သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့ မန္တလေးက စစ်ဆေးပြီး စက်ရုံတချို့ ပြန်လည်ပတ်နေပြီ


ရန်ကုန်မြို့က အထည်ချုပ် စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားများ (နိုဝင်ဘာ ၀၁၊ ၂၀၁၈)
ရန်ကုန်မြို့က အထည်ချုပ် စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားများ (နိုဝင်ဘာ ၀၁၊ ၂၀၁၈)

(Zawgyi/Unicode)

ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တချို့ လုပ်ငန်းစတင်လည်ပတ်နေပါပြီ။ COVID-19 ရောဂါကာကွယ်ရေးကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း ပြင်ဆင်ပြီး ပြန်ဖွင့်ခွင့်ရတဲ့ စက်ရုံတွေအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

စက်ရုံပေါင်း ၈,၀၀၀ ကျော်ရှိတဲ့ မန္တလေးတိုင်းက စက်ရုံ ၃၀၀ လောက် ပြန်ဖွင့်ခွင့်ရပြီး လုပ်ငန်းလည်ပတ်နေပါပြီ။ ဒါကတော့ ကျန်းမာရေးဝန်ကြီးဌာန ဦးစားပေး စစ်ဆေးတဲ့အထဲက စက်ရုံတွေဖြစ်ပါတယ်။ မန္တလေးတိုင်း လူဝင်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က မန္တလေးအခြေအနေကို အခုလိုပြောပြပါတယ်။

“စားသောက်ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေတော့ ကျနော်တို့ ဖွင့်ပါတယ်ခင်ဗျ။ ဆေးဝါးစက်ရုံတွေပေါ့နော် အဲဒါတွေက စစ်နေရင်းနဲ့ ဖွင့်ပါတယ်။ ကျနော်တို့ ဒီနေ့အထိတော့ ( ရုံပေါင်း) ၂၈၀ လောက်ရှိသွားပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနကတော့ အဓိကပေါ့လေ။ သူတို့သတ်မှတ်ထားတဲ့ အဆင့်တွေအတိုင်း ရောက်ပြီဆိုရင် ကျနော်တို့က ဖွင့်ပေးမှာပါ။ ၈,၁၃၁ ရုံပေါ့ ကျနော်တို့ (မန္တလေး) ကတော့။”

မန္တလေးတိုင်းက စက်ရုံတွေကို စစ်ဆေးဖို့ သက်ဆိုင်တဲ့ မြို့နယ်အလိုက် တိုင်းအစိုးရက ဖွဲ့စည်းပေးပြီး စစ်ဆေးနေတယ်လို့ ဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာ စစ်ဆေးဖို့ ရှိတဲ့ စက်ရုံစုစုပေါင်းက ၆,၆၃၂ ရုံဖြစ်ပြီး ဧပြီလ ၂၀ ကနေ ၃၀၊ ၁၀ ရက်အတွင်း စက်ရုံပေါင်း ၂,၆၀၀ လောက်စစ်ဆေးပြီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ၂,၆၀၀ ထဲက စက်ရုံပြန်လည်ပတ်ဖို့ သင့်တော်ပြီး A အဆင့်သတ်မှတ်ထားတဲ့ စက်ရုံက ၅၄၀ ရှိတယ်လို့ ရန်ကုန်တိုင်းအစိုးရက ပြောပါတယ်။ အစိုးရလမ်းညွှန်ထားတဲ့ စက်ရုံတွင်း တယောက်နဲ့တယောက် ၆ ပေ အကွာသတ်မှတ်ချက်ကိုလည်း စက်ရုံတွေအခြေအနေအရ အဆင်ပြေအောင် စီစဉ်ပေးရကြောင်း ရန်ကုန်တိုင်း လူဝင်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

“တချို့စက်ရုံတွေမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် နေရာထိုင်ခင်း အခက်အခဲလည်း ရှိနိုင်တယ်။ အဲဒီလို အခြေအနေမျိုးဆိုရင် မျက်နှာချင်းဆိုင် မဟုတ်တဲ့ဟာမျိုး ဖြစ်ရမယ်၊ နောက်ကျောပေးရမယ်။ နောက်ပြီး partition ကာတာမျိုးတွေနဲ့ ဆောင်ရွက်ရမယ်။ ဒါပေမဲ့ အဲဒါသည်ပင် ပူးပူးကပ်ကပ်၊ နီးကပ်တဲ့ဟာမျိုးတော့ မဖြစ်ရဘူးပေါ့။ လုပ်ငန်းရှင်ရော၊ အလုပ်သမားတွေရော အားလုံးအတွက် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်သော်လည်း ဒါကိုတော့ အလေးထား လိုက်နာပြီး ဆောင်ရွက်ပေးကြဖို့ ကျမတို့ ထိန်းကြောင်း ပြောကြားပေးပါတယ်။”

စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင်ထားတာ ရှိ၊ မရှိ ဧပြီလကုန်ထိ စစ်ဆေးသွားမယ်ဆိုပေမဲ့ အများစုကျန်သေးလို့ အခု မေလ ၁၅ ရက်အထိ အစိုးရက သက်တမ်း ထပ်တိုးထားပါတယ်။ စက်မှုမြို့တော် လှိုင်သာယာရဲ့အခြေအနေကို တိုင်းလွှတ်ကိုယ်စားလှယ် ဦးဝင်းမောင်က အခုလိုပြောပါတယ်။

“လှိုင်သာယာမှာ စက်ရုံပေါင်း ၂,၀၀၀ နီးပါးလောက်ရှိတယ်။ အခုမှ ၅၀၀ ကျော်ဆိုတော့ အများကြီးလိုသေးတယ်။ သို့သော်လည်း စစ်ဆေးဖို့အတွက်ကို လာရောက်တင်ပြတဲ့စက်ရုံတွေလည်းရှိသလို၊ မတင်ပြတဲ့စက်ရုံတွေလည်း အများကြီးရှိတယ်။ စက်ရုံကိုယ်တိုင်က ကျနော်တို့ကို စစ်ဆေးပေးပါ ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီဆိုရင် ဒီဘက်က စစ်ဆေးမှုက အမြန်ဆုံးလုပ်ပေးတာပေါ့၊ စစ်ဆေးရေးအဖွဲ့က။”

စက်ရုံတွေပိတ်ထားတဲ့ကာလ အလုပ်သမားတွေ အဆင်ပြေအောင် လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်း အစိုးရက ပေးနေပါတယ်။ အစိုးရရဲ့ လူမှုဖူလုံရေး စီမံကိန်းအတွက် အကျုံးဝင်တဲ့ အာမခံလုပ်သားအင်အား ၁.၄၆ သန်း ရှိတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအင်အားက နိုင်ငံတိုးတက်ဖို့ အဓိကကျပြီး ဟန်ချက်ညီ ပူးပေါင်းကြဖို့ ဒီနေ့ မေလ ၁ ရက် (၁၃၀) ကြိမ်မြောက် အလုပ်သမားနေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ထားတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG