သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် စီးပွားရေးပေါ်သက်ရောက်မှု ကုစားရေးလုပ်ငန်းအဖွဲ့ ဘာတွေလုပ်မှာလဲ


ရန်ကုန်မြို့ Scott ဈေးမှာ ပိတ်ထားရတဲ့ ဆိုင်တွေအနီး ပိုးသတ်ဆေးဖျန်းနေတဲ့ ဝန်ထမ်း တဦး (မတ် ၃၀၊ ၂၀၂၀)
ရန်ကုန်မြို့ Scott ဈေးမှာ ပိတ်ထားရတဲ့ ဆိုင်တွေအနီး ပိုးသတ်ဆေးဖျန်းနေတဲ့ ဝန်ထမ်း တဦး (မတ် ၃၀၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကမ္ဘာ့ကပ်ဘေးကြောင့် ထိခိုက်နစ်နာမှုရှိတဲ့ လုပ်ငန်းတွေကို မြန်မာအစိုးရက အကူအညီပေးနေရာမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်တွေ ပိုပြီး ထိထိရောက်ရောက်အကူအညီ ရရှိအောင်လို့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်နစ်နာတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင် အစိုးရက ကူညီထောက်ပံ့တာတွေ ရှိပေမဲ့ လုပ်ငန်းကြီးတွေသာ အများစုရပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်အများစုက ချေးငွေ မရဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီ ချေးငွေထောက်ပံ့တဲ့ အစီအစဉ်ဟာ မြန်မာအစိုးရက COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကြီးရဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် အစိုးရက ကျပ်ငွေ ဘီလီယံ ၁၀၀ ကျော်လျာထားပြီး ဒီထက်လည်း ပိုသုံးစွဲသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ အခုအချိန်ထိ အကူအညီချေးငွေ ချထားပေးရာမှာ မညီမျှမှုတွေ ရှိသလို လုပ်ငန်းငယ်တွေ အများအပြားအတွက်ကတော့ ချေးငွေရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအစီအစဉ်မှာ လုပ်ငန်းငယ်တွေအကူ အညီရဖို့ ဆန်းစစ်ပြင်ဆင်တာတွေလုပ်သွားမယ်လို့ အသစ်ဖွဲ့လိုက်တဲ့ စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီ လုပ်ငန်းအဖွဲ့ခေါင်းဆောင် နေပြည်တော် ဒု မြို့တော်ဝန် ဦးရဲမင်းဦးက VOA ကိုပြောပါတယ်။

"ကျနော်တို့ SME တွေက အရမ်းကို Small business ဖြစ်နေတာပေါ့။ အဲလိုဆိုတော့ လိုအပ်တဲ့ မှတ်ပုံတင်မရှိတာ၊ စာရင်းတွေမရှိတာတွေရှိတယ်။ ကိုဗစ်ဖြစ်တော့ အဲဒီလျှောက်လွှာတွေကို ဖြည့်ဖို့က အတော်လေးလိုအပ်တာက တချို့ ဟာရွက်တွေ ဖြည့်ဖို့ အခက်အခဲကြုံတာပေါ့။ ကျနော်တို့ရှေ့က SME ကော်မတီဘက်က လုပ်ခဲ့တဲ့ အတွေ့ အကြုံကို ပြန်ယူရမယ်။ နောက်တခါ ဘဏ်တွေက SME တွေကို ငွေချေးတာ ရှိတယ်။ အဲကကောင်းတဲ့ အချက်တွေ ကိုယူရမယ်။ တကယ် SME တွေတကယ်ရဖို့ဆို တချို့ဟာတွေပြင်ရမယ်။ နောက်ဒါက ချေးငွေ ပေးတာပေါ့။ ချေးငွေ ဆိုရင် လိုအပ်တဲ့ စာရွက်တင်ပေးရ ပါမယ်။ မတင်နိုင်ရင်ရဖို့ ခက်တာပေါ့။ ကျနော်တို့ဘက်က တတ်နိုင်သရွေ့ဖြေလျှော့မယ်။ SME တွေဘက်ကတော့ ဒီလိုအပ်ချက်တွေကို တင်ပြပေးဖို့တော့လိုပါမယ်။"

ညောင်ရွှေက ဟိုတယ်လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးကတော့ လက်ရှိအချိန်မှာ နယ်မြို့တွေက လုပ်ငန်းရှင်တွေမှာ ချေးငွေ ရယူနိုင်ဖို့ အခက်အခဲတွေ ရှိနေတာနဲ့ ပတ်သတ်လို့ အခက်အခဲတချို့ကို ဖြေလျှော့ပေးဖို့ လိုလားတယ်လို့ ဆိုပါတယ်။

"ကျနော်တို့နယ်တွေမှာ အခက်အခဲက အချိန်လိုတယ်။ လိုအပ်တာကို ချက်ချင်းရဖို့ဆိုတာက ကျနော်တို့မှာ အဆင့်ဆင့်လုပ်ရတယ်။ တိုင်းရုံးယူရတာတို့ မြို့နယ်ယူရတာတို့တွေကြောင့်ခက်ခဲတာတွေရှိနေတာကို ပြောချင်ပါတယ်။ဒီလိုအချိန်မျိုးမှာ လွယ်လွယ်ယူလို့မရသလို တင်ဖို့ကလည်းပို့ပေးဖို့က အရမ်းအခက်ခဲတွေ ရှိနေတယ်။"

အစိုးရရဲ့ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ကို မူဝါဒ ချမှတ်ဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို ဦးဆောင်စေပြီး စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေး ကော်မတီဖွဲ့ထားပါတယ်။ အဲဒီ ကော်မတီရဲ့ လက်တွေ့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ လုပ်ငန်းအဖွဲ့ကို ထပ်ဖွဲ့ထားတာဖြစ်တယ်လို့ အဲဒီလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးရဲမင်းဦးက ပြောပါတယ်။

"Working ကော်မတီကနေ ဘာတွေ လုပ်ချင်လဲ ငွေချေးချင်တယ်။ ဘယ်လိုလုပ်ငန်းတွေ ချေးချင်တယ်။ ဘယ်လောက်ကာလ အတွင်းပြီးအောင်ချေးချင်တယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ဘယ်စီးပွားရေးကို ဖွံ့ဖြိုးစေချင်တယ်။ အဲလိုဟာတွေ ဆုံးဖြတ်တာတွေကို ကျနော်တို့အဖွဲ့က အမြန်ဆုံးနည်းနဲ့ ဘယ်လို အကောင်အထည် ဖော်မလဲ၊ အကျိုးရှိဆုံးဘယ်လိုလုပ်မလဲ လုပ်ပေးရမှာ။ လက်ရှိက ဒီ Working ကော်မတီ လုပ်ချင်တာ လုပ်ပေးရမယ့် သဘောပါ။ တာဝန်ခံမယ့် သူတွေစုပေးတဲ့ သဘောပါ။"

လတ်တလောမှာ အစိုးရဘက်က တတိယ အသုတ်အနေနဲ့ လုပ်ငန်းရှင်တွေကို ချေးငွေတွေ ချပေးခဲ့ပြီးပါပြီ။ ဒီလို ချပေးတာမှာ လိုအပ်သလောက် မရနိုင်တာ လုပ်ငန်းငယ်တွေ မရရှိတာနဲ့ ဟိုတယ်လုပ်ငန်း ပြည်ထောင်စုဝန်ကြီးမိသားစုပိုင် ဟိုတယ်ကို ငွေပမာဏများများနဲ့ ကနဦးချပေးတာတွေအပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အခု စဖွဲ့လိုက်တဲ့ သူတို့လုပ်ငန်းအဖွဲ့အနေနဲ့ကတော့ ကော်မတီက ဆုံးဖြတ်နိုင်ဖို့ မှန်ကန်တဲ့အချက်အလက်တွေကိုစုဆောင်းတင်ပြပေးမယ်လို့ ပြောပါတယ်။

"ကျနော်တို့က အမျိုးအစားပြန်ခွဲရမယ်။ ဘယ်လုပ်ငန်းကတော့ ၆ လအတွင်း ပြန်ထူထောင်နိုင်မယ်။ ဘယ်လုပ်ငန်းကတော့ တနှစ်အတွင်း ပြန်ထူထောင်နိုင်မယ် စသဖြင့် ကျနော်တို့က တင်ပြရမယ်။ ဘယ်သူ့ကို ဦးစားပေးရမလဲဆိုတာ သူတို့ကဆုံးဖြတ်မယ်၊ ကျနော်တို့က မဆုံးဖြတ်ဘူး။ အဖြေအနီးစပ်ဆုံးရဖို့ ကျနော်တို့လုပ်မယ်။ ကျနော်တို့မြန်မြန်တင်ပေးမယ်။ တချို့ကကျနော်တို့မှာ ရီပို့တွေရှိပါတယ်။ တင်ပြပြီး ဒါတွေကိုသက်ဆိုင်ရာဘက်က ချပေးရင် အဲဒါတွေကို ဦးစားပေးလုပ်မယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အခြေခံ တဲ့တိုင်းပြည်ဖြစ်တယ်။ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနဲ့နွယ်တဲ့ လုပ်ငန်းတွေကို ဦးစားမပေးလို့မရဘူး။ သူတို့ကို ထည့် စဉ်းစားရပါမယ်။"

စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီ လုပ်ငန်းအဖွဲ့ကို နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ဦးဆောင်စေပြီး ဆက်စပ်ဝန်ကြီးဌာနအသီးသီးက အကြီးတန်းအရာရှိတွေနဲ့ မေလ ၁၄ ရက်စွဲနဲ့ ဖွဲ့စည်းခဲ့တာပါ။ သူ့တာဝန်ထဲမှာ COVID-19 တုံပြန်မှု ချေးငွေကိစ္စတွေကို သုံးသပ်စီစစ်ပေးဖို့အပြင် COVID-19 စီးပွားရေးအပေါ် သက်ရောက်လာနိုင်ချေတွေကို သုံးသပ်ပြင်ဆင်ဆောင်ရွက်ဖို့ဆိုတာလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG