သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဟောဆရာ ဒေးဗစ်လား စတင် တရားရင်ဆိုင်ရပြီ


ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခံခဲ့ရတဲ့ တရားဟောဆရာ ဒေးဗစ်လား (မေ ၂၀၊ ၂၀၂၀)
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခံခဲ့ရတဲ့ တရားဟောဆရာ ဒေးဗစ်လား (မေ ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကပ်ဘေးကြောင့် လူစုလူဝေးလုပ်တာတားမြစ်ထားချိန် ဘာသာရေးအခမ်းအနား တစ်ခုလုပ်လို့ အမှုဖွင့်ခံထားရတဲ့ တရားဟောဆရာ ဒေးဗစ်လားကို ဒီနေ့မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာ ပြောပြပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ဆက်ပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေး မလုပ်ဖို့ တားဖြစ်ထားချက်ကို ဖောက်ဖျက်ခဲ့လို့ အမှုဖွင့်ခံထားရတဲ့ တရားဟောဆရာ ဒေးဗစ်လားကို ဒီကနေ့မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာပါ။ တရားရုံးကနေ ချုပ်ရက် ရမန် ၂ ပတ် ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ အရာရှိ တဦးက ဗွီအိုအေကိုပြောပါတယ်။တရားဟောဆရာနဲ့ အတူ တရားစွဲခံထားရတဲ့ ဦးဝေထွန်း(နဝရတ်တေး သံသွင်း) ကတော့ ကျန်းမာရေး မကောင်းသေးတာမို့ ဆေးရုံက မဆင်းရသေးဘဲ တကယ်လို့ ဆေးရုံက ဆင်းလာရင် အခုလိုပဲ အရေးယူသွားမှာလို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်က တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ၄ ဦးကို COVID ကာလအတွင်း နိုင်ငံတော်က ချမှတ်ထားတဲ့ လူစုလူဝေး မပြုလုပ်ရဆိုတဲ့ အမိန့်ကို ချိုးဖောက်ခါ ဘာသာရေးပွဲတစ်ခုကိုကျင်းပပြုလုပ်ခဲ့လို့ မရမ်းကုန်းမြို့နယ် (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားဟောဆရာဒေးဗစ်လား နဲ့ ဦးဝေထွန်း(နဝရတ်တေးသံသွင်း) တို့ကို တိုင်းအစိုးရ ကိုယ်စား တရားစွဲခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှာ ကိုဗစ် ရောဂါကူးစက်ခံရသူ အယောက် ၂၀၀ နီးပါးရှိနေပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ မြန်မာပြည်ဖွား ကနေဒါနိုင်ငံသား ခံယူထားသူ တရားဟောဆရာ ဒေးဗစ်လားရဲ့ ဒီတရားပွဲကျင်းပရာကနေ ကူးစက်ခံရတဲ့ အုပ်စုလိုက်ကူးစက်မှု ဖြစ်ပါတယ်။

ဒီလို အုပ်စုလိုက်ကူးစက်ခံရတာနဲ့ ပတ်သတ်လို့ တရားဟောဆရာနဲ့ ပတ်သတ်ပြီး မြန်မာလူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ အတော်လေး ရှိခဲ့တာပါ။ သူဟာ ဒုသမ္မတ ဇနီးအပါအဝင် နေပြည်တော်က ခရစ်ယာန်ဘာသာဝင် အစိုးရအရာရှိကြီးတွေနဲ့လည်း ရင်းနှီးသူဖြစ်တာမို့ သူ့ကို တကယ်ပဲ အရေးယူပါ့မလားဆိုတာလည်း မေးခွန်းတွေဖြစ်ခဲ့ပါတယ်။

ခရစ်ယာန် ဆရာတော်တပါးလည်းဖြစ် ကျမ်းစာပြုစုသူ တဦးဖြစ်တဲ့ လူငယ်သင်းအုပ် ဆရာမန်ပီးကတော့ အခုလို တရားစွဲခံရမှုနဲ့ ပတ်သတ်လို့ တရားရေးရဲ့ ဆုံးဖြတ်မှုကို အလေးထား သွားမှာဖြစ်ပေမယ့် လတ်တလော ဒီအရေးယူမှုကနေ ဘာသာရေးဆိုင်ရာထိပါးမှုတွေ မဖြစ်လာဖို့ သူကမျှော်လင့်နေပါတယ်။

"ကျနော်အနေနဲ့ မြန်မာတရားစီရင်ရေးက ဘယ်လိုပဲ ရှိရှိ။ တချို့က အမှုမပေါ်တာဖြစ်တာလည်းရှိတယ်။ ဒီလို ဖြစ်တာကတော့ ဘုရားသခင်အလိုတော်အတိုင်းပါပဲ။ ရိုးသားစွာမြင်တာကတော့ ဒါကနိုင်ငံရေးနွယ်မယ် ထင်တယ်။ ဘယ်သူမဆိုရောဂါဖြစ်ချင်လို့တော့ ဘုရားရှိခိုးပွဲ လုပ်တာမဟုတ်ဘူး။ နောက်လူ ၂၀ ပဲဆိုတာက ဒါက ပွဲမဟုတ်ဘူး။ ဘာသာရေးဆိုင်ရာ မိသားစုဆုတောင်းပွဲ သတ်သတ်ပဲ ဖြစ်တယ်။ ဥပဒေချိုးဖောက်တာ၊ မဖောက်တာကတော့ တရားရုံးက ဆက်ဖြေတာပဲ ကောင်းပါလိမ့်မယ်။"

လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့မှ ဦးသက်ဆွေဝင်းကတော့ ကိုဗစ် ရောဂါနဲ့ ပတ်သတ်ပြီး အရေးယူတာမှာ ကျောသားရင်သား ခွဲခြားအရေးယူတာမျိုး မဖြစ်စေရအောင် ဥပဒေဘက်က တိတိကျကျ ပွင့်ပွင့်လင်းလင်းဖော်ပြနိုင်ဖို့ က တရားရေးရဲ့ဆင်ခြင်တုံတရားကနေ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်သလို လက်ရှိ အခြေအနေမှာ အာဏာရပါတီအနေနဲ့ သိမ့်မွေ့စွာ ကိုင်တွယ်တတ်ဖို့ ထောက်ပြသွားပါတယ်။

"အစိုးရပြဿနာက မကိုင်ဘူးဆိုရင် ဒီလိုဟာတွေကိုပါမကိုင်နဲ့။ အရှေ့မှာ ကေစ် ၂ခုကိုထောင်ချထားတယ်။ ဒီကိစ္စကို မကိုင်ရင်လည်း ပြဿနာရှိတယ်။ ဘယ်လိုကိုင်ရမလဲ ဆိုတာ ကွန်ထရိုဗာရှယ် တခုဖြစ်သွားတယ်။ တရားဥပဒေကို မှတ်ကျောက်တင်ရမယ့် case ဖြစ်သွားမယ်။ ဒေးဗစ်လားကိုက ခရစ်ယာန် အများစုက လက်မခံဘူး၊ ပြဿနာဘာတွေ့လဲ ဆို ဒီကြားထဲ ဗုဒဘာသာနဲ့ ခရစ်ယာန်ကြား ပြဿနာဖြစ်လာတယ်။ ဒေးဗစ်လားကိုဘဲ ဦးတည်ပြောတာ မဟုတ်တော့ဘဲ ဘာသာရေးကို ပါလာတယ်။ ဘာသာရေးပဋိပကဖြစ်ဖို့ အလားအလာများလာတယ်။ ဘာသာရေးအဖွဲ့ အကြီးအကဲတွေက ဝင်ထိန်းဖို့ လိုမယ်ထင်တယ်။"

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခံခဲ့ရတဲ့ တရားဟောဆရာ ဒေးဗစ်လား (မေ ၂၀၊ ၂၀၂၀)
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခံခဲ့ရတဲ့ တရားဟောဆရာ ဒေးဗစ်လား (မေ ၂၀၊ ၂၀၂၀)

ကိုဗစ် ရောဂါကူးစက်ခံနေရတဲ့ ပြီးခဲ့တဲ့ ဧပြီလနဲ့ မတ်လ အတွင်းမှာ ထားဝယ်ခရိုင် ရေဖြူမြို့နယ် မှာ ဘုန်းကြီးပျံပွဲလုပ်ခဲ့သူ တွေနဲ့ နေအိမ်အတွင်း လူစုလူဝေးနဲ့ ဘာသာရေးဝတ်ပြုဆုတောင်းခဲ့တဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အစ္စလမ်ဘာသာဝင်တို့ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပေဒ ပုဒ်မ ၃၀ (က)နဲ့ အရေးယူကာ တရားရုံးက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ဖူးပါတယ်။

တည်ဆဲ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ အရ ဘယ်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲနဲ့ ပေါ့ဆစွာ ဆောင်ရွက်တာ၊ ဘေးအန္တရာယ် တခုခု ကျနိုင်တာကို သိလို့ ဖြစ်စေ တမင်လုပ်လို့ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့ရတာ ဒါမှမဟုတ်ဖြစ်ဖို့ အထောက်အပံ့ပေးတာဖြစ်ခဲ့တယ်ဆို ဒီလိုလုပ်ဆောင် သူကိုထောင်ဒဏ် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ နောက်ပြီး ထောင်ဒဏ်နဲ့အတူ ငွေဒဏ်ကိုလည်း ပေးနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]




ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခံခဲ့ရတဲ့ တရားဟောဆရာ ဒေးဗစ်လား (မေ ၂၀၊ ၂၀၂၀)
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခံခဲ့ရတဲ့ တရားဟောဆရာ ဒေးဗစ်လား (မေ ၂၀၊ ၂၀၂၀)










XS
SM
MD
LG