းဆိုဆန္ဒပြ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ် ပစ်ခတ်မှု နှစ်ခုကြောင့် လူ ၃၁ ဦး သေဆုံးပြီးနောက်မှာ အမေရိကန်နိုင်ငံတစ်ခွင်က မြို့ဝန် စုစုပေါင်း ၂၁၄ ယောက်ဟာ လက်နက်ထိန်းချုပ်ရေး ဥပဒေသစ် အမြန်ဆုံး ပြဌာန်းပေးဖို့ အမေရိကန် အထက်လွှတ်တော်ထံ စာရေး တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်း အမေရိကန်နိုင်ငံ၊ Texas ပြည်နယ် El Paso မြို့မှာ သေနတ်သမားတစ်ဦးက Walmart ကုန်တိုက် အတွင်း သေနတ်နဲ့ ပစ်ခတ်လို့ လူ ၂၂ ယောက် သေဆုံးခဲ့ရအပြီး နောက်တစ်ရက် တနင်္ဂနွေနေ့မှာပဲ Ohio ပြည်နယ် Dayton မြို့မှာ နောက်ထပ် သေနတ်သမားတစ်ဦးက လူစည်နေတဲ့ ဘားဆိုင်တစ်ဆိုင် အပြင်ဘက်မှာ ပစ်ခတ်ခဲ့တာကြောင့် လူ ၉ ဦးထက်မနည်း သေဆုံး ခဲ့ရပါတယ်။

ဒီ သေနတ်ပစ်မှု ၂ ခုအပြီး ဝေဖန်သူတွေက အမေရိကန်နိုင်ငံအတွင်း လက်နက်ကိုင်ဆောင်မှု ဥပဒေအရ လျော့ရဲတာကို အပြစ်တင်သလို သေနတ်ပစ်မှု တစ်ခုဟာ လူမျိုးရေး မုန်းတီးမှုက လှုံ့ဆော်လို့ ဖြစ်ပွားခဲ့တာကြောင့် လူမျိုးရေး ခွဲခြားတဲ့ စကားတွေ ပြောလေ့ ရှိတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ပြစ်တင် ဝေဖန်ကြခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ လူမျိုးရေး မုန်းတီးမှုတွေကို အမေရိကန်တစ်နိုင်ငံလုံးက ပြစ်တင်ရှုတ်ချရမယ်လို့ ပြောပါတယ်။

“El Paso က သေနတ်သမားဟာ လူမျိုးရေး အမုန်းတရားတွေ လောင်မြိုက်နေတဲ့ ကြေညာ စာတမ်းတစ်ခုကို အွန်လိုင်းမှာ တင်ထားပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံး တစ်သံတည်းထွက်ပြီး ပြစ်တင်ရမှာက လူမျိးရေး ခွဲခြားမှု၊ တစ်ယူသန်စွဲဝါဒနဲ့ လူဖြူကြီးစိုးရေး အတွေးအခေါ်ကို ပါပဲ။ လူမျိုး မုန်းတီးရေး မူဝါဒအတွက် အမေရိကားမှာ နေရာ မရှိပါဘူး။”

၂၀၂၀ ခုနှစ်မှာ သမ္မတ လောင်းအဖြစ် ဒီမိုကရက်တစ်ပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်မယ် အမေရိကန် ဒုတိယ သမ္မတဟောင်း Joe Biden ကတော့ သေနတ်သမားအပေါ်မှာ သမ္မတ ထရမ့် အရင်က ပြောခဲ့တဲ့ လူမျိုးခွဲခြားရေး စကားတွေရဲ့ သြဇာ လွှမ်းမိုးမှုတွေ ရှိခဲ့တယ်ဆလို့ ဆိုပါတယ်။

“စကားအရ ရှင်းရှင်းပြောတာပဲဖြစ်ဖြစ်၊ ဖုံးကွယ်ပြီး ပြောတာပဲဖြစ်ဖြစ် သမ္မတဟာ လူဖြူ ကြီးစိုးရေးဝါဒကို မီးမွှေးပေးနေပါတယ်။ လူဖြူ ကြီးစိုးရေးဝါဒကို အပြစ်တင်တဲ့ စာကြောင်းတွေကို မျက်နှာသေနဲ့အသက်မပါဘဲ ဖတ်ပြီး ပြောတာကို ကျွန်တော် မယုံပါဘူး။ နိုင်ငံတွင်း မှာရော နိုင်ငံပြင်ပကိုပါ ဒီလို လှည့်စားလို့ မရပါဘူး။”

သမ္မတ ထရမ့်ကတော့ အပြစ်တင် ပြောဆိုနေသူတွေကိုဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားတာဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဒုတိယ သေနတ်ပစ်မှု ဖြစ်ပွားခဲ့တဲ့ Ohio ပြည်နယ်က အထက်လွှတ်တော် အမတ် Sherrod Brown နဲ့ Dayton မြို့ဝန်တို့ကတော့ အမေရိကန်အထက်လွှတ်တော် အမြန်ဆုံး ကျင်းပပေးဖို့နဲ့ အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြုထား ပြီး ဖြစ်တဲ့ သေနတ် ကိုင်ဆောင်မှု ထိန်းချုပ်ရေး ဥပဒေ အသစ်ကို အထက်လွှတ်တော်က အတည်ပြုပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။

သူတို့နဲ့အတူ ပူပေါင်းပြီး ကြာသပတေးနေ့မှာတော့ အမေရိကန် တစ်ခွင်က မြို့ဝန်ပေါင်း ၂၁၄ ယောက်က အထက်လွှတ်တော် လူများစု ခေါင်းဆောင် ရီပတ်ဘလစ် ကင်အမတ် Mitch McConnell နဲ့ လူနည်းစု ခေါင်းဆောင် ဒီမိုကရက်တစ်အမတ် Chuck Schumer တို့ထံ စာရေးသား ပေးပို့ပြီး အဲဒီ ဥပဒေကို အမြန်ဆုံး အတည်ပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့ရဲ့ တင်ပြတဲ့ အကြောင်းပြချက် တစ်ခုကတော့ ၂၀၁၉ ခုနှစ်အတွင်း လူအများ သေဆုံးစေတဲ့ သေနတ်ပစ်ခတ်မှု စုစုပေါင်း ၂၅၀ ကြိမ်မြောက် ဖြစ်ပွားခဲ့ပြီလို့ဆိုတာပါပဲ။

မတူကွဲပြားတာတွေကို လက်ခံနိုင်ရေးအတွက် လေ့လာနေတဲ့ လော့စ်အိန်ဂျလိစ်မြို့က အဖွဲ့တစ်ဖွဲ့ကတော့ အင်တာနက်မှာ အမုန်းတရား တွေ ရေးသားနေတာကို ရပ်ဆိုင်းဖို့အရေးဟာ လူမျိုးရေး မုန်းတီးမှုတွေ အဆုံးသတ်ဖို့အတွက် အဖြေတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ Simon Wiesenthal Center လို့ခေါ်တဲ့ ဂျူးလူ့အခွင့်ရေးအဖွဲ့က လေ့လာတွေ့ရှိချက်တွေအရ လူမျိုးရေး မုန်းတီးမှုကို အခြေခံတဲ့ ကွန်ပြူတာ ဂိမ်းတွေအနက် နယ်ခြား ဖြတ်ကျော်ဝင်ရောက်လာသူတွေကို သေနတ်နဲ့ ပစ်ခတ်တဲ့ ကစားနည်း၊ ဂျူး သင်္ချိုင်းတွေကို ပစ်ခတ် ဖျက်ဆီးတဲ့ ကစားနည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကစားသူတစ်ချို့က ဂျူးဘာသာဝင်တွေ၊ ရွှေ့ပြောင်း ဝင်ရောက်သူတွေ၊ အာဖရိကန် အမေရိကန် လူမည်းတွေနဲ့ မွတ်ဆလင် ဘာသာဝင်တွေကို တိုက်ခိုက်တာကို လက်ခုပ် သြဘာပေးတာတောင် ရှိတယ်လို့ ဆိုပါတယ်။

Simon Wiesenthal Center က ဂျူး ဘုန်းတော်ကြီး Rabbi Abraham Cooper က သမ္မတ ထရမ့်က လူဖြူ ကြီးစိုးရေးဝါဒကို ပြစ်တင် ရှုတ်ချတာကို ကြိုဆိုခဲ့ပြီး ရီပတ်ဘလင်ကန်ရော ဒီမိုကရက်တွေပါ ဒီကိစ္စအတွက် တိတိကျကျ ပြတ်ပြတ်သာသား ပြောကြားရမှာဖြစ်ကြောင်း၊ အမုန်းတရားတွေ လျော့ပါးဖို့ လူမှုမီဒီယာ ကုမ္ပဏီတွေဘက်က အရေးယူ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းး ပြောကြားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG