သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကူးစက်လူနာရှိ ရန်ကုန်တိုင်း ၅ မြို့နယ်မှာ ကျန်းမာရေး ကွင်းဆင်းစစ်ဆေး


ရန်ကုန်မြို့မှာ အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ (မေ ၁၇၊ ၂၀၂၀)
ရန်ကုန်မြို့မှာ အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ (မေ ၁၇၊ ၂၀၂၀)

(Zawgyi/Unicode)

ရန်ကုန်တိုင်းအတွင်းက ကိုဗစ်ရောဂါရှိလူနာတွေနဲ့ အနီးကပ်ထိတွေ့မှုရှိခဲ့သူတွေကို ကွင်းဆင်းရှာဖွေတာ မြို့နယ် ငါး မြို့နယ်မှာ ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အကြောင်းကို တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးပါမယ်။

ကိုဗစ်ရောဂါရှိသူတွေနဲ့ အနီးကပ်ထိတွေ့မှုရှိ၊ မရှိ ကွင်းဆင်းရှာဖွေတဲ့လုပ်ငန်းကို တိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနတို ပူးပေါင်းပြီး လူထုကြားမှာ ဆောင်ရွက်နေတာ အင်းစိန်၊ လှိုင်သာယာ၊ တာမွေနဲ့ ဗဟန်းအပါအဝင် တောင်ဥက္ကလာပမြို့နယ်တို့မှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၉ ဦးအထိရှိထားတဲ့ ဗဟန်းမြို့နယ်မှာတော့ မနေ့က မေလ ၁၉ ရက်နေ့တုန်းက Lockdown ချထားတဲ့နေရာအပါအဝင် အဲဒီအနီးအနားမှာ နေထိုင်တဲ့သူတွေကိုပါ ရောဂါရာဇဝင်မေးမြန်းပြီး ကျန်းမာရေးစစ်ဆေးပေးခဲ့တယ်လို့ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က VOA ကိုပြောပါတယ်။

“Lockdown ချတဲ့ ပတ်ဝန်းကျင်နဲ့ လမ်းသူလမ်းသားတွေပေါ့။ သူတို့ကို အလိုအလျောက်အပူတိုင်း စက်တွေနဲ့ တိုင်းတာပြီးတော့ ကျန်းမာရေးက ရောဂါရှာဖွေမှုလုပ်ငန်းတွေ သူတို့လုပ်တာပေါ့။ အခြေအနေက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်။ အကိုတို့ဆီမှာ အလိုအလျောက်အပူတိုင်းကိရိယာ ယာဉ်ပေါ်မှာတပ်ပြီးတော့ သေချာစိစစ်တဲ့အချိန်မှာလည်း ခုနက အပူချိန်နဲ့ ပတ်သက်ပြီးတော့လည်း ပြဿနာမရှိဘူး။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ရောဂါလက္ခဏာရှိတာတွေ မတွေ့ခဲ့ရဘူးပေါ့။”

ဓာတ်ခွဲအတည်ပြုလူနာ ၁၄ ဦးအထိ ရှိထားတဲ့ တောင်ဥက္ကလာပမြို့နယ်မှာလည်း ကျန်းမာရေးစစ်ဆေးပြီး ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိ မရှိ စုံစမ်းတာကို မနေ့တုန်းက ဆောင်ရွက်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က အခုလိုပြောပါတယ်။

“အဖွဲ့ ၁၀ ဖွဲ့ခွဲပြီးတော့ စစ်တာမှာတော့ ဘာမှတော့မတွေ့ဘူး။ တွေ့ရင်လည်း အဆင်သင့်ပို့ဖို့ကို ကျနော်တို့ိ သူနာပြုကားတို့ ဘာတို့ကိုလည်း စီစဉ်ထားတယ်။ မနေ့ကတော့ မတွေ့ရဘူးပေါ့နော်။ NGO တို့ တခြားပရဟိတအဖွဲ့တွေနဲ့ ကျနော်တို့အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးနဲ့ ဦးစီးပြီးတော့ နေ့ရော၊ ညရော ကျနော်တို့ကတော့ သတိမလွတ်ဘဲနဲ့ လုပ်နေတယ်။”

ဗဟန်းနဲ့ တောင်ဥက္ကလာပမြို့နယ်မှာတော့ ကွင်းဆင်းစစ်ဆေးပြီးတဲ့နောက် ကိုဗစ်သံသယနဲ့ ဆေးရုံလွှဲခဲ့ရသူ မရှိသလို၊ အသွားအလာ ကန့်သတ်ခံရမယ့်သူတွေလည်း မရှိခဲ့ပါဘူး။

တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ကိုဗစ်လူနာ အများဆုံးတွေ့ရှိခဲ့တဲ့ အင်းစိန်မြို့နယ်မှာတော့ ပိုးတွေ့လူနာ ၄၃ ဦးအထိရှိထားပြီး ကွင်းဆင်းရှာဖွေတဲ့ လုပ်ငန်းကို အဲဒီမြို့နယ်မှာ ပထမဆုံးစတင်ဆောင်ရွက်ခဲ့တာပါ။ ရောဂါသံသယနဲ့ ဆေးရုံလွှဲခဲ့ရသူ ၃ ဦးအပါအဝင် သတ်မှတ်ထားတဲ့နေရာမှာ အသွားအလာ ကန့်သတ်ခံရမယ့်သူကတော့ ၁၆ ဦးအထိ ရှိခဲ့ပါတယ်။

အဲဒီလိုကွင်းဆင်းရှာဖွေပြီး ကျန်းမာရေးစစ်ဆေးပေးနေတာဟာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်တဲ့နေရာမှာ ထိရောက်မှုရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

စက်ရုံလုပ်သားအများဆုံးနေထိုင်တဲ့ လှိုင်သာယာမြို့နယ်မှာလည်း ဓာတ်ခွဲအတည်ပြုလူနာ ၅ ဦးအထိရှိထားပြီး ကွင်းဆင်းရှာဖွေတဲ့လုပ်ငန်းကို ဆောင်ရွက်ပြီးချိန်မှာတော့ ခရီးသွားရာဇဝင်ရှိထားပြီး ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၆ ဦးကို ဆေးရုံပို့ခဲ့ပြီး ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦးအထိရှိထားတဲ့ တာမွေမြို့နယ်မှာတော့ ကွင်းဆင်းစစ်ဆေးပြီးတဲ့နောက် ဆေးရုံလွှဲခဲ့ရသူ ၄ ဦးနဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ သီးခြားနေထိုင်ရမယ့်သူ ၄ ဦး။ စုစုပေါင်း ၈ ဦးအထိ တွေ့ရှိခဲ့ပါတယ်။

လာမယ့် မေလ ၂၃ ရက်နေ့မှာတော့ ပိုးတွေ့လူနာ ၁၆ ဦးအထိရှိထားတဲ့ မရမ်းကုန်းမြို့နယ်မှာ ကွင်းဆင်းရှာဖွေ ကျန်းမာရေးစစ်ဆေးတဲ့လုပ်ငန်းကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိဆို ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၉၃ ဦးရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၁၀၄ ဦးအထိ ရှိထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG